ကျွနု်ပ် အနေဖြင့် ကရင်နီ အမျိုးသားများ၏ ကရင်နီစာပေနှင့် ပတ်သက်၍ အပြန်ပြန် အလှန်လှန် တွေးတောနေခဲ့သည်မှာ ရာစုနှစ် အပိုင်းအခြားခန့် ရှိပြီဆိုလျှင် မှားနိုင်မည် မဟုတ်ပါ။ ကရင်နီ အမျိုးသား စာပေနှင့် ပတ်သက်၍ ကျွန်ုပ် သိသမျှ ပြန်လည်ပြောဆိုရမည် ဆိုပါက ကရင်နီအမျိုးသားစာပေအား တီထွင်ဖန်တီးခဲ့သူမှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်သည့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ၏ ပါတီဥက္ကဌနှင့် ၀န်ကြီးချုပ် ရာထူးများကို ထမ်းဆောင်ခဲ့သော ကရင်နီအမျိုးသား စစ်စစ် ဖြစ်သည့် ဆရာကြီး ထဲဘူးဖဲပင် ဖြစ်ပါသည်။
၁၉၇၅ ခုနှစ် မမှတ်မိသော နေ့တနေ့တွင် ကရင်နီ စာပေနှင့် ပတ်သက်ပြီး မည်သို့မည်ပုံ ဖန်တီးပြုလုပ်ခဲ့ ကြောင်းနှင့် ပတ်သက်၍ ကျွန်ုပ် အနေဖြင့် မေးမြန်းကြည့်ရာတွင် ဤကရင်နီစာပေအား မော်လမြိုင် မော်တရိန်းဂျက်ဆင် တက္ကသိုလ်တွင် စတင်၍ ရေးသားခဲ့ကြောင်း (ယခင်က မော်လမြိုင်မြို့တွင် တက္ကသိုလ် ကောလိပ်ကျောင်း မရှိသေးပါ) ဆရာကြီး ထဲဘူးဖဲ သင်ကြားရာ မော်တရိန်းဂျက်ဆင်ကျောင်းပင် တက္ကသိုလ်ကျောင်း ဖြစ်ခဲ့ပါသည်။ ကရင်နီ စာပေကို တီထွင်ခဲ့ရာတွင် ရှေးက ဗြဟ္မီစာ၊ ဗြဟ္မီပွား၊ ပျူစာ၊ မွန်စာ၊ မြန်မာစာတို့ကို ဦးစားပေး လေ့လာခဲ့ရကြောင်းကို ပြောပြခဲ့ပါသည်။ ၎င်းဗြဟ္မီစာ၊ ဗြဟ္မီပွား၊ ပျူစာ၊ မွန်စာ၊ မြန်မာစာတို့အား လေ့လာချင်စိတ် ရှိပါလျှင် မြန်မာအဘိဓါန်ကျမ်းတွင် တွေ့မြင်နိုင်ပါသည်။ မည်သို့ပင်ဖြစ်စေ ဆရာကြီး ထဲဘူးဖဲမှာ မျိုးချစ်စိတ် ပြင်းထန်သူ တဦး ဆိုသည်ကို ကျွန်ုပ် နားလည်သဘောပေါက်ခဲ့ပါသည်။
မှန်ပါသည် စာပေ မရှိသော လူမျိုးသည် လူမျိုးပါ ပျောက်သွားနိုင်သည့် အဆိုအမိန့်လည်း ရှိခဲ့ကြောင်း စာပေ လိုက်စားသူတိုင်း နားလည်ကြားဖူးကြမည်ဟု ထင်ပါသည်။
၁၉၈၁ ခုနှစ်တွင် ဆရာကြီး ထဲဘူးဖဲ ပြုစုရေးသားခဲ့သည့် ကရင်နီစာပေ လှုပ်ရှားမှု တရပ်ကို စတင်ခဲ့ပါသည်။ ၎င်းစာပေလှုပ်ရှားမှုအား ကရင်နီပြည် အမှတ် (၁) ခရိုင်အတွင်းရှိ ဒေါတခဲဟု ခေါ်သော တောင်ပေါ်ကလေးတွင် ပြုလုပ်ခဲ့ပါသည်။ ဤဒေါတခဲရွာကလေးမှာ တောင်ပေါ်တွင် ရှိသော်လည်း အိမ်ခြေ (၂၀) ခန့်နှင့် စာသင်ကျောင်းလည်း ရှိပါသည်။ ဤစာပေလှုပ်ရှားမှုတွင် စာပေ ဖခင်ကြီး ဆရာကြီး ထဲဘူးဖဲ၏ လမ်းညွှန်မှုများကို ခံယူ၍ စာပေ သင်တန်းကို ကြီးကြပ်သူများအဖြစ် အမှတ် (၁) ခရိုင်ဥက္ကဌ ဆရာကြီး တူရယ်၊ ယခု ကရင်နီအမျိုးသား ပါတီအတွင်းရေးမှူး ဆရာဦးရယ် စာပေလှုပ်ရှားမှုဖြင့် ခရီးထွက်သွားရာမှ မမျှော်လင့်ဘဲ ကျဆုံးသွားခဲ့သည့် ကျောင်းဆရာ ဆရာ ကျော်သန်းနှင့် ကျွန်ုပ်တို့ လေးငါးဦးပင် ဖြစ်သည်။ ဤစာပေလှုပ်ရှားမှုမှာ အထူးပင် အောင်မြင်ခဲ့ပါသည်။ သင်တန်းသူ သင်တန်းသား (၆၀) ကျော်ခန့် ရှိပြီး၊ အိမ်နီးချင်း ထိုင်းနိုင်ငံမှ ခူးပလဲ အပါအဝင် ဝှေ့ဖွဲ့ရွာမှ အမျိုးသား အမျိုးသမီးများလည်း ပါဝင်သင်ကြား ကြသဖြင့် ၁၉၈၁ ခုနှစ် စာပေလှုပ်ရှားမှု သင်တန်းမှာ အောင်မြင်သည်ဟုပင် ဆိုရပါမည်။ ဤနေရာတွင် ကျွန်ုပ်၏ အကြောင်းနှင့် ပတ်သက်၍ ပြောရမည် ဆိုပါက ကျွန်ုပ်မှာ ကရင်နီအမျိုးသား မဟုတ်သလို ကရင်နီဘာသာစကားကိုလည်း လုံးဝ တတ်ကျွမ်းသူ မဟုတ်ပါ။ ကျွန်ုပ် လုပ်ရသည့် အခန်းကဏ္ဍမှာ ကရင်နီ စာလုံးများကို ပီပြင်လှပအောင် ရေးပေးခြင်းနှင့် ရုပ်ပုံများကို ရေးဆွဲပေးခြင်းသာ ဖြစ်ပါသည်။

၁၉၈၁ ခုနှစ် သင်တန်း ပြီးဆုံး၍ ၁၉၈၂ ခုနှစ်တွင် အမှတ် (၁) ခရိုင်တွင် စာပေ လှုပ်ရှားပြန့်ပွားမှုကို ပြုလုပ်ပြန်ရာ ပင်မ ၁၉၈၁ ခုနှစ်ထက် သင်တန်းသူ သင်တန်းသားများ ပို၍ များပြားလာခဲ့ပါသည်။ သင်တန်းတွင် ကျွန်ုပ် တာဝန်က ၁၉၈၁ ခုနှစ်ကဲ့သို့ပင် စာလုံးများကို လှပအောင် ရေးပေးခြင်း လိုအပ်သည့် ပုံများ ရေးဆွဲပေးခြင်းပင် ဖြစ်ပါသည်။ (၎င်းအချိန်ကာလတုန်းက ကရင်နီ လက်နှိပ်စက် ကွန်ပြူတာဖြင့် ပြုလုပ်သော ကရင်နီစာလုံးများ မရှိခဲ့ပါ) ဤနေရာတွင် ကျွန်ုပ်ကို ကျွန်ုပ် ဆန်းစစ်ကြည့်မိပါသည်။ ကျွန်ုပ်သည် ၁၉၇၃ ခုနှစ် နှောင်းပိုင်းကတည်းက ကရင်နီများနှင့် လက်ပွန်းတတည်း နေခဲ့ရသော်လည်း ကရင်နီ ဘာသာစကားကို လုံးဝ မတတ်မြောက်ခဲ့သည်မှာ ကျွန်ုပ်၏ ပျော့ည့ံချက်ပင် ဖြစ်ပါသည်။
၁၉၈၂ ခု စာပေလှုပ်ရှားမှု သင်တန်း ပြီးဆုံးသွားပြီးနောက် ကျွန်ုပ်နှင့် ကရင်နီ စာပေမှာ ကင်းကွာခဲ့ပါသည်။ ကရင်နီအမျိုးသား၊ အမျိုးသမီး မိတ်ဆွေများနှင့်တော့ မကြာမကြာ တွေ့ဆုံခဲ့ကြပါသည်။ သို့သော် ကရင်နီစာပေအား အမှတ် (၂) ခရိုင်ရှိ စာသင်ကျောင်းများနှင့် အမှတ် (၁) ခရိုင် စာသင်ကျောင်းများတွင်လည်း ကရင်နီစာပေကို သင်ကြားနေကြောင်း ကြားသိရ၍ ကျွန်ုပ် စိတ်ချမ်းသာ ရပါသည်။
မမှတ်မိနိုင်သော ခုနှစ်၊ မမှတ်မိနိုင်သော နေ့တနေ့တွင် မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော သတင်း တခု ကြားသိရ၍ ကျွန်ုပ် အနေဖြင့် အထူးဝမ်းသားမိခဲ့ပါသည်။ အခြားသတင်းကြောင့် မဟုတ်ပါ။ ကရင်နီအမျိုးသား စာပေအား ကွန်ပြူတာ ခလုတ်များဖြင့် ရိုက်နိုင်ပြီ ဆိုသည့် သတင်းပင် ဖြစ်ပါသည်။ ကွန်ပြူတာထဲတွင် ကရင်နီစာလုံး အက္ခရာများ ထည့်နိုင်ရန်အတွက် ပြုလုပ်ဖန်တီးပေးသူမှာ နိုင်ငံခြားသား တဦး ဖြစ်သည့် ဝီလျှံဆိုသူနှင့် ကရင်နီအမျိုးသား တိုးတက်ရေပါတီ အတွင်းရေးမှူး (၁) ဆရာဦးရယ်တို့၏ ကြိုးစားမှုပင်ဖြစ်ကြောင်း သိရ၍ ၎င်းတို့ နှစ်ဦးအတွက် ဂုဏ်ယူမိပါသည်။
၂၀၁၀ ခုနှစ်ပိုင်းတွင် နေ့ရက်ကို မမှတ်မိတော့ပါ၊ ကရင်နီစာပေ လုပ်ဖော်ကိုင်ဖက် ဖြစ်ခဲ့သည့် ဆရာတူရယ်မှ ဖုန်းဆက်၍ ကရင်နီစာပေဖြင့် ဓမ္မကျမ်းစာအုပ်ကို ပြုလုပ်ပြီးစီးပြီဖြစ်ကြောင်း ၎င်းသမ္မကျမ်းစာအား ဦးစီးပြုလုပ်ပေးသူမှာ နိုင်ငံခြားသား ဂျွန်ကရင်း ဖြစ်ကြောင်းနှင့် ဤသမ္မကျမ်းစာ ပြီးစီးသည့် အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုပွဲ ပြုလုပ်မည် ဖြစ်၍ ဤအခမ်းအနားသို့ တက်ရောက်ပါရန် ဖိတ်မန္တက ပြုသော်လည်း ကျွန်ုပ်၏ အသက်အရွယ်နှင့် သွားရောက်ခြင်း မဖြစ်နိုင်ကြောင်း ပြောပြလိုက်ရင်း ကရင်နီအမျိုးသား စာပေအတွက် အထူးပင် ဂုဏ်ယူလျှက်ရှိသည်ကိုကား ကျွန်ုပ်အပြင် တခြားသောသူများ သိနိုင်လိမ့်မည် မဟုတ်ပါ။
၂၀၁၂ ခုနှစ် မတ်လပိုင်းတွင် ဆရာကြီး တူရယ်နှင့် လူရွယ်တယောက် ကားတစ်စီးဖြင့် ရောက်ရှိလာပြီး ကရင်နီဗျဉ်းများတွင် ထည့်သွင်းရန် ရုပ်ပုံများ ရေးပေးရန် လာရောက် အကူအညီ တောင်းသဖြင့် မငြင်းသာဘဲ လက်ခံလိုက်ပါသည်။ ၎င်းကရင်နီဗျဉ်းများမှာ (၂၈) လုံး ရှိသဖြင့် ပုံပေါင်း (၂၈) ပုံ ရေးပေးရမည် ဖြစ်သည့်အတွက် ကျွန်ုပ်အတွက်လည်း မျက်မှန်တလက် ပြုလုပ်ပေးရန် တောင်းခံသဖြင့် ဆရာကြီး တူရယ်နှင့် လူရွယ်မှာ သဘောတူကြပါသည်။ နောက်ပိုင်း စုံစမ်းသိရှိရသည်မှာ ဆရာကြီး တူရယ်မှာ ကရင်နီစာပေ၏ ညွှန်ကြားရေးမှူး ဖြစ်သကဲ့သို့ ၎င်းလူရွယ်မှာ ပုံများ ကိစ္စနှင့် ပတ်သက်ပြီး ကျွန်ုပ်ထံသို့ မကြာခဏဆိုသလို ရောက်လာသဖြင့် ၎င်း၏ အမည်မှာ ခူးတော်ရယ် ဖြစ်ကြောင်း သိရပြီး ကျွန်ုပ်နှင့်လည်း များစွာ ခင်မင်သွားကြပါသည်။ နှစ်ပါတ်ခန့် ကြာသည့်အခါ ရေးဆွဲခိုင်းထားသော ပုံများ ပြီးစီးပြီ ဖြစ်ကြောင်း အကြောင်းကြားလိုက်သဖြင့် ဆရာကြီး တူရယ်နှင့်အတူ တော်ရယ်လည်း ရောက်လာပြီး ပုံများကို စစ်ဆေးကြည့်ရှုကာ ကျွန်ုပ် တောင်းထားသော မျက်မှန်ဖိုးကိုလည်း ပေးခဲ့ပါသည်။
၂ ရက် အကြာတွင် စာပေဥက္ကဌ ကားဖြင့် ရောက်လာပြီး ကျွန်ုပ်အား ဧပြီလ ၉ ရက်နေ့မှ ၂၇ ရက်နေ့အထိ မြို့တွင်းရှိ ဌာနချုပ် တည်းခိုခန်း ရှိရာ အစည်းအဝေး ခန်းမတွင် ကရင်နီစာပေနှင့် ပတ်သက်သည့် အစည်းအဝေး တခုကို Finish Refugee Council (FRC) မှ ပြုပ်လုပ်မည် ဖြစ်၍ ကျွန်ုပ် အနေဖြင့် ၎င်းအစည်းအဝေးပွဲသို့ တက်ရောက်ပါရန် ပြောလာသဖြင့် ကျွန်ုပ် အနေဖြင့် အသက်အရွယ် ကြီးရင့်ပြီ ဖြစ်၍ မဖြစ်နိုင်ကြောင်း ပြောသည့်အခါ စာပေဥက္ကဌ တော်ရယ်မှ သွားလာရန်အတွက် စိုးရိမ်စရာ မလိုကြောင်း (FRC) မှ ကားဖြင့် ကျွန်ုပ်အား အကြိုအပို့ လုပ်ပေးမည် ဖြစ်ကြောင်း ပြောသဖြင့် မငြင်းသာတော့ဘဲ အစည်းအဝေး တက်ရန် ကျွန်ုပ် လက်ခံလိုက်ရပါတော့သည်။
၂၀၁၂ ခုနှစ် ဧပြီလ ၉ ရက် နံနက် ၈ နာရီခွဲတွင် ကျွန်ုပ်ကို လာရောက်ကြိုဆိုရန် တံခါး လေးပေါက်ရှိ ဖိုးဝီးကား တစီး ရောက်လာပါသည်။ ကားမောင်းလာသူမှာ ယောက်ျားလေး မဟုတ်ဘဲ မိန်းကလေး ဖြစ်နေသည်ကို တွေ့ရပါသည်။ ကျွန်ုပ်လည်း လာကြိုသည့် ကားမောင်းသူအား နုတ်ဆက်စကား ပြောကြားကာ ကားဖြင့် လိုက်ပါခဲ့ပါသည်။ အစည်းအဝေး ပြုလုပ်မည့် ခန်းမသို့ ကားမောင်းလာသည့် မိန်းကလေး၏ နောက်မှ လိုက်သွားခဲ့ပါသည်။ အစည်းအဝေး ခန်းမအတွင်းတွင် လူပေါင်း ၁၅ ဦးခန့်ကို မြင်တွေ့ရပါသည်။ ကျွန်ုပ်လည်း ဆရာကြီး တူရယ်၏ အနီးတွင် နေရာယူ ထိုင်လိုက်ပြီး စားပွဲပေါ်တွင် ချထားသည့် ကော်ဖီ၊ စာအုပ်၊ ဘောပင်၊ ခဲတံ၊ ခဲဖျက်များနှင့်အတူ အင်္ဂလိပ်စာဖြင့် ရေးသားထားသော စာအုပ်အား ကောက်ယူဖတ်ကြည့်လိုက်ရာ (FRC) မှ သင်တန်းအတွက် ရေးထားသော စာများ ဖြစ်ပြီး အဆိုပါ သင်တန်းတွင် ထိုင်း၊ မြန်မာ၊ ကရင်နီ ဘာသာ သုံးမျိုး သင်ကြားမည် ဖြစ်ပြီး ထိုင်းဘာသာရပ်အတွက် ထိုင်းအမျိုးသမီး အသက် ၆၀ ခန့်ရှိ ဒေါက်တာ ပင်လိုင်း ဆိုသည့် အမျိုးသမီးနှင့် မြန်မာစာပေအတွက် ဒေါက်တာ တင်ဝင်း (မြန်မာအမျိုးသမီး) တဦးက ဦးစီး၍ ကရင်နီဘာသာတွင် မော်သဲမာမှ ဦးစီးပါသည်။ သုံးဘာသာ စလုံး သင်ယူကြည့်သူများမှာ ကရင်နီအမျိုးသား အမျိုးသမီးများပင် ဖြစ်ပါသည်။ သင်တန်းတွင် ကြီးကြပ်သည့် သူမှာ ဖင်လန်နိုင်ငံသား ဖြစ်ပြီး အာဖရိကမှ အသားမဲမဲ အမျိုးသမီး တဦး၊ JRS မှ စပိန်အမျိုးသမီးတို့အားလည်း မြင်တွေ့ရပါသည်။ ၎င်းသင်တန်းအား ကျွန်ုပ် အနေဖြင့် လေ့လာကြည့်ရာ မြန်မာပြည်တွင် ယခင်က ပြုလုပ်ခဲ့သည့် (၀ထကလသ) ပုံစံမျိုးပင် ဖြစ်ပါသည်။ မည်သို့ပင်ဆိုစေကာမူ ကရင်နီအမျိုးသားများ အနေဖြင့် မိမိတို့ စာပေအတွက် ဖင်လန်နိုင်ငံမှ (FRC) NGO မှပင် ကရင်နီစာပေအား အားပေးအားမြှောက် ပြုလုပ်ပေးနေပြီ ဖြစ်၍ ဤအချက်ကို လုံးဝ လက်လွတ်မခံသင့်ပေ။ တချိန်က မရှိခဲ့သော မိမိတို့ စာပေအတွက် အားပေးလာသူများ ရှိလာပြီ ဖြစ်၍ မိမိတို့ ကရင်နီအမျိုးသားထု အနေဖြင့်လည်း ဂုဏ်ယူ၍ နိုးကြားကြိုးစားကြာရန် အဓိက လိုအပ်ပါလိမ့်မည်။
"စာပေ မရှိလျှင် လူမျိုးပါ ပပျောက်သွားနိုင်မည်" ဆိုသည့် စကားရပ်အား ယနေ့ ကရင်နီအမျိုးသားများ အနေဖြင့် ကျော်ဖြတ်တွန်းလှန်နိုင်ခဲ့ပြီ ဖြစ်၍ မိမိတို့၏ ကရင်နီစာပေအား ပျောက်ပျယ်မသွားရန်နှင့် မိမိတို့၏ အမျိုးသားများ အနေဖြင့် အခြားသော လူမျိုးစုများအပေါ် စာပေကဏ္ဍတွင် ရင်ဘောင်တန်းနိုင်ပြီ ဖြစ်၍ မိမိတို့၏ ယဉ်ကျေးမှု စာပေအား ဂုဏ်ရှိန်မြင့်မားသထက် မြင့်မားအောင် ထိန်းသိမ်းရန် လိုအပ်ပြီ ဖြစ်ကြောင်း အကြံပြုရေးသားလိုက်ရပါသည်။



