“ဆိုတရှား” လို့ ဆိုလိုက်ရင် ကရင်နီပြည် သံလွင် အရှေ့ဘက်ကမ်းက ကရင်နီလူမျိုးတွေ မသိသူ၊ မကြားဖူး သူ မရှိသလောက်ပါဘဲ။ ဆိုတရှားဟာ ကရင်နီပြည် သံလွင်အရှေ့ဘက်ကမ်းကအမြင့်ဆုံး တောင်ဖြစ်ပါတယ်။ ပင်လယ်ရေမျက်နှာပြင်အမြင့်ပေ ပေါင်း သုံးထောင်ကျော်ရှိတဲ့တောင်ဟာဆင်ပုံသဏ္ဌ ကဲ့သို့ ထင်ရှားတဲ့ အတွက် ဒေသခံတို့က ဆိုတရှားကို “ဆင်တောင်” လို့ တင်စားခေါ်ဝေါ်ထားကြတာပါ။
ဆိုတရှားတောင်ဟာ သံလွင့်အရှေ့ဘက်ကမ်းမှာ အကြီးဆုံး၊ အမြင်ဆုံးဖြစ်တဲ့ အချက်တစ်ခုထဲနဲ့ နာမည်ကြီး နေတာ မဟုတ်ပါဘူး။ ဆိုတရှား တောင်သွယ်တန်းသွားတဲ့ တောင်ကြောတလျှောက်က ဒေသခံပြည်သူတွေရဲ့ အသက်မွေးဝမ်းကျောင်းကို စောင့်ရှောက်တော်မူတယ်ဆိုတဲ့ ယုံကြည်မှုက အစဉ်အလာတစ်ခုလိုဖြစ်နေတာ ကလည်း နှစ်ပေါင်းများစွာ ကတည်းကပါ။
ဒေသခံတို့က နှစ်စဉ်နှစ်တိုင်းလိုလို ဆိုတရှား တောင်ထိပ်ပေါ်ကို ဘုံမောင်းတွေတီးပြီး တက်ကြပါတယ်။ ဦးဦးဖြားဖြားပါလာတဲ့ မုန့်ပဲသရေစာ၊ အသားငါးတွေနဲ့ တောင်စောင့်နတ်ကို ပူဇော်ပသကြပါတယ်။
ပြည်တွင်းမှာ စစ်ရေးပဋိပက္ခတွေ ဖြစ်ပွားတဲ့အတွက် နယ်တစ်ပါးတိုင်းတစ်ပါးသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရ တဲ့ ဒေသခံတွေဟာ ဆိုတရှားတောင်ကို နှစ်စဉ်နှစ်တိုင်းလိုလို ပူဇော်ပသလို့ မရကြတော့ပါဘူး။ ဒါပေမယ့် အကြောင်းကြောင်းကြောင့် ၁၉၉၅ ခုနှစ်ကစပြီး နယ်တစ်ပါးကို ရောက်သွားခဲ့ကြတဲ့ ဒေသခံတွေကတစ်နှစ် တစ်ခါ ပူဇော်မယ့်အစား သုံးနှစ်တစ်ခါ တောင်တက်ပြီး ရိုးရာပူဇော်ပွဲတွေ လုပ်ပေးဖို့သတ်မှတ်လာကြရ ပါတယ်။
ယခု ၂၀၁၁ ခုနှစ်မှာ ဆိုတရှားတောင်ကို ပူဇော်ပသဖို့အချိန် ပြန်လည်ကြရောက်လာပါပြီ။ ဒီတစ်ခေါက် တောင်တက်ပူဇော်ပွဲဟာလည်း ခါတိုင်းနှစ်တွေလိုပဲ မြေမြုပ်မိုင်းနဲ့ မြန်မာအစိုးရ စစ်တပ်တွေလုပ်ရှားနေတဲ့ စစ်မြေပြင်ကြီးကို ဖြတ်ကျော်သွားမှာမို့ အန္တရာယ်ကြီးမားတဲ့အတွက် ကလေးနဲ့ အမျိုးသမီးတွေမပါဘဲ အမျိုးသားတွေဘဲ သွားကြပါတယ်။
ကြက်၊ ၀က်နဲ့ တခြားလှူတန်းရမယ့် ပစ္စည်းတွေနဲ့အတူ အယောက် ၆၀ လောက်ရှိတဲ့လူစုဟာ ၂၀၁၁ ခုနှစ် မေလ ၂၆ ရက်နေ့ကစပြီး ထိုင်း-မြန်မာနယ်စပ်တစ်နေရာကနေ ဆိုတရှားရှိရာသို့ ခရီးစတင်ခဲ့ကြပါတယ်။ အဲဒီလူအုပ်အတွက် ဆိုတရှားမြို့နယ်တပ်က လမ်းလုံခြံုရေး ယူပေးဖို့ တပ်ခွဲတစ်ခွဲခန့်လိုက်ပါသွားကြရပါ တယ်။
လူအုပ်ကြီးကို လုံခြံုရေးယူပေးတဲ့ ဆိုတရှားမြို့နယ်တပ်မှ တပ်မှူးယေရှုကစစ်တပ်အသုံးပြုတဲ့လမ်းကိုဖြတ် သွား ပြီးတဲ့နောက်မှာတော့ ယခုလို ပြောပြပါတယ်။
“သူတို့ (မြန်မာအစိုးရတပ်) အဲဒီလမ်းကို အသုံးပြုပါတယ်။ ချောင်းနားကလမ်းပေါ့။ အဲဒီလမ်းကို သူတို့အမြဲ တန်းလိုလို အသုံးပြုတဲ့အတွက် အခုလိုကျနော်တို့ သူတို့လမ်းကိုဖြတ်သွားရတဲ့အခါမှာ အန္တရာယ်ပိုများပါတယ်။”
နယ်စပ်ကနေ ဆိုတရှား တောင်ထိပ်သို့ရောက်အောင် နှစ်ရက်လောက်အချိန်ပေးပြီး သွားရပါတယ်။လုံခြံု ရေးက အဓိကဖြစ်တဲ့အတွက် သွားလာရေးမှာ နှောင့်နှေးမှုတွေရှိတတ်ပါတယ်။
မြေမြုပ်မိုင်းတွေကြားမှာလည်း ဖြတ်ကျော်သွားရသလို စစ်တပ်တွေအသုံးပြုတဲ့လမ်းကိုလည်း နှစ်ခုလောက် ဖြတ်ကျော်ခဲ့ကြရပါတယ်။ ဒီလိုအန္တရာယ်များတဲ့လမ်းမှာ အသက်တွေစွန့်ပြီး သွားရတဲ့ အတွက် ဒီဆိုတရှား ပူဇော်ပွဲဟာ ဒေသခံထူထုတွေအတွက် ဘယ်လောက်အထိ အရေးကြီးနေလဲ ဆိုတာနဲ့ပတ်သက်ပြီးပူဇော်ပွဲ ဖြစ်မြောက်ရေးအတွက် ဦးဆောင်ဦးရွက်လုပ်ပေးနေတဲ့ အဖိုးငါးရယ်ကို မေးကြည့်ရမှာ ယခုလိုရှင်းပြပါတယ်။
“ဒါဟာ ကျနော်တို့ ဖိုးဘွားဘီဘင်တွေ ခေတ်ကတည်းက လုပ်လာခဲ့တဲ့အစဉ်အလာပါ။ ဒါကြောင့် ကျနော်တို့ လုပ်ရတာပါ။ ကျနော်တို့အခုလို အသက်ရှင်ရပ်တည်နေနိုင်တာ ဒီတောင် (ဆိုတရှား)ရဲ့ အရှင်သခင်ကြောင့် ဖြစ်တယ်။ ဒီအရှင်သခင်ဟာ ကျနော်တို့ မိဘတွေထက်တောင် အလေးအမြတ် ထားရပါတယ်။”
ဆိုတရှား တောင်ထိပ်ထိရောက်အောင် သုံးနာရီကျော်ကျော်လောက် မနားတမ်းတက်ရပါတယ်။ တောင်ထိပ်မှာ ရေနဲ့စားစရာဘာမှ အဆင်သင့်မရှိပါဘူး။ သွားရောက်ပူဇော်တဲ့သူတွေက ရေတို့ရိက္ခာတို့ကိုပါသယ်ယူသွားကြ ရပါတယ်။
မောမောနဲ့ တောင်တက်လာရတဲ့သူတွေအတွက် တောင်ထိပ်ရောက်သွားရင် ချက်ချင်းကို အမောပြေသွားတဲ့ အရာတစ်ခုကတော့ ဆိုတရှားထိပ်မှ တွေမြင်ရတဲ့ အလှပန်းချီတွေပါဘဲ။ ဆိုတရှားရဲ့တောင်ထိပ်ကနေအရှေ့ ဘက်ကိုကြည့်ရင် ထိုင်းနိုင်ငံမယ်ဟောင်ဆောင်မြို့ကို မြင်တွေ့ရသလိုအနောက်ဘက်ကိုကြည့် လိုက်ရင်လည်း ကျေးလက်တောရွာတွေကို မြင်တွေ့ရပါတယ်။ ညနေခင်း နေဝင်ဆည်းဆာအချိန်မှာဆိုရင် ဆိုတရှားထိပ်မှ မြင်တွေ့ရတဲ့ ရှုခင်းအလှဟာ မျက်စိထဲမှာ မပျောက်ကွယ်နိုင်လောက်အောင်ဘဲ ထင်ကျန်နေတတ်ပါတယ်။
ခါတိုင်းနှစ်ပူဇော်ပွဲတွေကြတော့ တောင်စောင့်နတ်စဉ်ပေါ်မှာ အထွတ်အထိပ်ထားတဲ့စားစရာသောက်စရာတွေ နဲ့ဘဲ ပူဇော်ပါတယ်။ အခု ၂၀၁၁ ခုနှစ်မှာတော့ ကေးထျိုးဘိုးလို့ခေါ်တဲ့ တံခွန်တိုင်ထူပြီး ပူဇော်ကြပါတယ်။
ဆိုတရှားလို တောင်စောင့်နတ်၊ တောစောင့်နတ်၊ မြစ်ချောင်းရေစောင့်နတ်နဲ့ မြေကြီးစောင့်နတ်တို့ကိုပူဇော်တဲ့ အစဉ်အလာဟာ ကရင်နီအမျိုးသားတို့က ဘိုးစဉ်ဘောင်ဆက်လက်ထက် ကတည်းက ယုံကြည်မှုအပြည့်အဝနဲ့ ကျင့်သုံးလာခဲ့ကြတာပါ။
သက်ရှိလူသားတွေဟာ တောတောင်သဘာဝနဲ့ အမှီတဟဲပြုနိုင်ခြင်းကြောင့်သာ အသက်ရှင်နေထိုင်နိုင်ကြ ရတယ်ဆိုတာကို လက်ခံယုံကြည်ကြပါတယ်။ ဒါကြောင့် တောတောင်သဘာဝရဲ့ အကျိုးကျေးဇူး၊တောတောင် စောင့်အရှင်သခင်တို့ရဲ့ ကူညီစောင့်ရှောက်မှုတို့ကို ကျေးဇူးဆပ်တဲ့အနေနဲ့ ယခုလိုပူဇော်ပွဲတွေပြုလုပ်လာကြ တာပါ။
နှစ်ကာလတွေကြာလာတာနဲ့အမျှ တောတောင်သဘာဝတွေကလည်း ပြုပြင်ပြောင်းလဲမှုတွေဖြစ်ပေါ်လာပါ တယ်။ ဒေသခံတွေကြောင့် တောတောင်တွေရဲ့ ပျက်စီးဆုံးရှုံးမှုတို့ဟာ ပြန်လည်အစားထိုးလို့ရတဲ့အခွင့်အလမ်း နဲ့ နည်းလမ်းတွေရှိတတ်တယ် ဆိုပေမယ့်လို့ မဟာစီမံကိန်းတွေဝင်လာရင်တော့ ပြန်လည်အစားထိုးလို့မရတော့ တဲ့အခြေအနေတွေအပြင် ဒေသခံတို့မှ နှစ်ပေါင်းများစွာ အားကိုးအားထားပြုလာတဲ့ စားကျက်မြေတွေလုံးဝ ပြောက်ပျယ်သွားနိုင်တဲ့ အခြေအနေသို့ ရောက်သွားနိုင်ပါတယ်။
ဥပမာ… ကရင်နီပြည်မှာ ရေကာတာ တည်ဆောက်တဲ့စီမံကိန်းတွေ တဖြည်းဖြည်း တိုးချဲ့လာတာတွေရှိနေပါ တယ်။ ဒီစီမံကိန်းတို့ကြောင့် ဒေသခံတွေ ပိုင်ဆိုင်ထားတဲ့ တောတောင်အမွေအနှစ်တွေဟာဘယ်လောက် အတိုင်း အတာထိ ပျက်စီးဆုံးရှုံးမလဲဆိုတာကိုတော့ ဒေသခံတွေ အနေနဲ့ မလိုက်မှီပေမယ့်လို့ဒီစီမံကိန်းတွေ ဟာ သူတို့ကိုခြိမ်းခြောက်နေတာကိုတော့ သိကြတယ်။
“ဒီနေ့ဒီအချိန်မှာ တခြားဒေသကသူတွေ ကျနော်တို့ဒေသခံတွေကို မလေးစားကြဘူး။ ကျနော်တို့ပိုင်ဆိုင်တဲ့ အရာမှန်သမျှ အင်အားသုံးပြီး သိမ်းပိုက်ကြတယ်။ သူတို့လိုချင်တဲ့အတိုင်း ဖန်တီးလုပ်ဆောင်နေကြတယ်။ ကျနော်တို့ ဒေသခံတွေကို တိုက်ခိုက်တယ်။ ကျနော်တို့ရဲ့ဘဝကို ဖျက်ဆီးတယ်။ ဒါကြောင့် တခြားဒေသက နိုင်ငံခြားသားတွေ ကျနော်တို့ နေတဲ့နေရာမှာ ရေကာတာတွေလာမလုပ်ဖို့ ကျနော်ကြက်ရိုးထိုးပြီး တောစောင့် တောင်စောင့်အရှင်သခင်တို့ကို အသနားခံထားတယ်။ အခုလိုကျနော်တို့ ဆိုတရှားမှာ ပူဇော်ပွဲအတွက်အသွား အပြန်လမ်းခရီး တလျှောက်မှာ အန္တရာယ်တွေနဲ့ကင်းဖို့ ဆုတောင်းထားပါတယ်။”
အဖိုးလဲရယ်က ဆိုတရှားပူဇော်ပွဲမှာ ဆုတောင်းခဲ့တဲ့အရာတွေကို ပြန်လည်ပြောပြနေတာပါ။
“အရာရာကို စွန့်လွတ်ခံ၊ ရင်းနှီးခံပြီးတော့မှ ကျနော်တို့ဒီအစဉ်အလာကို ယုံကြည်ကျင့်သုံးနေရတဲ့အကြောင်း အရင်းကတော့ တောစောင့် တောင်စောင့်အရှင်သခင်တို့မှ ကျနော်တို့ကို ကူညီစောင့်ရှောက်ဖို့ဘဲဖြစ်တယ်။”
တောစောင့်နတ်တောင်စောင့်နတ်တို့ကို ပူဇော်ပသတဲ့ အစဉ်အလာဟာ မယုံကြည်သူတွေကတော့ “နတ်စား” animist လို့ ဘောင်ခတ်သတ်မှတ်မှုတွေလည်း ကရင်နီလူမှု အသိုင်းအဝိုင်းတို့ကြားမှာ ရှိခဲ့ပါတယ်။ကရင်နီ ပြည်မှာ ဘာသာရေး mission တွေကြောင့် ဘိုးဘွားအစဉ်အလာ လက်ထက်ကတည်းကယုံကြည်ကျင့်သုံး လာခဲ့ကြတဲ့ ရိုးရာယုံကြည်မှု အစဉ်အလာတွေ တဖြည်းဖြည်း မှေးမှိန်လာတာတွေလည်း ရှိခဲ့ပါတယ်။
အခုဆိုရင် ဆိုတရှားရဲ့ အရိပ်အောက်မှာ အမှီတဟဲပြုပြီး နေထိုင်ကြတဲ့ လူပေါင်းများစွာ တို့ဟာလည်း နိုင်ငံရေး ပဋိပက္ခတို့ကြောင့် ဆိုတရှားနဲ့တရွှေ့ရွှေ့ ဝေးသွားခဲ့ရတဲ့ အခြေအနေတွေလည်း ရှိလာတဲ့အတွက် ဆိုတရှားကို ပူဇော်တဲ့အစဉ်အလာဟာလည်းပဲ လာမယ့် အနာဂတ်မှာ ဆက်ရှိနေနိုင်ဦးပါ့မလား ဆိုတာကိုတော့ပြောရခက်၊ ခန့်မှန်းရခက်ပါတယ်။
ဒါပေမဲ့ အဖိုး ငါးရယ်ကတော့…
“ကျနော်သေသွားခဲ့လို့ရှိရင်တော့ မပြောတတ်ဘူး။ ဒါပေမယ့် ကျနော်မသေသေးသ၍ ဒီ(ဆိုတရှားပူဇော်ပွဲ) အစဉ်အလာကို ဆက်လုပ်မယ်။ အဝေးရောက်နေတဲ့ သူတွေအတွက်တော့ သူတို့အကြောင်းပြချက်နဲ့ သူတို့ပေါ့။ ကျနော်ကတော့ ဘယ်တော့မှ ဝေးမှာမဟုတ်ဘူး။ ကျနော်တို့ဆက်လုပ်မှာဘဲ နောက်ပြီး ဒီအစဉ်အလာကို နောင်လာနောက်သားတွေကိုလည်း ဆက်ဆင့်ကမ်းပေးရမှာဘဲ။”



