ထိုင်းအစိုးရ၏ ညမထွက်ရအမိန့်ကြောင့် မြန်မာအလုပ်သမားများ အခက်တွေ့

ထိုင်းအစိုးရ၏ ညမထွက်ရအမိန့်ကြောင့် မြန်မာအလုပ်သမားများ အခက်တွေ့
ထိုင်းနိုင်ငံတွင် အစိုးရနဲ့ အကျႌနီ ပြည်သူများကြား သွေးထွက်သံယို ခိုက်ရန်ဖြစ်ပွါးမှုတွေပေါ်ပေါက်ပြီးနောက် အစိုးရမှ ညအပြင်မထွက်ရ အမိန့်ထုတ်ပြန် လိုက်မှုကြောင့် မြန်မာအလုပ်သမားများသည်  အခက်အခဲနဲ့ ရင်ဆိုင်နေရ...

ထိုင်းနိုင်ငံတွင် အစိုးရနဲ့ အကျႌနီ ပြည်သူများကြား သွေးထွက်သံယို ခိုက်ရန်ဖြစ်ပွါးမှုတွေပေါ်ပေါက်ပြီးနောက် အစိုးရမှ ညအပြင်မထွက်ရ အမိန့်ထုတ်ပြန် လိုက်မှုကြောင့် မြန်မာအလုပ်သမားများသည်  အခက်အခဲနဲ့ ရင်ဆိုင်နေရ သည်။

ထိုင်းစံတော်ချိန် ည ၉ နာရီမှ “Night curfew” ခေါ် ညမထွက်ရအမိန့်ကို ဒီအပတ် ဗုဒ္ဓဟူးနေ့ (မေ ၁၉) ရက်နေ့ကစပြီး ထိုင်းနိုင်ငံ၏ အဓိက ခရိုင် ၂၃ ခုတွင် ပြဌါန်းခဲ့သည်။

ထိုင်းအစိုးရ၏ ညမထွက်ရအမိန်ကြောင့် ညမှာအလုပ်လုပ်နေရသည့် ချင်းမိုင်မြို့ ညစျေး (Night Bazaar) မှာ အလုပ်လုပ်နေသည့် မြန်မာတိုင်းရင်းသားများအတွက် ဝင်ငွေထိခိုက်စေပါသည်။

ချင်းမိုင်မြို့မှ မြန်မာအလုပ်သမားတချို့ကို တနင်္ဂနေ့ ဘုရားတခုတွင်မြင်ရပုံ။ ဓါတ်ပုံ - ကချင်သတင်းဌာန

“ဆိုင်ကိုစောစောလာရတယ် ၉နာရီဆို ဆိုင်သိမ်းတယ်” ဟု ညစျေးတန်းတွင် ခွေဆိုင်တဆိုင်၌ အလုပ်လုပ်နေသူ ဦးအာခေါင်မှ ပြောသည်။

၎င်းသို့ ဆိုင်များကို စောစောသိမ်းရပြီး ဧည့်သည်တွေ (စျေးလာဝယ်သည့် နိုင်ငံခြားသားများ) လည်း အရင်ကလိုမစည်သောကြောင့် စျေးရောင်းအား ကျဆင်းနေတယ်ဆိုပြီး “စျေးတော့ မရောင်းရတော့ဘူးလေ ဧည့်သည်မှ မရှိတာ” ဟု သူကဆက်ပြောသည်။

Night Bazaar ၌ အလုပ်လုပ်နေသူ သုံးပုံနှစ်ပုံမှာ မြန်မာပြည်မှ ကချင်၊ လီဆူး၊ ရဝမ်၊ ရှမ်း နှင့် ကရင် အစရှိသည့် တိုင်းရင်းသားများဖြစ်သည်။ သူတို့၏ အရောင်းအားဝင်ငွေမှာ ပြီးခဲ့သည့်အရင်ညတွေမှာ တစ်ညလျှင် ဘတ် ၅၀၀၀ ရောင်းရပြီး ယခုတွင် ဘတ် ၅၀၀ တောင် မရောင်းရ နိုင်တော့ကြောင်း သိရသည်။

ချင်းမိုင်မြို့ရှိ မြန်မာထမင်းဆိုင် “မွှေးဆိုင်” တွင်လည်း ညဧည့်သည်များ အလာကျသွားသဖြင့် ည၈နာရီမှာပင် ဆိုင်ပိတ်လိုက်ရသောကြောင့် ဝင်ငွေနည်း နေသည်ဟု ထမင်းဆိုင်မှ အလုပ်သမားတဦးက ပြောပါသည်။

ဧည့်သည် အဝင်နည်းလာသည့်အတွက် ဆိုင်ရောင်းအားမရှိလို့ တစ်ချို့ဆိုင်များကိုပါ ပိတ်ထားရသည်။

ဆိုင်များပါမက တစ်ချို့မြန်မာနိုင်ငံသားများနှင့်ပတ်သက်သည့် ရုံးများကိုလည်း ပိတ်ထားရသည်။

တီရှပ်အနီများ၏ ၂လကြာ အစိုးရဆန့်ကျင်ဆန္ဒပြမှုသည် ဒီပတ် ဗုဒ္ဓဟူးနေ့က ခေါင်းဆောင်များ အစိုးရထံ အဖမ်းခံပြီး ဆန္ဒပြပွဲ အဆုံးသတ် သွားသော်လည်း ညမထွက်ရအမိန့်ကို သုံးရက် ပြဌါန်းထားပါသည်။