ဘာသာရေးကို အခြေခံပြီး ကရင်နီအချင်းချင်း သွေးမကွဲကြဖို့ ...

ဘာသာရေးကို အခြေခံပြီး ကရင်နီအချင်းချင်း သွေးမကွဲကြဖို့ ...
by -
ကူးဒူ

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ကရင်နီပြည် တပ်မတော် ဗိုလ် နိုနိုဦးဆောင်တဲ့ ပြောက်ကျား တပ်ဖွဲ့မှ ဆရာတော် တျေးဖဲကားကို မှားယွင်းပစ်ခတ်ခဲ့တယ်ဆိုတဲ့ သတင်းကို ကန္တာရဝတီတိုင်း(မ်) သတင်း ...

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ကရင်နီပြည် တပ်မတော် ဗိုလ် နိုနိုဦးဆောင်တဲ့ ပြောက်ကျား တပ်ဖွဲ့မှ ဆရာတော် တျေးဖဲကားကို မှားယွင်းပစ်ခတ်ခဲ့တယ်ဆိုတဲ့ သတင်းကို ကန္တာရဝတီတိုင်း(မ်) သတင်းဝက်ဆိုက်မှာ တင်ပြထားတာကို ဖတ်ပြီး စိတ်မကောင်းဖြစ်မိပါတယ်။ ဒါပေမဲ့ သတင်းဖတ်ရတာ စိတ်မကောင်းဖြစ်မိတာထက် ပေးထားတဲ့ ဝေဖန်ချက် (ကော်မက်) တွေကို ဖတ်ပြီး စိုးရိမ်ပူပန်မှုတွေ ဖြစ်နေမိတာကိုက ပိုဆိုးလှပါတယ်။

ကရင်နီ မျိုးနွယ်စုများ (ဓါတ်ပုံ-ကေတီ)ကော်မက်ပေးထားတဲ့ အယောက် ၃၀ ဆယ်ထဲက အချို့ ကော်မက်တွေက ဝေဖန် ရှုတ်ချထားတာထက် ကဲ့ရဲ့ သရော်ထားတာတွေကိုပါ တွေ့ရပါတယ်။ သတင်းနဲ့ ပေးထားတဲ့ ကော်မက်တွေကို အားလုံးခြံုပြီး ကြည့်လိုက်တော့ ကျနော်တို့ ကရင်နီ အမျိုးသား အချင်းချင်းကြားမှာ နားလည်မှုတွေ လွဲမှားလာတာတွေနဲ့ မုန်းတီးမှုတွေ ဖြစ်ပေါ်လာနိုင်တဲ့ သဘောကို ဆောင်နေပါတယ်။ တစ်ချက်က ကေတိုင်း(မ်)အနေနဲ့ အဖြစ်မှန်ကို နားလည်နိုင်အောင် စုံစုံလင်လင် တင်ပြမှု အားနည်းနေတာရယ်၊ နောက်တစ်ချက်က ကော်မက်ပေးသူ အများစုက အီးမေး အင်တာနက်တွေ သုံးတတ်တဲ့ အဆင့်ရှိသလောက် ပြဿနာအပေါ် စေတနာမမှန်တဲ့ အသုံးအနှုန်းတွေနဲ့ ပြောချင်ရာပြော၊ ရေးချင်တာ ချရေးနေတာဘာဘဲ။

ဒီသတင်းနဲ့ ကော်မက်တွေကို ပြုသူနဲ့ခံရသူတို့ဘက်ကလည်း ဖတ်မိ၊ ကြားမိကြရပါလိမ့်မယ်ဆိုတဲ့ ယူဆချက်နဲ့ ဒီအကြောင်းအရာနဲ့ အဖြစ်မှန်ရဲ့အနှစ်ကို စာဖတ်သူတွေကြားမှာ ပိုမိုနည်းလည်သဘောပေါက်ရလေအောင် ရည်ရွယ်ချက်နဲ့ အကြောင်းအရင်းနဲ့ ဆက်စပ်သက်ဆိုင်နေကြတဲ့ သူတွေကို ပြန်လည်မေးမြန်းပြီး တင်ပြထားပါတယ်။
ဖြစ်ပျက်မှုနဲ့ပတ်သက်ပြီး ကရင်နီပြည်က ဘုန်းတော်ကြီးတစ်ပါးက ယခုလိုမိန့်ကြားပါတယ်။

“တောင်းပန်တယ် မတောင်းပန်ဘူး ဆိုတာက တဘက်လူရဲ့ အသိတရားနဲ့ နားလည်မှုအပေါ်မှာပဲ မူတည်ပါတယ်။ ပစ်မှားတယ် မမှားဘူး ဆိုတာထက် နောက်ထပ် ဒီလို အဖြစ်မျိုး ထပ်ခါမဖြစ်လာဖို့က ပိုအရေးကြီးပါတယ်။ အရင်တစ်ခေါက်တုန်းကလည်း တစ်ခါဖြစ်ဖူးပြီးပြီ ဘုန်းတော်ကြီးတစ်ပါးနဲ့ ကားသမားပါ ဒဏ်ရာရထားပြီးပြီလေ ။ အခုကျနော်တို့ သွားလာနေတာကလည်း ဘာသာရေးတစ်ခုထဲ အတွက်ကြောင့်နဲ့ သွားလာနေတာမဟုတ်ဘူး အဲဒီဒေသ ဖွံဖြိုးဖို့အတွက်လည်း များစွာပါဝင်ပါတယ်”

ဆက်လက်ပြီး ဘုန်းတော်ကြီးက “နောက်ပြီး ကျနော်တို့ ကက်သလစ်ခုထဲ လုပ်ဆောင်သွားတာလည်း မဟုတ်ဘူး တခြားဘာသာရေး ခေါင်းဆောင်တွေနဲ့ ပူးပေါင်းပြီး လုပ်ဆောင်နေကြရပါတယ်။ ပြီးတော့ ကက်သလစ် ဘာသာဝင်တွေပဲ ခွဲခြားပြီး လုပ်ပေးနေတာလည်း မဟုတ်ဘူး။ အဲဒီဒေသမှာ ရှိနေတဲ့ ပြည်သူတွေအတွက် လုပ်ဆောင်ပေးနေတာပဲဖြစ်တယ်။”

ကရင်နီပြည် လွိုင်ကော်သာသနာ ကက်သလစ် ခရစ်ယာန်ဂိုဏ်းအုပ် ဆရာတော် ဘစ်ရှော့ တျေဖဲရဲ့ ကား (နံပါတ်= ၄/က ၃၇၅၄) ကို ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့က ဖရူဆိုမြို့နယ် ရေဖရားကျေးရွာ နံဘေးရဲ့ တံတားထိပ်မှာ ကရင်နီတပ်မတော်တို့မှ မှားယွင်းပစ်ခတ်ခဲ့ပါတယ်။

ဆရာတော် ဘစ်ရှော့ရဲ့ကားအား မှားယွင်းပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ဖြစ်ပျက်ပုံကို ကရင်နီပြည်ထဲရေးမှ ယခုလိုရှင်းပြပါတယ်။

“ကျနော်တို့က အပစ်ရပ်အဖွဲ့အစည်းတွေကလွဲလို့ ဘာတစ်ခုမှ တားမြစ်ကန့်သပ်ချက်ဆိုတာတော့ မရှိပါဘူး။ လွတ်လွတ်လပ်လပ် သွားလာနေကြတာပါပဲ။ ဒါပေမဲ့ အပစ်ရပ်အဖွဲ့တွေကိုတော့ သူတို့ကို ပြောထားတာတွေတော့ ရှိတယ်။ လိုင်းကားတွေ ပြည်သူတွေ စီးတဲ့ကားတွေနဲ့အတူ လိုက်မစီးဖို့တော့ ပြောထားတယ်။ ဒါပေမဲ့ မရဘူး သူတို့အရပ်သားလိုလုပ်ပြီး သေနတ်ကို ထိုင်ခုံအောက်မှာ ဖွက်ထားတာမျိုး လုပ်နေကြတယ်။ ကားသမားတွေကိုလည်း ဝမ်နီ (warning) ပေးတာလည်း ရှိတယ်။ ဒါပေမယ့် သူတို့လည်း ကြောက်နေရတယ်လေး။ ဟိုဘက်လူလည်း လက်နက်လည်း ရှိနေတာ ကျနော်တို့က သူ့ကိုလိုက်မစီးဖို့ ပြောတယ်။ ဒါပေမဲ့ မရဘူး သူတို့လည်း ငါတို့ကို စိတ်တိုတော့ ငါတို့လည်း သူတို့နေရာကို ကြောက်နေရတာပါပဲလေလို့ လိုင်းကားသမားတွေက ငါတို့ကိုပြန်ပြောတယ်”
ကရင်နီပြည် အမှတ် ၃ ခရိုင် အုပ်ချုပ်ရေးမှူး ခူးလော်ရယ်က ရှင်းပြသွားတာပါ။

“အဲဒီအတွက်ကြောင့် ကျနော်တို့ကလည်း လိုင်းကားတွေကို ရပ်ခိုင်းပြီး အစစ်ဆေးလုပ်နေရတာပါ။ အဲဒီ ဆရာတော် ကားကို ပစ်ခံရတာလည်း တကယ် မှားပြီးပစ်မိတာပါ။ ဘာဖြစ်လဲဆိုတော့ ရဲဘော်တွေက အရှေ့နဲ့အနောက်ကို လိုက်မမှီကြဘူး။ အရှေ့သွားနေတဲ့ ရဲဘော်တွေက ရွာထဲအထိရောက်နေကြပြီလေ ရဲဘော်သုံးယောက်က ဆရာတော်ကားကို စစ်ဆေးနေတယ်။ နောက် အနောက်ကနေလာတဲ့ ရဲဘော်တွေက မသင်္ကာ လူသုံးယောက်ထွက်ပြေးတာကို သူတို့တွေ့တယ် ကားရှေ့မှာနေတဲ့ သူတို့အဖော်သုံးယောက်နဲ့ ကားကိုတွေ့လိုက်တဲ့အခါတော့ ရန်သူနဲ့မှားပြီး ရ၉ တစ်လုံးနဲ့ အရင်ဆုံးပစ်လိုက်တယ်။ ကံကောင်းလို့ မကွဲဘူး အဲဒီကျဉ်က ကွဲမယ်ဆိုရင်တော့ အဲမှာရှိနေတဲ့သူ သာမက ငါတို့ရဲဘော် သုံးယောက်ကိုလည်း ရှုံးနေပြီးသားပဲလေ။ ဒါပေမဲ့ အခုက ကျနော် ပြည်ထဲရေးဝန်းကြီးနဲ့ တိုင်ပင်ပြီး ဘုန်းတော်ကြီးတွေကို ပြန်တောင်းပန်ဖို့နဲ့ အဲဒီပစ်မှားတဲ့ ရဲဘော်တွေကိုလည်း အနောက်ကို ပြန်ပို့လာခိုင်းပါတယ်။”

တကယ်တမ်းတော့ ကရင်နီပြည်ဟာ ပြည်တွင်းစစ်တွေ ဖြစ်ပျက်နေသေးတဲ့ ပြည်တစ်ပြည်ဖြစ်ပါတယ်။ ကရင်နီတော်လှန်ရေး တပ်မတော်တို့နဲ့ မြန်မာစစ်တပ်တို့အကြား ဘယ်အချိန်မဆို နှစ်ဦးနှစ်ဘက် ပစ်ခတ်မှုတွေ အချိန်အကန့်အသတ်မှရှိဘဲ ဖြစ်ပွားတတ်ပါတယ်။

ပြီးခဲ့တဲ့ ၁၉၉၅ ခုနှစ်က စစ်တပ်ဘက်မှ ဗိုလ်ချုပ်ခင်ညွန့် ဦးဆောင်ပြီး ကရင်နီအမျိုးသား တိုးတက်ရေးပါတီနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့ပေမဲ့လည်း သုံးလခန့်အကြာ နှစ်ဦးနှစ်ဘက် အပစ်ခတ်ရပ်စဲရေး ပြန်လည်ပျက်ပျယ်ခဲ့ပြီး ယနေ့ထိတိုင် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပေါ်နေပါတယ်။

နှစ်ဦးနှစ်ဘက် တိုက်ပွဲတွေပြန်လည်ဖြစ်ပေါ်နေခဲ့ရတဲ့ အပေါ်မှာ ပြည်တွင်းမှ နယ်စပ်သို့ခရီးသွားလာနေကြတဲ့ ပြည်သူလူထုတို့အနေဖြင့် စစ်တပ်ကားများအား မစီးကြရန် ကေအဲန်ပီပီဘက်မှ အရေးပေါ်ထုတ်ပြန်ချက်တွေ ထုတ်ထားပါတယ်။

ထိုအရေးပေါ်ထုတ်ပြန်ချက်တွေဟာ မြန်မာစစ်တပ်နဲ့ ကေအဲန်ပီပီတပ်တို့အကြား တိုက်ပွဲတွေ ဖြစ်ပျက်နေသ၍ သက်ရောက်မှုတွေ ရှိနေသေးတယ်ဆိုတဲ့ သဘောပါဘဲ။ တော်လှန်ရေးကာလနဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပေါ်နေတဲ့ ကရင်နီပြည်မှာ နောက်ဆက်တွဲ ယခုအဖြစ်အပျက်တွေလို ထပ်မံမကြံုတွေ့နိုင်ဘူးလို့ ယခုချိန်မှာဘယ်သူမှ မပြောနိုင်သေးပါဘူး။

ဒါပေမဲ့ ကရင်နီပြည်က နိုင်ငံရေးနဲ့ စစ်ရေးပြဿနာတွေကို သက်ဆိုင်တဲ့ နှစ်ဦးနှစ်ဘက်တို့မှ မျက်နှာချင်းဆိုင်ထိုင်ပြီး ဖြေရှင်းကြဖို့ စိတ်ဆန္ဒမရှိမချင်း၊ လက်တွေ့ကျကျ မဆောင်ရွက်မချင်း ယခုလိုပြဿနာတွေ အနည်းနဲ့အများရှိနေဦးမှာပါဘဲ။

ဒီနေရာမှာလမ်းကြောင်းတစ်ခု ပေးကြည့်ချင်တာကတော့ တိုက်ပွဲတွေ စဉ်ဆက်မပြတ်ဖြစ်နေတဲ့ ကရင်နီပြည်မှာ ခရီးသွားလာနေကြတဲ့ ပြည်သူတွေအနေနဲ့ စစ်တပ်ကား၊ အပစ်ရပ်ကားတို့ကို မစီးဘဲ ခရီးသည်ကားကိုသာ တတ်နိုင်သလောက် ရွေးချယ်စီးကြဖို့ လိုအပ်သကဲ့သို့ ခရီးသည်ကားဖြစ်စေ ဘာသာရေးကားဖြစ်စေ လက်နက်ကိုင်ဆောင်သူအားလုံးတို့ကို ကားမပေးစီးကြဖို့ လုပ်ဆောင်ပေးကြရပါမယ်။

မည်သည့်လက်နက်ကိုင် အဖွဲ့အစည်းတို့မဆို လမ်း၌ ကားရပ်စစ်ဆေးမှုများပြုလုပ်ခြင်း၊ လက်နက်ကိုင်ထားသူတို့က တစုံတရာ ကမ်းလှမ်းမှုပြုလုပ်လာပါက ကားသမားတို့အနေနှင့်ဖြစ်စေ၊ ခရီးသည်တို့အနေနှင့်ဖြစ်စေ မိမိအသက်အန္တရာယ်ကို ရှေ့တန်းတင်ကာ တတ်နိုင်တဲ့ဘက်ကနေပြီး ပူးပေါင်းဆောင်ရွက်မှုတွေပေးကြဖို့ လိုအပ်ပါလိမ့်မယ်။

ကရင်နီပြည်က မတည်ငြိမ်သေးတဲ့ နိုင်ငံရေးအခြေအနေတို့အပေါ် အခြေခံပြီး ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့က မှားယွင်းပစ်ခတ်မှုဟာ မည်သည့်ဘက်ကမှားတယ်၊ မည်သူဘက်ကမှန်တယ်ဆိုတဲ့ အငြင်းပွားနေမှုထက် ဘာသာရေးခေါင်းဆောင်ရဲ့ ကားပစ်ခတ်ခံရလို့ ဘာသာရေးကိုအခြေခံပြီး ကရင်နီအချင်းချင်းသွေးကွဲစေတဲ့ အဖြစ်မျိုးတော့မရောက်ဖို့ အလွန်အရေးကြီးလှပါတယ်။

ကရင်နီပြည်ဟာ တခြားပြည်နယ်တွေထက် ထူးခြားနေတာက ကယားလူမျိုးထက် တခြားသော ညီအစ်ကို မျိုးနွယ်စုတွေ ညီညီညွတ်ညွတ်နဲ့ အတူတကွ လက်တွဲနေထိုင်ကြသလို ဘာသာပေါင်းစုံနဲ့ မိရိုးဖလာ၊ ရိုးရာယဉ်ကျေးမှုတို့ကို နှစ်ပေါင်းရာနဲ့ထောင်နဲ့ချီပြီး အထွတ်အထိပ်ထား ယုံကြည်လာကြတဲ့ ပြည်နယ်တစ်ပြည်နယ်ပါ။

Most read this week