KIA ဒေသ အစိုးရတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံများ ထိခိုက်သေဆုံးမှုရှိ

KIA ဒေသ အစိုးရတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံများ ထိခိုက်သေဆုံးမှုရှိ
by -
ကေအဲန်ဂျီ

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၃) တပ်ရင်း (၁၂) ဒေသ မဘိန်းမြို့နယ် KIA ဒေသ ၃ နေရာတွင် အောက်တိုဘာ ရ ရက် နေ့က တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ပြီး အစိုးရတပ်မှ လက်နက်ကြီးများ ပစ်ခတ်ခြင်းကြောင့် ဒေသခံဒုက္ခသည်များသို့ ထိခိုက်သေဆုံးမှုရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

အစိုးရတပ်မှ ကောင်းလွန် (Gawng Run) ရွာထဲ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ၁၀ နှစ်အရွယ် ကျောင်းသူ မရောခေါန်ဂျာ (Maraw Hkawn Ja)သေဆုံးကာ ဒဏ်ရာရရှိသူများရှိကြောင်း ဒေသခံများ ပြောသည်။

“အစိုးရတပ်က လက်နက်ကြီးနဲ့ ရွာထဲပစ်လိုက်တာ ပွဲချင်းပြီး သေသွားတယ် ရှမ်းအမျိုးသား ၁ ယောက်လည်း ပေါင်မှာ ဒဏ်ရာရသွားတယ်” ဟု ဦးဆလန်လဖိုင်လဒွဲ KNG ကချင်သတင်းဌာန သို့ပြောသည်။

ကောင်းလွန် (Gawng Run) ရွာတွင်လည်း နိုဝင်ဘာလ ရ ရက်နေ့က အစိုးရတပ်သည် ရွာအနီးသွား လာနေသော ၆ တန်း ကျောင်းသား ၃ ဦးကို ပစ်ခတ်ခဲ့ရာ မောင်လထော်ဇော်မိုင် မှာ ဒဏ်ရာရရှိသွားပြီး ကျန် ၂ ဦးမှာ ထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်းသိရသည်။

“အစတော့ နွား တကောင် မိုင်းထိပြီး ပေါက်ကွဲတာတဲ့၊ ကလေးတွေကသွားကြည့်တယ် အဲဒီချိန်မှာဘဲ မိုင်း ၁ ခု ပြန်ပေါက်ကွဲလာတော့ ကြောက်ပြီးနေနေချိန်မှာ အစိုးရတပ်က ပစ်လိုက်တာဟုတ်တယ်” ဟု မိုင်းခေါင် အသင်းတော်အထွေထွေအတွင်းရေးမှူး ဆရာ Damau Naw Ja ကချင်သတင်းဌာန (KNG) သို့ပြောသည်။

၎င်းကျောင်းသားများသည် မိုင်းခေါင် (Mung Hkawng) စစ်ပြေးဒုက္ခသည်စခန်းမှဖြစ်ပြီး ယခုချိန် ၁ ဦးသည် ထွက်ပြေးတိမ်းရှောင်နေပြီး ဒဏ်ရာရသူနှင့် ကျန် ၁ ဦးမှာ ယခုချိန်လယ်တောတွင် ရှိနေဆဲဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်လကုန်ပိုင်းတွင် အစိုးရတပ် စကခ-၂၁ (ဗန်းမော်) လက်အောက် နည်းဗျူဟာ (၃) ဗိုလ်မှူး မင်းနိုင်ဦးမှ ရွာသားများကိုအိမ်ပြန်ပြီး လယ်ယာများရိပ်သိမ်းခွင့်ပေးခဲ့သောကြောင့် ရွာသားများပြန်၍ ပစ္စည်းများသွားယူချိန် တိုက်ပွဲများဖြစ်ပွားလာသောကြောင့် မခေါ်ယန်ရွာသားများနှင့် နမ်ဖူရွာသား ၄၀ ကျော်သည် ယခုချိန်တောထဲတွင် တိမ်းရှောင်နေကြဆဲဖြစ်ကြောင်း သိရသည်။

ထိုသူတို့အား မိုင်းခေါင် (Mung Hkawng) နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ ၎င်းကျေးရွာသားများကို ခေါ်ယူရန် ဆွေးနွေးညှိနှိုင်းနေဆဲဖြစ်သော်လည်း အစိုးရတပ်မှ ခွင့်မရသေးကြောင်းသိရသည်။

လက်နက်များဖြင့် ဆက်လက်ပစ်ခတ်သံများကြောင့် မခေါ်ယန် (Mahkaw Yang)၊ နမ်ဖူ (Nam Hpu) ရွာသား များသည် လယ်ယာများရိပ်သိမ်းချိန် နေအိမ် လယ်ယာ၊ တောင်ယာများစွန့်ကာ တောင်ခြေတွင် ပုန်းခိုနေဆဲဖြစ်သောကြောင့် ၄င်းတို့အတွက် အကူအညီများလိုအပ်နေကြောင်း သိရသည်။

KIA တပ်မဟာ (၃) တပ်ရင်း (၁၂) ဒေသတွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသောကြောင့် စစ်ပြေး ဒုက္ခသည်များ ၂၀၀၀ ကျော်ရှိရာ ၎င်းဒုက္ခသည်များအတွက် KIO အရှေ့ပိုင်းတိုင်းရုံးချုပ်မှ တာဝန်ယူနေ ကြောင်း ဒုက္ခသည် ကယ်ဆယ်ရေးကော်မတီ ဥက္ကဌ ဆလန်ကဘာဒွဲပီဆာပြောသည်။