ပလောင် လူမျိုး ဆိုသည်မှာ မြန်မာနိုင်ငံ အစိုးရက နှစ်မျိုးနှစ်းစား ရှိကြောင်း ရေးသား ထားပါသည်။ အစိုးရသည် ရွှေပလောင်၊ ငွေပလောင် ဆိုပြီး ၄င်းတို့ အသုံးအဆောင်နှင့် အဆောင်အယောင်များကို စံထားပြီး ခွဲခြား ထားကြပါသည်။
အပိုင်း (၁)
ပလောင် လူမျိုး ဆိုသည်မှာ မြန်မာနိုင်ငံ အစိုးရက နှစ်မျိုးနှစ်းစား ရှိကြောင်း ရေးသား ထားပါသည်။ အစိုးရသည် ရွှေပလောင်၊ ငွေပလောင် ဆိုပြီး ၄င်းတို့ အသုံးအဆောင်နှင့် အဆောင်အယောင်များကို စံထားပြီး ခွဲခြား ထားကြပါသည်။ သို့သော် ဤကဲ့သို့ ခွဲခြားထားခြင်းကို ပလောင် လူမျိုးများက မနှစ်သက်ကြသဖြင့် ၄င်းတို့၏ လူမျိုး အမည်ကို “တအာင်း” သာ ဖြစ်သည်ဟု အစားထိုး ခေါ်ဝေါ်လာခဲ့ကြပါသည်။
မြန်မာနိုင်ငံသည်လူမျိုးကြီး (၈) မျိုးနှင့်လူမျိုးငယ် တစ်ရာကျော်မှီတင်းနေထိုင်ကြသောနိုင်ငံ ဖြစ်ပေသည်။ဤနိုင်ငံထဲ၌ရှိသည့် လူဦးရေ များပြားသော ဗမာ လူမျိုးတို့သည်မြန်မာနိုင်ငံကိုတစ်ခုတည်းသောအချုပ်အခြာ ပိုင်စိုးသည့်အုပ်ချုပ်မှုစနစ် ပုံစံရရေးကိုပုံဖေါ်လာခဲ့ကြပါသည်။ ဤကဲ့သို့မဟာ လူမျိုးကြီး စိတ်ကိုအခြေခံပြီး တစ်ပြည်ထောင် စနစ်ကျင့်သုံးလာကြသဖြင့်လက်မခံနိုင်သည့်တိုင်းရင်းသား လူမျိုးများကမိမိတို့ လူမျိုးအတွက် လွတ်မြောက်ရေး စစ်ပွဲများဆင်နွှဲလာခဲ့ကြသည်မှာယနေ့အထိ ဖြစ်ပါသည်။
လွတ်မြောက်ရေး စစ်ပွဲတို့ မည်သည်မှာလှေနံဓါး ထစ်လုပ်ရသောလုပ်ငန်းမျိုး မဟုတ်ပါချေ။ဤစစ်ပွဲမျိုးတွင်မူလရည်ရွယ်ထားသည့်ရည်မှန်းချက်များ အပြင်ဖြစ်ပေါ်လာသောလူထုများ၏အကျိုးစီးပွားများ အပြောင်းအလဲကိုအခြေခံပြီးမဖြစ်မနေ ထမ်းဆောင်ရမည့်ပူးတွဲ တာဝန်များလည်းရှိတတ်ပါသည်။
ဤသဘော တရားအရတအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (Taang National Liberation Army) သည်အမျိုးသား တန်းတူရေးနှင့်ကိုယ်ပိုင် ပြဌာန်းခွင့် ရရှိရေးကိုမူလက ရည်မှန်း ခဲ့ပါသည်။သို့သော်လည်းဖြစ်ပေါ်နေသောလူထု၏ဒေသတွင်းဘိန်းစိုက်ပျိုးမှုနှင့်ဘိန်းစွဲနေမှုအခြေအနေများကြောင့်အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲ အပြင်တချိန်ထဲတွင်ဘိန်းတိုက်ဖျက်ရေးစစ်ပွဲ တာဝန်ကိုပါပူတွဲ ထမ်းဆောင် လာနေရကြောင်းTNLA အရာရှိ များကဆိုပါသည်။
တအာင်းခေါ်ပလောင် လူမျိုးတို့သည်မြန်မာနိုင်ငံရှမ်းပြည်နယ် မြောက်ပိုင်းဒေသ၊မန္တလေးတိုင်း နယ်စပ်နှင့်ကချင်ပြည်နယ် အစပ်တို့တွင်နေထိုင်ကြပါသည်။အထူးသဖြင့်ရှမ်းပြည် မြောက်ပိုင်းမှနမ့်ဆန်မြို့နယ်၊မန်တုန်မြို့နယ်၊နမ့်ခမ်းမြို့နယ်၊ကွတ်ခိုင် အနောက်ခြမ်း ဒေသ၊ကျောက်မဲမြို့နယ်မြောက်ခြမ်းဒေသ၊မိုးမိတ်မြို့နယ်၊မိုးကုတ်မြို့နယ်နှင့်နမ္မတီး မြို့နယ်များ၌ အခြေချ နေထိုင်ကြပါသည်။ လူဦးရေ တစ်သန်းခန့် ရှိနိုင်ကြောင်း တအာင်း အမျိုးသား တပ်မတော် (TNLA)က ခန့်မှန်းထားပြီး အစိုးရကမူ လူဦးရေ (၆) သိန်းကျော် ရှိသည်ဟု စာရင်း ကောက်ခံထားပါသည်။
တအာင်း လူမျိုးတို့သည်၊ အထူးသဖြင့် လက်ဖက် စိုက်ပျိုးရေး လုပ်ငန်းများဖြင့် အသက်မွေးကြပါသည်။ ဤသို့ကြောင့် အင်္ဂလိပ် အစိုးရ ခေတ်ကတည်းက တအာင်းတို့၏ လက်ဖက် လုပ်ငန်းများကို အားပေးသည့် အနေဖြင့် စနစ်တကျ ရင်း နှီးမြှုပ်နှံမှု ပေးခဲ့ကြပါသည်။ ခေတ်အဆက်ဆက်မှ အစိုးရ တို့သည်လည်း တအာင်းတို့၏ လက်ဖက် လုပ်ငန်းအပေါ် အားပေး လာခဲ့ကြပါသည်။
သို့သော် (၁၉၆၂)ခုနှစ် စစ်အာဏာရှင် စနစ် ထွန်းကားချိန်မှ စပြီး၊ တအာင်း လူမျိုးတို့ အပေါ် နိုင်ငံရေး ဖိနှိပ်မှုများ ဖြစ်လာ ခဲ့ပါသည်။ ဤသို့ကြောင့် တအာင်း လူမျိုးများသည် အမျိုးသား လွတ်မြောက်ရေးအတွက် (၁၉၆၃) ခုနှစ် ဇန္နာရီ တရက်နေ့ တွင် စတင် တော်လှန်ခဲ့ရာ ပလောင်ပြည် လွတ်မြောက်ရေး ပါတီ (PSLP) ကို ဖွဲ့စည်း ခဲ့ပါသည်။ ပလောင်ပြည် လွတ်မြောက်ရေး တပ်မတော် (PSLA) ကိုမူ (၁၉၇၆) ခုနှစ်တွင် ပြန်လည် ဖွဲ့စည်း ခဲ့ပါသည်။
ပလောင် (တအာင်း) ပြည်လွတ်မြောက်ရေး တပ်မတော် (PSLA) သည် (၁၉၉၁) ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့ပြီး အထူးဒေသ (၇) အဖြစ် အသိအမှတ် ပြုခဲ့ပါသည်။ အထူးဒေသ (၇) ၏ ဧရိယာမှာ ရှမ်းပြည်မြောက်ပိုင်းမှနမ့်ဆန် မြို့နယ်၊မန်တုန်မြို့နယ်၊နမ့်ခမ်းမြို့နယ်၊ကွတ်ခိုင် အနောက်ခြမ်း ဒေသ၊ကျောက်မဲမြို့နယ်မြောက်ခြမ်းဒေသ၊မိုးမိတ် မြို့နယ်၊မိုးကုတ်မြို့နယ်နှင့်နမ္မတီးမြို့နယ်များဖြစ်ကြောင်း အသိအမှတ် ပြုထားပါသည်။
ဦးအိုက်မွန်း ခေါင်းဆောင်သော PSLA အဖွဲ့သည် အစိုးရ၏ အကြပ်ကိုင်မှုဖြင့် (၂၀၀၅) ခုနှစ်တွင် အစိုးရထံ လက်နက် အပ်ခဲ့ရပါသည်။ ဤကဲ့သို့ လက်နက် အပ်ခဲ့ရသဖြင့် အစိုးရက သတ်မှတ်ပေးထားသော အမှတ် (၇) ပလောင်ဒေသ၏ လုံခြုံမှုကို ထိခိုက် လာစေခဲ့ပါသည်။ ဤသို့ကြောင့် လက်နက်အပ်ပြီး မကြာခင် အချိန် အတွင်းမှာပင် တအာင်း (ပလော င်) ဒေသ၌ ဥပဒေစိုးမိုးမှု ကျဆင်းလာပြီး မူးယစ်ဆေးဝါရောင်းဝယ်ဖြန့်ဖြူမှုများ အပါအဝင် ဒေသတွင်း လုယက်မူနှင့် အနိုင်ကျင့် မှုများ တိုးတက်များပြား လာစေခဲ့ကြောင်း တအာင်းဒေသခံများက ဆိုပါသည်။
PSLA သည် (၁၉၉၁)ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲလိုက်သဖြင့်၊ အပစ်အခတ်ရပ်စဲရေးကို လက်မခံသော PSLA အဖွဲ့ဝင်တချို့သည် (၁၉၉၂) ခုနှစ်တွင် ပလောင် အမျိုးသား လွတ်မြောက်ရေး တပ်ဦး ( PSLF) ကို ဖွဲ့စည်း လိုက်ပါ သည်။ ဤတပ်ဦးမှ ယနေ့မြင်တွေ့နေရသော တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်။
TNLAသည် သွေးစည်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့ဝင်ဖြစ်ပြီး၊ ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) နှင့် ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP)တို့၏ စစ်ရေးမဟာမိတ်အဖွဲ့ဝင်လည်း ဖြစ်ပါသည်။ TNLA သည် တအာင်း လူမျိုးတို့၏ တခုတည်းသော လွတ်မြောက်ရေး တပ်မတော်ဖြစ်ပြီး လက်ရှိ၌ အင်အားနှစ်ထောင်ခန့် ရှိ သည်ဟု ခန့်မှန်း ထားကြပါသည်။
TNLA သည် လွတ်မြောက်ရေး တိုက်ပွဲ အပြင် စီးပွားရေး ကျဆင်းမှုမှ ပေါ်ပေါက်လာသော လူမှုရေး ကိစ္စများကိုပါ ဦးတည်ချက်ထားပြီး ဖြေရှင်းလာနေရပါသည်။ ၄င်းမှာ တအာင်းဒေသ၌ လက်ရှိဖြစ်ပွားနေသော မိရိုးဖလာလက် ဖက် စိုက်ခင်းနေရာတွင် ဘိန်းစိုက်ခင်းများဖြင့် အစားထိုး စိုက်ပျိုး လာနေမှု ပြသနာပင် ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ စီးပွားရေး အခြေအနေသည် (၁၉၆၂) ခုနှစ် စစ်အာဏာရှင် စနစ် စတင်ခဲ့သည့် အချိန်မှ စပြီး ပြည်သူများ၏ ပိုင်ဆိုင်မှုကို ပြည်သူပိုင် အဖြစ် သိမ်းဆည်း ရာမှ တဖြည်းဖြည်း ကျဆင်း လာခဲ့သည်ဟု စီးပွားရေး ပညာရှင်များက ဆိုပါသည်။ တနည်းအားဖြင့် ဗိုလ်ချုပ်ကြီးနေဝင်း ခေါင်းဆောင်သော စစ်အာဏာ သိမ်းအဖွဲ့၏ ဆိုရှယ်လစ် စီးပွားရေး စနစ်ကြောင့် နောက်ဆုံးတွင် မြန်မာနိုင်ငံသည် ကမ္ဘာ့ အဆင်းရဲဆုံး နိုင်ငံ (LDC) စာရင်းဝင် အဖြစ် ဒေဝါလီ ဘဝရောက်သွား ခဲ့ပါသည်။
ဤသို့ကြောင့် ဗိုလ်ချုပ်ကြီး နေဝင်း၏ မြန်မာ့ ဆိုရှယ်လစ် စီးပွားရေး စနစ်သည်လည်း ၁၉၈၈ ခုနှစ် အောာက်တိုဘာလ တွင် နိဂုံး ချုပ်ခဲ့ရပါသည်။ သို့သော်လည်း ၄င်းတို့ မွှေးမြူ ထားခဲ့သော စစ်တပ်ကိုပင် နိုင်ငံအာဏာကို ထပ်မံလွှဲခဲ့ပါသည် ။ အာဏာသိမ်းယူ ခဲ့ သော တပ်မတော်သည်လည်း လမ်းစဉ်ဟောင်း အတိုင်းပင် ၄င်းတို့ အာဏာ တည်မြဲရေးအတွက် ဦးပိုင်လီမိတက် ကုမ္ပဏီတည်ထောက်ပြီး ဆိုးမွှေစီးပွားရေး စနစ် အတိုင်း အနှစ် (၂၀)ကျော် ဆက်လက် ကျင့်သုံး ခဲ့ပါ သည်။
ဤသို့ကြောင့် ဆင်းရဲမွဲတေမှု၊ အလုပ်လက်မဲ့များ၊ သယံဇာတ အလွှဲသုံးစားပြုမှု၊ မှားယွင်းသော စီးပွားရေးစနစ်များ ဆက်လက်ဖြစ်ပေါ်နေခဲ့ပါသည်။ ဤဂယက်ရိုက်ခတ်မှုသည် တအာင်းဒေသတွင်လည်း ခါးစည်းစွာ ရင်ဆိုင်နေရပါ သည်။
တအာင်း လူမျိုးများသည် မိရိုးဖလာ အစဉ်အလာအရ လက်ဖက် လုပ်ငန်းဖြင့် အသက်မွှေးလာကြပါသည်။ သို့သော် လက်ဖက်လုပ်ငန်းခွင် ပြောင်းလဲ တိုးတက် လာစေရေးအတွက် လိုအပ်သော နည်းစနစ်များ၊ ကိရိယာများနှင့် စျေးကွက်များ မဖန်တီးပေးနိုင်ခဲ့ကြသဖြင့် တအာင်းတို့၏ လက်ဖက်များ တဖြည်းဖြည်းနှင့် စျေးကျ လာခဲ့ပါသည်။ ဤသည် အစိုးရ ၌လည်း တာဝန်ရှိပါသည်။
ဤသို့ကြောင့် တအာင်းတို့၏ လက်ဖက်လုပ်ငန်းခွင်သည် အင်္ဂလိပ် အစိုးရခေတ်က ချပေးထားခဲ့သော နည်းစနစ်နှင့် ကိရိယာများဖြင့်သာ ယနေ့ အထိလည်ပတ် နေရခြင်းဖြစ်ပါသည်။ ဤသို့သော အခြေအနေ၌ လည်ပတ်နေရသော မိရိုး ဖလာရိုးရာ လက်ဖက် လုပ်ငန်းသည် စျေးကွက် မတွင်လာတော့သဖြင့် စိုက်ပျိုးတောင်သူများ၏ ရပ်တည်ရေးကို ထိခိုက် လာစေပါသည်။
“ ဘိန်းကို အထူး စိုက်ပျိုး လာကြပါတယ်။ဖြစ်ပုံကတော့ လက်ဖက်၁ပိသာကိုမြန်မာငွေ၅၀၀၀ကျပ်နဲ့စျေးဖွင့် ထား ပြီး တော့ တကယ်ရောင်းတဲ့ အချိန်ကျတော့၂၅၀၀စျေးပဲ ရှိတော့တယ်။မိုးတွင်းဆိုရင်ပိုဆိုးတယ် တထောင် ကျပ်ပဲ ရတော့တယ်ဒါကြောင့်လက်ဖက် စိုက်တဲ့ ဘဝနဲ့ရပ်တည်ဖို့ခက်ခဲလာတာပေါ့။ဘိန်းဆိုရင် ၁ပိသာကို မြန်မာငွေသိန်း၂၀ကျပ်ရတယ်။ စဉ်းစားကြည့်ပေါ့။ ဘာကြောင့် ဘိန်းကို ပိုစိုက်လာရသလဲဆိုတာ” ဟု နမ့်ခမ်းဒေသခံ တဦးက ဆိုပါသည်။
ဘိန်းစိုက်ပျိုးရေးကို ပိုမို တိုးတက်စေသည့် နောက်အကြောင်းတရားတခုမှာ ဒေသ အာဏာပိုင်များ၏ အားပေးမှုကြောင့် ဖြစ်သည်ဟု ဒေသခံများက ဆိုပါသည်။ ဥပမာ နမ့်ခမ်းမြို့နယ် ပန်ဆေးဒေသ၏ ဘိန်းစိုက်ပျိုးမှုများကို လွှတ်တော် အမတ်ဦးကျော်မြင့် ကိုယ်တိုင် ရှေ့ဆောင်နေခြင်းပင်ဖြစ်သည်။ ၄င်းတို့သည် ဘိန်းစိုက်သူ တောင်သူများအား ဖမ်းဆီးမှုမှ ကင်းလွတ် ခွင့်ပေးခြင်းနှင့် လွတ်လပ်စွာ ရောင်းဝယ်နိုင်ခြင်း အာမခံချက်တို့ကြောင့် ဘိန်းစိုက်ပျိုးမှုကို ပိုမို တိုးတက် များပြားလာ စေခြင်း ဖြစ်သည်ဟု ဆိုပါသည်။
အပိုင်း (၂)
ဤတိုးတက်မှုများသည် တအာင်း လူမျိုးများကို မျိုးတုံး သွားစေရန် ဘိန်းစစ်ပွဲ ဆင်နွှဲ လိုက်ခြင်းဖြစ်သည်ဟု တအာင်း လူ မှုရေး အသင်းတစ်ခုက ဆိုပါသည်။ တိုးတက်မှု အရှိန်အဟုန်သည် မူလက အနည်းငယ်မျှ ခိုးစိုက်သည့် အဆင့်၌သာ ရှိခဲ့သော ဘိန်းစိုက်ပျိုးမှုသည် ယခုအချိန်တွင် မန်တုန်၊ ကွတ်ခိုင်၊ နမ့်ခမ်း( ပန်ဆေး)နှင့် လား ရှိုးမြို့နယ်များ၌ပင် ပိုမို စိုက်ပျိုး လာခဲ့ကြောင်း TNLA က စစ်တမ်း ကောက်ခံ ထားခဲ့ပါသည်။ ထို့အပြင် စိုက်ပျိုး ထုတ်လုပ်မှုနှင့် အပြိုင် စားသုံးမှု၌လည်း ပိုမို များပြား လာနေပြီး ထိုအထဲမှ အမျိုးသမီးများ၏ ဘိန်းသုံးစွဲမှုနှုန်း မြင့်တက် လာနေခြင်းသည် အဆိုးဆုံးပင် ဖြစ်ကြောင်း ဆိုပါသည်။
“ ရွာထဲ ၀င်လိုက်ရင် မူးရစ်ဆေး မသုံးတဲ့သူ ရှိသလားလို့ မေးပါ။ အဲဒါ အဖြေမှန်။ အရင်တုန်း ကတော့ ရွာထဲမှာ မူးရစ်ဆေး သုံးတဲ့သူ ရှိသလားလို့ မေးခဲ့ကြတယ် မဟုတ်လား။ အခုတော့ ပြောင်ပြန် မေးရတော့ မယ်လေ။ အကြောင်း ကတော့ တအာင်း ရွာတရွာထဲကို ၀င်လိုက်ရင်ဘဲ အဲဒီရွာရဲ့ လူငယ် (၇၀) ရာနှုန်းကျော်လောက်၊ ယောကျာ်း သက်သက် အနေနဲ့ ဆိုရင် (၉၂) ရာနှုန်းလောက်က မူးရစ်ဆေး သုံးလာတယ်။ ပြီးတော့ အဲဒီထဲမှာ အရင်ကလုံးဝ သုံးစွဲမှု မရှိခဲ့တဲ့ အမျိုးသမီး တွေလည်း (၄) ရာနှုန်း ကျော်ကျော် သုံးစွဲလာတာကို တွေ့ရပါတယ်။”ဟု ဆာဗေး ပြုလုပ်ခဲ့ရာမှ သိရှိခဲ့ရခြင်း ဖြစ်ကြောင်း တအာင်း အမျိုးသမီး အဖွဲ့ (TWO) က ဆိုပါသည်။
တအာင်း အမျိုးသမီးများ ပိုမို သုံးစွဲ လာခြင်းမှာ အကြောင်းနှစ်ချက် ရှိပါသည်။ (၁) ဘိန်းစွဲ လာနေသော လင်ယောကျင်္ား အပေါ် အရွဲ့ တိုက်ခြင်းနှင့် (၂) လက်ဖက် အလုပ်သမားများ အလုပ်လက်မဲ့ ဖြစ်ရာမှ ဘိန်းထုတ်လုပ်မှု အလုပ်သမားများ ဖြစ်လာ ခြင်းကြောင့်ဟု TWO က ဆိုပါသည်။ တချို့ အလုပ်ရှင်များသည် လုပ်အားခကို ငွေဖြင့် မပေးဘဲ ဘိန်းဖြင့်သာ ပေးချေရာက သုံးစွဲ လာကြသလို အလုပ် ပင်ပမ်းမှုကို ကာကွယ် ယူ၌လည်း မူးရစ်ဆေးကို သုံးစွဲ ခဲ့ကြသဖြင့် ပိုမို များပြားလာ ခဲ့ဖြစ်ကြောင်း ဆိုပါသည်။
ဟုတ်ပါသည်။ မြန်မာနိုင်ငံ၏ မူးရစ်ဆေးဝါး သုံးစွဲမှုပြသနာသည် စစ်အာဏာခေတ် ထဲမှာကိုပင် လက်ရှိ အစိုးရ လက်ထက်၌ ပိုမို အသုံးများ လာနေသည်ကို တွေ့ရကြောင်း ပြည်နယ်တိုင်း အသီးသီး၌ ရှိသော ရပ်မိရပ်ဖများက ဆိုလာနေ ကြပါသည်။ ထို့အပြင် မူးရစ်ဆေးဝါး ရောင်းဝယ်သူများ ထဲတွင်လည်း တပ်မတော် ၊ ရဲ နှင့် ထောက်လှမ်းရေး အဖွဲ့များ ကပါ ပါ၀င် ပါတ်သက်နေဖြင့် နှိမ်နှင်းမှုများ မရှိသလောက်ပင် ဖြစ်နေသည်ဟု ဆိုပါသည်။
အလားတူ တအာင်း ဒေသရှိ အစိုးရ တပ်မတော် စစ်ကြောင်း များသည်လည်း မူးရစ်ဆေးဝါး တိုက်ဖျက်ရေး အတွက် စစ်ကြောင်းများ ဖွဲ့ပြီး တအာင်း ဒေသကို မကြာခဏ စစ်ဆင် တိုက်ဖျက် ခဲ့ပါသည်။ သို့သော်လည်း လက်တွေ့၌မူ ဘိန်း တိုက်ဖျက်ရေး စစ်ဆင်ရေးထက် ဘိန်းဆပ်ကြေးများ တရားဝင် လာရောက် ကောက်ခံရေးသာ ဖြစ်ခဲ့သည်ဟု ဒေသခံ များက ဆိုပါသည်။ ဤသို့ကြောင့် မိမိတို့ ဘဝ ရပ်တည်ရေးကိုပင် ထိခိုက် လာနေသော စီးပွားရေး ကျဆင်းနေသည့် တအာင်း တောင်သူများသည် ဘိန်းစိုက်ပျိုးမှုကို အတင့်ရဲ လာခဲ့သည့် အပြင် သုံးစွဲမှု၌ပါ အတင့်ရဲ လာခဲ့ခြင်းဖြစ်ပါသည်။
ဤသို့သော အခြေအနေကြောင့် TNLA သည် မိမိတို့ တအာင်း လူမျိုးများ၏ ရှေ့ရေးအတွက် တာဝန်ကြီး တရပ်ဖြစ်လာကာ ဘိန်းစိုက်ပျိုးနေမှုနှင့် သုံးစွဲနေမှုကို တိုက်ဖျက်ရန် ဖြစ်လာ ပါတော့သည်။
TNLA ၏ မူးယစ်ဆေးဝါးနှင့် စပ်လျဉ်းသည့် သဘောထား
မူးယစ်ဆေးဝါးသည် တအာင်း အမျိုးသားထု တရပ်လုံး၏ အဓိက ရန်သူ တခုဖြစ်ပြီး တအာင်းဒေသတွင်း မူးယစ် ဆေးဝါး အမြစ်ပြတ် ပပျောက်သွားစေရန် အတွက် ပြည်သူလူထုနှင့်အတူ ဝိုင်းဝန်း တိုက်ဖျက် သွားကြရမည်။
စစ်အာဏာရှင် အုပ်စု အဆက်ဆက်သည် ၄င်းတို့၏ အကျိုးစီးပွါးနှင့် အာဏာရှင် စနစ် တည်မြဲရေး အတွက် တိုင်းရင်း သားများ နေထိုင်ရာ ဒေသများ၌ မူးယစ်ဆေးဝါး စိုက်ပျိုး ထုတ်လုပ် ရောင်းဝယ် သုံးစွဲမှုများကို နည်းအမျိုးမျိုးဖြင့် ခွင့်ပြု ထားခြင်းဖြင့် သော်လည်းကောင်း၊ တိုက်ရိုက် ပါဝင် ပတ်သက်သော နည်းဖြင့်လည်းကောင်း အကောင်အထည်ဖေါ် နေကြပါသည်။
သို့ဖြစ်ပါ၍ တအာင်း ဒေသအတွင်း မူးယစ်ဆေးဝါး ရောင်းဝယ် စိုက်ပျိုး ထုတ်လုပ် သုံးစွဲသည့် ပြဿနာများ ကျဆင်း ပျောက်ကွယ်ရန် အတွက် ပြည်သူလူထု တရပ်လုံးက လုပ်ဆောင်ရမည့် အမျိုးသားရေး တာဝန် တရပ်ဖြစ်သည်။
တအာင်းဒေသ အတွင်း မူးယစ်ဆေးဝါး ပြဿနာ အမှန်တကယ် ပပျောက် ကင်းစင်ရန်အတွက် တရားဥပဒေ စိုးမိုးရေး အခြေခံတွင် ပွင့်လင်းမြင်သာသော အုပ်ချုပ်မှုဖြင့် မူးယစ်ဆေးဝါး ပပျောက်ရေး စီမံကိန်းကို စနစ်တကျ လုပ်ဆောင်သွားရမည်။
PSLF/TNLA လက်စွဲစာအုပ်မှ ကောက်နှုတ်တင်ပြသည်။
TNLA သည် တအာင်းဒေသ၌ မူးရစ်ဆေးဝါး ကင်းစင်ရန်၂၀၁၂ခုနှစ်မှ စပြီး ပထမ (၄)နှစ် စီမံကိန်းကို စတင် အကောင်အထည် ဖေါ်ခဲ့ပါသည်။ တအာင်းဒေသ၏ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုနှုန်းသည် လက်ဖက် စီးပွားရေး ကျဆင်း လာခဲ့သည့် (၂၀၀၅-၂၀၀၆) ခုနှစ်၌ ကတည်းက စတင် တိုးချဲ့စိုက်ပျိုး လာခဲ့ခြင်း ဖြစ်သည်ဟု ဆိုပါသည်။ တိုးတက် လာရခြင်း အကြောင်းရင်းထဲမှာ-
TNLA နှင့်ဘိန်းတိုက်ဖျက်ရေးပြသနာ (ဗဟိုကော်မီတီဝင် တဦး၏ ပြောပြချက်များ)
၁) အထူးသဖြင့် မြို့နဲ့ဝေးပြီး လမ်းပမ်း ဆက်သွယ်ရေး ခက်ခဲတဲ့ နေရာမှာ သီးနှံ့နဲ့ တခြား စိုက်ပျိုးရတာ ခက်တယ်။ အဲဒီ က ထွက်တဲ့ သီးနှံတွေကို သယ်ဆောင်ရတာ ခက်ခဲတဲ့အတွက် လွယ်လွယ်ကူကူ သယ်လို့ပြုလို့ရမယ့် ဘိန်းကိုပဲ စိုက်ပျိုး လာကြတယ်။
၂) အာဏာပိုင်တွေ ကိုယ်တိုင်က လုပ်ပါ စိုက်ပါလို့ ပါးစပ်ကနေ ဖွင့်မပြောပေမယ့် စိုက်မယ်ဆိုရင် အနှောက်အယှက်မပေး ဘူးပေါ့။ ဘိန်းစိုက်တဲ့ သူတွေကို ဥပေက္ခာပြုထားတဲ့ပုံစံမျိုးဖြစ်နေပါတယ်။ ဒါကြောင့် ဘိန်းစိုက်ပျိုးမှုနှုန်းက ပုံမှန် တိုးတက် လာတာဖြစ်ပါတယ်။
(၃) လက်ဖက်စျေးနှုန်း လျော့ကျလာမှုကြောင့် ဘိန်းစိုက်ပျိုးမှု ပိုများ လာတာက ဒီလိုပါ။ လက်ဖက် အစို ၅ ပိသာမှ လက်ဖက် အခြောက် ၁ ပိသာရတယ်လေ၊ ၁ ပိသာရဖို့ ဆိုရင် အများကြီး ခူးရတယ်။ ပြီးတော့ မြို့ကို သယ်ဆောင်တဲ့ နေရာမှာလည်း ဘိန်းထက် ကုန်ကျစရိတ် များပြီး အခက်အခဲဖြစ်ရတယ်လေ။ ဒါကြောင့် လူတွေက လက်ဖက်ကို မခူးချင်တော့ဘူးပေါ့။” ဟု နမ့်ခမ်းဒေသခံများက ဆိုပါသည်။
TNLA တပ်မတော် အနေနဲ့၂၀၁၂ ခုနှစ် အလယ်ပိုင်း ကမှ စပြီး ဘိန်းတိုက်ဖျက်ရေးကို အဆင့်သုံးဆင့်နဲ့လုပ်ကြပါ တယ်။ ပထမတော့ ဘိန်းကို မစိုက်ဖို့အတွက်ပြောပါတယ်။ ဘိန်းစိုက်ခြင်းက ကျနော်တို့ဒေသရဲ့ ဆိုးကျိုး ဘယ်လိုရှိ သလဲ ဆိုတာ ပညာပေး လုပ်ငန်းတွေ လုပ်ပါတယ်။ စိုက်ခဲ့ရင်လည်း ဘယ်လို အရေး ယူသွားမလဲ ဆိုတာကို သုံးလေးလလောက် ပညာပေး ဟောပြောပွဲတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ကျတော့မှ ဘိန်းရောင်းဝယ်သူတွေကို ထိထိ ရောက်ရောက် သတိပေး အရေးယူမှုတွေ ပြုလုပ်ခဲ့ပါတယ်။
လူကိုတော့ ကျနော်တို့ အရေးမယူပါဘူး။ ဘိန်းခင်းတွေကိုဘဲ လိုက်လံ ဖျက်ဆီးနေခဲ့တာပါ။ ပြီးတော့ နောက်နှစ်တွေ မှာ ထပ်မစိုက်ဖို့ပြောခဲ့ပါတယ်။ စားသုံးမှု အပိုင်းတွေမှာတော့ ကျနော်တို့က ကောင်းကောင်း အရေးမယူနိုင် သေးပါဘူး။ ချက်ခြင်း ပပျောက်ဖို့က မလွယ်သေးပါဘူး။ အချိန် လေးငါးခြောက်နှစ် ယူရဦးမယ်။
ဘာကြောင့်လဲ ဆိုတော့ လွန်ခဲ့တဲ့၈ နှစ် ၉ နှစ် ၀န်းကျင် တုန်းက ဆိုရင် ဘိန်းစိုက်ပျိုးသူလည်း နည်းသလို သုံးစွဲသူက လည်း ရှားရှားပါးပါးပါပဲ။ အခုက ပြောင်းပြန်ဖြစ်သွားတယ်။ ဒီသုံးလေးနှစ် အတွင်းမှာပဲ ဘိန်းစိုက်ပျိုးမှုနှုန်းက များသ ထက်ပိုများလာသလို အသုံးများတဲ့ ရွာတစ်ရွာကို ၀င်သွားမယ် ဆိုရင် အိမ်ခြေ ၁၀၀ မှာ ဘိန်းစားသုံးနေတဲ့အိမ်က ၉၈ အိမ်လောက် ရှိတယ်။ လူငယ်တွေထဲမှာ ဆိုရင်လည်း အယောက် ၁၀၀ မှာ ဆိုရင် ၉၅ ယောက် ၉၆ ယောက်က အကုန်လုံး ဘိန်းချေး တွေပဲ။ ဒါတွေကို အချိန်ယူပြီး ကျနော်တို့ ဖြေရှင်းသွားမှ ရလိမ့်မယ်လေ။
သုံးစွဲမှုက များလာတာနဲ့အမျှ လုံခြုံမှုနဲ့ တရားဥပဒေ စိုးမိုးမှုက လိုလာတယ်။ သူခိုးတွေ၊ မိသားစုတွင်း ခိုက်ရန်ဖြစ်ပွားမှုတွေက ပိုပိုများလာနေပါတယ်။ အမျိုးသမီးတွေကလည်း သုံးလေးနှစ်အတွင်းမှာ ဘိန်းသုံးစွဲမှုမှာ ပါလာတာ ကိုတွေ့ နေကြ တယ်။ အမျိုးသမီးတွေကလည်း သူတို့မိသားစု၊သူတို့အမျိုးသားတွေ ဘိန်းသုံးစွဲမှုကြောင့် စည်းစိမ် ဥစ္စာ ပစ္စည်းတွေ ပျက်ဆီး ဆုံးရှံုးလာတယ်။
တားလို့မရတဲ့ အနေထားမှာဖြစ်နေတဲ့အတွက် အမျိုးသမီးတွေကလည်း အမျိုးသားတွေချည်းသာ ဘိန်းသုံးစွဲတတ် တာမဟုတ်ဘူး။ အမျိုးသမီးလည်း ဘိန်းကိုကြိုက်တယ်ဆိုတဲ့အဖြစ်မျိုးတွေဖြစ်လာခဲ့ပါတယ်။ စုဆောင်းထားတဲ့ ဥစ္စာ ပစ္စည်းတွေ ဆုံးရှုံးမယ့် အတူတူ ငါတို့တတွေအတူတူဝိုင်းပြီး ဖျက်ကြရအောင် ဆိုတဲ့ သဘောဖြစ်လာတယ်။ ဒါကြောင့် အမျိုးသမီးတွေရဲ့စားသုံးမှုက တစ်နှစ်ထက် တနှစ်ပိုပြီးတော့ တိုးလာနေပါတယ်။
လူမှုရေးဘဝမှာလည်း ပျက်ဆီးနေကြပြီး ပလောင်ရွာတွေမှာ ဆိုရင် ထမိန်အသစ် လုံချည်အသစ်တွေတောင် လှန်း လို့မရတော့ဘူး။ အဲဒါတွေကို ခိုးပြီး ဘိန်းနဲ့လဲစားတာတို့ဖြစ်လာကြတယ်။ ဘိန်းကြောင့် ဒေသတစ်ခုလုံးမှာ အဲဒီလိုဖြစ်လာနေတယ်။ ဒီတော့ ယဉ်ကျေးလှတဲ့ ပလောင်တွေ အခုတော့ လူနေမှုဘဝတွေ ပျက်စီးကုန်ပြီး။ ရစရာမရှိတော့ဘူး။ ဒီအတိုင်း ဆက်သွားမယ် ဆိုရင်တော့ နှစ်ပေါင်း သိပ့်မကြာတော့တဲ့ အချိန်မှာ လူနဲ့မတူအောင် ဖြစ်သွားနိုင်တယ်။
ဒီလိုအခြေအနေတွေကြောင့် အစိုးရနဲ့ကျနော်တို့TNLA နှစ်ဖွဲ့ကြားထဲမှာ ဒီပြသနာကြီးက အကြီးအကျယ် ခုနေ တာဖြစ်ပါတယ်။ အစိုးရ ဘက်က တာဝန်ရှိရဲ့သား နဲ့အရေးယူတာမျိုး မလုပ်ပဲ တမင် ဥပေက္ခာပြုထားတဲ့ သဘောနဲ့ တမင်လမ်းဖွင့်ပေးထားတယ်။ တဖက်မှာ ကျနော်တို့က လိုက်လံ တိုက်ဖျက်နေပါတယ်။
ဒါပေမဲ့ လူထုကြားမှာဖြစ်နေတဲ့ အနေအထားအမှန်ကို ပြောရမယ်ဆိုရင် ဘိန်းစားတဲ့လူတွေ၊ဘိန်းပေါ်မှာ မှီခိုပြီးအ သက်မွေးဝမ်းကြောင်း ပြုနေတဲ့ပလောင်လူမျိုးတွေက အစိုးရဖက်ကို ထောက်ခံ လာတာမျိုးတွေ ဖြစ်လာနိုင်သလို TNLA ကို လည်း အပုတ်ချတာတို့စွပ်စွဲတာတို့ရှေ့ဆက်ဖြစ်လာနိုင်ပါတယ်။
ဒီတော့ ပလောင် လူထုရဲ့အနာဂတ် အခြေအနေကတော့ ပလောင်ဒေသမှာ ဖြစ်နေတဲ့ ဘိန်းစားသုံးမှု၊ ရောင်းချမှု၊ စိုက်ပျိုးမှုတွေကို အစိုးရကဘက်ကလည်း လျစ်လျူရှုထားမယ် မတိုက်ဖျက်ဘူး။ TNLA ဘက်ကလည်းချမှတ်ထား တဲ့ပေါ်လစီအတိုင်း တကယ် မလုပ်ဆောင်နိုင်ခဲ့ဘူးဆိုလျှင်တော့ ပလောင် လူမျိုးတွေကို ဘယ်သူမှ လာသတ်စရာ မလို ပဲနဲ့ဘိန်းတွေစား ဘဝနဲ့ နှစ်ပေါင်း သိပ်မကြာခင်မှာပဲ မျိုးပျောက်ကုန်မှာဖြစ်ပါတယ်လို့” TNLA ခေါင်းဆောင် တဦးက မှတ်ချက်ပြုသွား ခဲ့ပါသည်။
ဤသည် ပလောင်ဒေသ၌ ဖြစ်ပွားနေသော ဘိန်းစိုက်ပျိုးမှုနှင့် စားသုံးမှု အခြေအနေ အကျဉ်းဖြစ်ပါသည်။ ဤအခြေအ နေသည် (----------) ခုနှစ် ဗြိတိသျှတို့က တရုတ် လူမျိုးများ အပေါ် ကျင့်သုံးခဲ့သော ဘိန်းစားဖြစ်ရေး ပေါ်လစီအတိုင်း ပင် ဖြစ်နေပါသည်။ ဗြိတိသျှတို့သည် တရုတ်လူမျိုးများအား ဘိန်းစားဘဝသို့ တွန်းပို့ပြီး ၄င်းတို့အား တော်လှန်ပုန် ကန် ခြင်း မပြုနိုင်အောင် ကျင့်သုံးခဲ့သော ပေါ်လစီဖြစ်သည်။
ဤသို့ကြောင့် တရုတ်ပြည်၏ ဘိန်းစစ်ပွဲအတိုင်း TNLA ကလည်း ပလောင်ပြည်ဘိန်းစစ်ပွဲကို တော်လှန်ပုန်ကန်ပစ်ရ မည်ဖြစ်ပါသည်။ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) သည် အင်းအားကြီးထွားလာလျှက် ရှိနေပါသည်။ ကမ္ဘာ့နိုင်ငံရေး အခင်းအကျဉ်းသည်လည်း TNLA ၏အမျိုးသား လွတ်မြောက်ရေးကို အားပေးနေသလိုပြည်တွင်း တပ်ပါင်းစုနှင့် စစ်ရေးမဟာမိတ်များ၏ အကူအညီလည်း အားကောင်းနေပါသည်။ ဂျပန် အစိုးရ အပါ၀င်နိုင်ငံတကာ အကူအညီများလည်း ရရှိလာနေသဖြင့် TNLA ရင်ဆိုင်နေရသော ဘိန်းစစ်ပွဲနှင့် အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲသည်လည်း မကြာခင် အောင်ပန်း ဆင်နိုင်လိမ့်ဖြစ်ပါသည်။



