ဒုတိယအကြိမ် မီဒီယာညီလာခံတွင် တိုင်းရင်းသားမီဒီယာ တက်ရောက်မှုနည်း

ဒုတိယအကြိမ် မီဒီယာညီလာခံတွင် တိုင်းရင်းသားမီဒီယာ တက်ရောက်မှုနည်း
by -
ခိုနူမ်းထုန်

မေလ ၂၀-၂၁ ရက်နေ ့ရန်ကုန်မြို ့၊ ကန်တော်ကြီး ဟိုတယ်ဖြစ်သည့် Place Hotel တွင် ကျင်းပပြုလုပ်သည့် ဒုတိယ အကြိမ် မီဒီယာညီလာခံတွင် တိုင်းရင်းသားမီဒီယာများ တက်ရောက်မှု နည်း ပါးပြီး တိုင်းရင်းသား မီဒီယာကိစ္စ ဆွေးနွေးမှုလည်း မရှိကြောင်း သိရသည်။

“ဒီညီလာခံမှာ တိုင်းရင်းသား မီဒီယာကိစ္စဆွေးနွေးဖို ့ တခုတလေမှ မပါပါဘူး၊ အဲဒါကြောင့် တိုင်းရင်းသား မီဒီယာကိစ္စကိုလည်း မဆွေးနွေးဖြစ်ဘူး” ဟု ခိုနူမ်းထုန်သတင်းဌာနမှ အယ်ဒီတာဖြစ်သူ ကိုဆန်းသဲ ကပြောသည်။

myanmar-media-conference-2012-3-20-7-0-9

ယင်းမီဒီယာညီလာခံတွင် ပြန်ကြားရေးဝန်ကြီးဌာန ဦးအောင်ကြီး အပါအဝင် UN အေဂျင်စီ၊ နိုင်ငံ တကာမှ မီဒီယာများ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာ ၀န်ထမ်းများ၊ သက်ဆိုင်ရာ သတင်းဌာနများမှ သတင်းထောက်၊ အယ်ဒီတာများနှင့် ဧည့်သည်တော် စုစုပေါင်း ၃၆၉ ဦး ပါ၀င်တက်ရောက် ခဲ့ ကြောင်း သိရသည်။

တိုင်းရင်းသားမီဒီယာများမှ မွန်၊ ရခိုင်၊ ကရင် မီဒီယာများ တက်ရောက်ခွင့်ရရှိကြပြီး ချင်းသတင်း ဌာနများမှ ခိုနူမ်းထုန် သတင်း၊ The Hakha post နှင့် Chin world Media များမှတဦးစီ တက်ရောက် နိုင်ကြောင်း သိရသည်။

၂၀၁၃ခုနှစ် အိန္ဒိယနိုင်ငံ ကာလကတားမြို ့တွင် ဖွဲ ့စည်းထားသည့် နိုင်ငံတကာ မြန်မာသတင်း အဖွဲ့ တွင် တိုင်းရင်းသား မီဒီယာအများစုပါ၀င်သော လွတ်လပ်သော မွန်သတင်း အေဂျင်စီ၊ ကချင် သတင်းဌာန၊ ကုလားတန် သတင်းဌာန၊ ကန္တာရဝတီတိုင်း(မ်)၊ ရွှေဟင်္သာ သတင်းဌာန၊ Karen Information Center (ကေအိုင်စီ)၊ ခိုနူမ်းထုန် သတင်းဌာန၊ မဇ္ဈိမ သတင်းဌာန၊ နိရဥ္စရာ သတင်းဌာန၊ သတင်းနှင့်မီဒီယာကွန်ယက်နှင့် သျှမ်းသံတော်ဆင့် သတင်းဌာန (၁၁)ဖွဲ ့ ပါ၀င်ကြ သည်။

ညီလာခံတွင် မြန်မာနိုင်ငံ ဒီမိုကရေစီအပြောင်းအလဲအတွင်း မီဒီယာ၏ အောင်မြင်မှု၊ အခက်အခဲ နှင့် ရှေ ့ဆက်လုပ်ဆောင်ရမည့် အခြေအနေများ ကို ဆွေးနွေးခဲ့ကြပြီး နိုင်ငံတကာ မြန်မာ့သတင်း (ဘီအဲန်အိုင်) မှ ခိုနူမ်းထုန်သတင်းဌာန အယ်ဒီတာက Media, Peace and Conflict နှင့်ပတ်သက် သည့် အခြေအနေကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

၂၀၁၃ခုနှစ် ဧပြီလ ၂၅ ရက်နေ ့မှ ၂၇ ရက်နေ့ အထိ မော်လမြိုင်မြို ့ စထရင်း ဟိုတယ်မှာ ကျင်းပ ပြုလုပ်သည့် ပထမအကြိမ် တိုင်းရင်းသား မီဒီယာ ညီလာခံတွင် လွတ်လပ်စွာ ပြောဆိုခွင့်ကို အခြေခံပြီး နိုင်ငံတကာ စံနှုန်းနှင့် အညီ မီဒီယာ ပေါ်ထွန်းလာရေးနှင့် အဲဒီ ဥပဒေမှာ တိုင်းရင်းသား မီဒီယာ ဖွံ ့ဖြိုးလာစေရန်နှင့် တိုင်းရင်းသား မီဒီယာများ၏ ဖွံ ့ဖြိုးရေးကို လက်တွဲ ကူညီသွားရန်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များက အစိုးရများနှင့် ဒေသ တွင်း ပုံနှိပ်သတင်း၊ ရေဒီယို၊ ရုပ်သံများ၊ သတင်း မီဒီယာ တိုးတက်ရေး လုပ်ငန်းကို လွတ်လပ်စွာ ဆောင်ရွက်ခွင့် ပေးရန်  ထုတ်ပြန်ခဲ့ကြသည်။

သို ့သော် မြန်မာနိုင်ငံအစိုးရ ပြန်ကြားရေးဝန်ကြီးဌာနက ဦးစီးကျင်းပသည့် ဒုတိယအကြိမ် မီဒီယာ ညီလာခံတွင် တိုင်းရင်းသားမီဒီယာ ကိစ္စ ဆွေးနွေးရန် မပါရှိခြင်းသည် တိုင်းရင်းသားမီဒီယာများ၏ တိုးတက်ရေးဖွံ ့ဖြိုးရေးအတွက် အဟန် ့ အတားတခုဖြစ်လာ နိုင်ကြောင်း သုံးသပ်ကြသည်။

မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာနက ဦးစီးပြီး ပထမအကြိမ် မီဒီယာညီလာခံကို ၂၀၁၂ခုနှစ် မတ်လ ၂၁-၂၂ ရက်နေ ့၌ ရန်ကန်မြို ့ Chatrium ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။