အသက် ၃၀ နှင့် ၄၀ အကြားမှာရှိနိုင်မည်ဟုယူဆရ သည့် အမျိုးသမီးနှစ်ဦးသည်ပေါက်ပြား ကိုယ်စီ ကိုင်ပြီး စိုက်ပျိုးခြံမြေလွတ်တနေရာတွင်အပေါ်ယံ မြေသားများကိုတူးဆွနေကြသည်။
အသက် ၃၀ နှင့် ၄၀ အကြားမှာရှိနိုင်မည်ဟု ယူဆရသည့် အမျိုးသမီးနှစ်ဦးသည် ပေါက်ပြားကိုယ်စီကိုင်ပြီး စိုက်ပျိုးခြံမြေလွတ်တနေရာတွင် အပေါ်ယံမြေသားများကိုတူးဆွနေကြသည်။ သူမတို့၏ခေါင်းတွင် ပေါင်း ထားသည့် ခေါင်းပေါင်းများက ပန်းနုရောင်၊ အဝါရောင်နှင့် အစိမ်းနုရောင်ပန်းပွင့်များ သဏ္ဍာန်ရှိသော ပိတ်စများက သေသေသပ်သပ်နှင့် ထိုကြားထဲ ငွေရောင် ဆံထုံးသုံးခု ထိုးထားသည့်အတွက် သူတို့၏ ရိုးရာအဆောင်အယောင်များကို ပိုမိုထင်ဟပ်စေပါသည်။
သူတို့ဟာ ကျနော်တို့ကြားမြဲ၊ သိမြဲဖြစ်နေသည့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်အတွင်းက ကြေးကွင်း ပတ် ကယန်းလူမျိုးများဖြစ်သည်။ အခုကျနော်တို့ ရောက်သည့်ရွာက မယ်ဟောင်ဆောင်ခရိုင်အတွင်း ကြေးကွင်းပတ်ကယန်းကျေးရွာ ၃ ရွာအနက် ဟွေပူးကဲကျေးရွာဟုခေါ်သည့် ရွာလေးတရွာဖြစ်သည်။
ထိုင်းနိုင်ငံက ကယန်းကျေးရွာများကို နိုင်ငံခြားသားများ အလည်အပတ်လာသည့် အပန်းဖြေနေရာ တခုလို ယေဘုယျအားဖြင့် သတ်မှတ်ထားကြပြီး နိုင်ငံခြားခရီးသွားလုပ်ငန်းများမှ ဝင်ငွေရကြသည်ဟုနားလည် ထားကြသည်။
ယခုနိုဝင်ဘာလနှင့် ဒီဇင်ဘာလသည် မယ်ဟောင်ဆောင် ဒေသဘက်တွင် နိုင်ငံခြားခရီးသွားတို့၏ရာသီဟု သတ်မှတ်ကြသည်။ တချိန်က နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့လို အချိန်မျိုး၌ နိုင်ငံခြားသားအဝင်အထွက် ပုံမှန်ရှိနေဖူးသည့် ဟွေပူးကဲ ကျေးရွာသည် ယခုအချိန်မှာတော့ နိုင်ငံခြားသား ဝေးဝေးတယောက်သာ တွေ့ရသည်။

နိုင်ငံခြားသားများ အလာကျဲသည့် အဓိပ္ပါယ်မှာ ကျေးရွာအတွက် ၀င်ငွေလည်းနည်းသွားခြင်းဖြစ်သည်။ လက်ရှိကယန်းအမျိုးသမီးနှစ်ယောက်တို့ ရှင်းလင်းနေသော ခြံအတွင်းတွင်အိမ်တွင်းအသုံးစရိတ်ဖူလုံရေး အတွက် သီးနှံများစိုက်ပျိုးရန် ဖြစ်သည်။
“ဖရုံသီး၊ ဖရုံရွက်၊ သခွားသီး၊ ပဲသီး စိုက်မယ်” ဟု ပါးတဖက်တချက်စီတွင် သစ်ရွက်ပုံသနပ်ခါးချယ် သထားသူ မူရှာက ပြောသည်။
“ဟိုးအရင် ဗမာပြည်မှာနေဆို ဒါမျိုးနေ့တိုင်းလုပ်တယ်။ နေပူဆိုလုပ် မိုးရွာဆိုလည်းလုပ်၊စားဆိုမလောက် ဘူး အိမ်မှာနေဆိုဖျားဆို တခါ တခါ တခါတလေမှာ အိမ်မှာနေတယ်။ မဖျားဆိုနေ့တိုင်း သွားလုပ်တယ်၊ ပူဆို ဘာသွားလုပ် ပူဆိုဘာသွားလုပ် နေပူဆိုသွားလုပ် ဒီခေတ်ဆိုတခါတလေတော့ နေပူသွားလို့တခါ တလေဆို စိတ်နှလုံးမှာ အေး…မပျော်ဘူးလေ” ဟု မူဆာက ရယ်ရယ်မောမောဖြင့် ဆက်ပြောပြပါသည်။
ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်ဟာ ရေလွမ်းမိုးမှုနှင့် ရင်ဆိုင်နေရသည်ဖြစ်၍ နိုင်ငံတွင်းသို့ပုံမှန်လာရောက် လည်ပတ်သော နိုင်ငံခြားသားများ နည်းလာသောကြောင့် မယ်ဟောင်ဆောင်ခရိုင်တွင်းရှိကယန်းကျေးရွာ တို့၏ ဝင်ငွေကိုလည်း တနည်းတဖုံ ထိခိုက်မှုရှိနေသည်ကို တွေ့ရသည်။ဟွေ့ပူးကဲကျေးရွာ နံဘေးတွင် ခြံပေါက်နေသည့် မူရှာက “အိုး မဆင်ပြေဘူး ဧည့်သည်မရှိဘူးလေ ဘာလဲ သူ့ ထိုင်းနိုင်ငံမှာဆို ရေကြီးတော့ သူဘယ်လိုပြောလဲဆို ဧည့်သည်လာဆိုမရဘူးလေ” ဟုပြောသည်။
နိုင်ငံခြားဧည့်သည်များ အလည်လာသည့်အတွက် ဧည့်သည်များကို ရောင်းရန် ထားရှိသောပစ္စည်များဖြစ် သည့် သစ်ဖြင့်ထုလုပ်ထားသော ကယန်းလည်ပင်းရှည်အမျိုးသမီးများ၏ အရုပ်များ တိရိစ္ဆာန်ရုပ်များ ရိုးရာ ကြေးကွင်းလက်ကောက်များနှင့် အခြားလက်ဝတ်လက်စားများ အရောင်းမရသဖြင့် ၀င်ငွေနည်းကာယခု ကဲ့သို့ တနိုင်တပိုင် စိုက်ပျိုးနေကြရခြင်းဖြစ်သည်ဟုလည်း ဆိုသည်။
ဟွေ့ပူးကဲကျေးရွာနံဘေးက ခြံပေါက်နေသာ ကယန်းအမျိုးသမီးမူရှာတို့နှင့် အလာပသာလာပစကားစမြည် များ ပြောဆိုအပြီး ရွာတွင်းတို့ သွားရောက်လည်ပတ်နိုင်ရန် သူတို့အား နှုတ်ဆက်စကားပြောပြီးကျနော်တို့ အုပ်စု ရွာထဲသို့ လှည့်ထွက်လာခဲ့ကြသည်။
မော်တော်စက်လေများ သွားလာနိုင်သည့် နမ့်ပန်ချောင်းသည် ဟွေ့ပူးကဲကျေးရွာနံဘေးကို ကွေ့ပတ်၍ စီးဆင်းနေသည့်အတွက် ရွာလေးက ရှုမဝနိုင်လောက်အောင် သာယာလှသည်။နိုင်ငံခြားသားအများ စုကတော့ စက်လှေတွေကို အသုံးပြုပြီး ရွာတွင်းသို့ အလည်လာတတ်ကြသည်။
ဟွေ့ပူးကဲကျေးရွာအဝင်ဝ နမ့်ပန်ချောင်းကမ်းနံဘေးတွင် တဲငယ်လေးများထိုးပြီးဆိုင်တန်းပမာဆောက်လုပ် ထားသည့် ဆိုင်ငယ်လေးများထဲတွင် စျေးသည်နှင့် ရွာသားသုံးလေးဦးမှလွဲ၍ လာရောက်ဝယ်ယူစားသုံးသူ မရှိဘဲ ခြောက်ကပ်လို့နေသည်။ အထူးသဖြင့် နိုင်ငံခြားသားများကို လုံးဝမတွေ့ရပေ။
ကျနော်တို့အုပ်စုမှ ဆိုင်လေးတဆိုင်ကိုရွေးပြီး ခေတ္တဝင်ရောက်နားခိုလိုက်သည်။ ပါလာသော ကန္တာရဝတီတိုင်း(မ်)သတင်းစာကို ဝေပေးကြသည်။ သတင်းစာများကို ကိုယ်စီကိုင်ကာဖတ်နေသော ရွာသူရွာသားများထဲမှ ရွာသူ ကြေးကွင်းပတ် အမျိုးသမီးတယောက်မှာ သတင်းစာကို ရှေ့စာမျက်နှာကို ဦးဆုံးမဖတ်ဘဲ နောက်ဆုံးစာမျက်နှာကို ဦးဆုံးရွေးချယ်ဖတ်ရှုသည်။ လွိုင်ကော်မြို့ရေလွမ်းမိုးသော သတင်းဓာတ်ပုံများကို ကြည့်ရှုနေခြင်းဖြစ်သည်။
ဆိုင်ခန်းထဲမှထွက်ခွာပြီး ရွာထဲသို့ ဆက်လက်ဦးတည်သွားကြသည်။ ရွာတွင်းတွင် ဧည့်သည်များကိုရောင်း ချရန် ကိုယ်တိုင်လုပ် ရိုးရာလက်ဝတ်လက်စားများနှင့် သစ်ဖြင့်ထုလုပ်ထားသော ကယန်းအမျိုးသမီးတို့၏ ရုပ်ထုများကို ရောင်းချရာဆိုင်များရှိသော်လည်း ဧည့်သည်အလွန်အလာပါးလေသောကြောင့် အလွန့်အလွန် အရောင်းပါးလေသည်။ ရွာဟုဆိုသော်လည်း နေအိမ်ရှေ့တွင် ဆိုင်ခန်းလေးပမာ တဲအိမ်ငယ်လေးများ ဆောက်လုပ်ပြီး ရိုးရာလက်ဝတ်လက်စားများ ချရောင်းသည်။
ယခုလို နိုင်ငံခြားဧည့်သည် အလည်လာအားနည်းသည့် အချိန်မျိုးနှင့် ရင်ဆိုင်နေကြရသည့်အတွက် မိမိတို့စားဝတ်နေရေးနှင့် ပတ်သက်ပြီး မည်ကဲ့သို့ ကြိုတင်ပြင်ဆင်မှုများလုပ်ထားသည်ကို ရွာသားတဦးအား မေးမြန်းရာ “အဲဒီတခု အဲဒီတခုကျတော့လည်း ကျနော်မဖြေတတ်ဘူးပေါ့နော် ဘာတခု..မှ မလုပ်နိုင်ဘူး ပေါ့နော် ရပ်ရွာအတွက် အခက်အခဲတွေကြံုသွားမယ် ကျနော်က အဲလိုပဲမြင်တယ်” ဟုပြန်လည်ဖြေကြား သည်။
ဆိုင်နံဘေးတွင်ရှိသော ကွပ်ပြစ်လေးပေါ်တွင် ကွမ်းတမြံု့မြံု့ဖြင့် အေးအေးလူလူပင် လှဲအိပ်ကာ တွေး တောနေ ဟန်ရှိသော ကယန်းအမျိုးသမီးတဦးကို တွေ့ရသည်။ သူမသည် နိုင်ငံခြားဧည့်သည်မလာလျှင် မည့်သို့လုပ်ကိုင်စားသောက်ရမည်ကိုများ တွေးတောနေသလား ဒါမှမဟုတ် မည်သည့် အကြောင်းကို တွေးတောနေသနည်း။ ကံယာကံရှင်ကိုယ်တိုင်မှလွဲ၍ မည်သူမျှ သိနိုင်မည်မဟုတ်ပါ။
ရွာတွင်းရှိစာသင်ကျောင်းများနှင့် အခြားနေရာများသို့ သွားရောက်လေ့လာကြည့်ရှုရင်း ညနေပိုင်း အလာ လမ်းတွင် တွေ့ခဲ့ရသော ကယန်းအမျိုးသမီးနှင့် ပြန်ဆုံတွေ့ပြီး သူမ၏နေအိမ်သို့ အလည်ပတ်သွားကာ သူကိုယ်တိုင်တီးခတ်သော ကယန်း ရိုးရာဂီတတေးသံများနှင့် သီဆိုဖျော်ဖြေမှုတို့ကို နားဆင်ခွင့်ရခဲ့သည်။
မယ်ဟောင်ဆောင်ခရိုင်အတွင်းသို့ ရောက်ရှိနေထိုင်ကြသည့် ကြေးကွင်းပတ်ကယန်းအများစုသည် ကရင်နီပြည်တွင်းမှ စစ်ပြေးဒုက္ခသည်အဖြစ် ထွက်ပြေးရောက်ရှိလာသူများဖြစ်သည်။ မိမိတို့ရိုးရာဓလေ့ သည် တမူထူးခြားသည့်အတွက် ၎င်းတို့ရွာကို နိုင်ငံခြားသားများ အလည်လာမှု များပြားသည့်အတွက် ခရီးသွားလုပ်ငန်းများ ဖြစ်ပေါ်စေခဲ့သည်။
စစ်ပြေးဒုက္ခသည်ဖြစ်ကြသော်လည်း ၎င်းတို့သည် ဒုက္ခသည်စခန်း၏ အပြင်ဘက်တွင် နေထိုင်ကြသော ကြောင့် ဒေသခံအာဏာပိုင်များမှ ဒုက္ခသည်အဖြစ် အသိအမှတ်မပြုဘဲ ရှိနေလေသည်။
ဟွေ့ပူးကဲကျေးရွာက ကယန်းတို့သည် မိမိတို့စားဝတ်နေရေးနှင့် ၀င်ငွေတို့ကိုနိုင်ငံခြားခရီးသွားလုပ်ငန်းတို့ အပေါ် အဓိကရပ်တည်နေကြရသည်ကို လေ့လာသိရှိခဲ့သည်။ ရွာအနီးနားတဝိုက်တွင် ခြံလုပ်ငန်းတို့ကို လုပ်ကိုင်နေကြသော်လည်း တိုင်းတပါးဖြစ်သည့်အတွက် နေရာအနည်းငယ်အတွင်းမှာသာစိုက်ပျိုးလုပ်ကိုင် ခွင့်ရှိသည့်အတွက် ရေရှည်စားဝတ်နေရေးအဖို့ အာမခံချက်များမရှိပေ။
နိုင်ငံခြားဧည့်သည်ရာသီဖြစ်သော်လည်း နိုင်ငံခြားသားများ မရှိသလောက် ခြောက်ကပ်နေသည့်ဟွေ့ပူးကဲ ရွာလေးသည် ကျနော်တို့အုပ်စုကို တီးပြဆိုပြနေသည့် မူရှာ၏ တေးသီချင်းနှင့် ရိုးရာဂီတသံဖြင့်သာ သာယာနေခဲ့သည်။
“ကယန်းတွေဟာ ကယန်းစကားပြောရပါမယ်။ ရ နှစ်သက်တမ်းရှိပြီဖြစ်တဲ့ ၀ါးကို ကြွက်တွေမဖျက်ဆီး နိုင်တော့ပါဘူး။ ကယန်းတွေရှိတာကို လူတွေသိရင် ကယန်းလူမျိုးတွေ ဘယ်တော့မှမပျောက်ကွယ် နိုင်တော့ပါဘူး။”
မူရှာသီဆိုနေသည့် ကယန်းတေးသီချင်း၏ အဓိပ္ပါယ်ဖြစ်သည်။
ဟွေ့ပူးကဲကျေးရွာကို ကျောခိုင်းထွက်ခွာခဲ့သည့် ကျနော်တို့အုပ်စုအတွက် မူရှာသီဆိုတီးခတ်ခဲ့သည့်တေးသံ များက အပြန်လမ်းတလျှောက်မှာ တင်ကျန်နေခဲ့တော့သည်။



