မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည် ထိုင်း-မြန်မာနယ်စပ် တာ့ခ်ရိုင်အတွင်းရှိ မယ်လဒုက္ခသည်စခန်းအတွင်းသို့ သွားရောက်မည်ဟု သတင်းထွက်ပေါ်နေသော်လည်း ယနေ့အထိ မသေချာသေးကြောင်း ကရင်ဒုက္ခသည်ကော်မတီ KRC က ပြောသည်။

မေလ ၃၀ ရက်မှ ဇွန်လ ၁ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ပြုလုပ်မည့် ကမ္ဘာ့စီးပွားရေးနှီးနှော ဖလှယ်ပွဲ-WEF တွင် ဒေါ်စုက တက် ရောက်သည့်အခါ မယ်လစခန်းသို့ သွားရောက်မည်ဟု သတင်းထွက်ပေါ် နေသော်လည်း ထိုင်းအာဏာပိုင်ဘက်မှ ၎င်းတို့ကို အတည်ပြုပြော ဆိုခြင်း မရှိသေးဟု KRC အတွင်းရေးမှူး စောဂျော့က ကေအိုင်စီသို့ ပြောသည်။
“ဒီမနက်ပဲ ဒုက္ခသည်တွေကို လုံခြံုရေးယူပေးနေတဲ့ ထိုင်းအာဏာပိုင်ကို မေးကြည့်တော့ သူတို့က အတည်မပြုနိုင်ဘူး။ မဲဆောက်ကို လာဖို့ တော့ အတည်ပြုနိုင်တယ်။ ၉၉ရာခိုင်နှုန်းလောက် လာဖို့များတယ်။”ဟု ပြောဆိုသည်။
KRC က ထိုင်းနိုင်ငံ အမျိုးသားလုံခြံုရေးကောင်စီ (National Security Council-NSC)အား ဒေါ်အောင်ဆန်းစု ကြည် မယ်လသို့ သွားမသွားဆို သည်ကို ဆက်သွယ်မေးကြည့်ရာ အတည်မပြုနိုင်သေးကြောင်းနှင့်မည် သည့်အကြောင်းကြောင့် ဖြစ်ကြောင်းကို မသိရသေးဟုသာ ပြန်လည် တုန့်ပြန်ခဲ့သည်ဟု သူက ဆက်ပြောသည်။
မယ်လဒုက္ခသည်စခန်း၏ လုံခြံုရေးမှူး စောအားမူက “(ဒေါ်စု)လာမယ်လို့တော့ သတင်းထွက်နေတာပဲ။ တကယ်လာမယ်ဆိုရင်တော့ KRC က ကျနော်တို့ကို ကြိုတင် အကြောင်းကြားလာရမယ်။ အခုက ဘာမှ အကြောင်းကြားလာတာ မရှိသေးဘူး။ လာမလာ အခြေအနေ စောင့်ကြည့်ရ ဦးမယ်။”ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် လူဦးရေ ၅သောင်းနီးပါး နေထိုင်သည့် ထိုင်း-မြန်မာနယ်စပ် ကရင်ဒုက္ခသည်စခန်း ရခုအနက် အကြီးဆုံးစခန်း ဖြစ်သည့် မယ်လဒုက္ခသည်စခန်းသို့ မေလ ၃၀ရက် သို့မဟုတ် လာမည့် ဇွန်လ ၂ရက်နေ့တွင် သွားရောက်ရန်ရှိကြောင်း ပြီးခဲ့သည့် ရက်ပိုင်းအ တွင်းက သတင်းများ ထွက်ပေါ်ခဲ့သည်။
ကမ္ဘာ့စီးပွားရေးနှီးနှောဖလှယ်ပွဲကို တက်ရောက်မည့် ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၈ခုနှစ်နောက်ပိုင်းမှစ၍ နေအိမ်အကျယ်ချုပ်ဖြင့် အကြိမ်ကြိမ် ဖမ်းဆီးခံခဲ့ရပြီး ၂၀၁၀ခုနှစ်က နောက်ဆုံးနေအိမ်အကျယ်ချုပ်မှ ပြန်လွတ်မြောက်၍ တနှစ်ကျော်အကြာတွင် ယခုလို ပထမဆုံး ပြည်ပခရီးစဉ်ကို စတင် ထွက်ခွာခြင်းဖြစ်သည်။



