တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် မူကြမ်းအပေါ် မွန်ပြည်သစ်ပါတီ သုံးသပ်

တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် မူကြမ်းအပေါ် မွန်ပြည်သစ်ပါတီ သုံးသပ်
by -
ရွှေဟင်္သာ

အစိုးရဘက်မှ သုံးနှုန်း ထားသည့် စာချုပ် မူကြမ်း သဘောထားသည် တင်းမာလွန်းသဖြင့် မွန်ပြည်သစ် ပါတီ အနေဖြင့်လက်ခံ နိုင်ဖွယ်ရာ ခက်ခဲကြောင်း မွန်ပြည်သစ် ပါတီ၏ အရေးပေါ် ဗဟိုကော်မီတီ အစည်း အဝေး သို့ တက်ရောက် ခဲ့သော  ဒုတိယ ဥက္ကဌနိုင်ဟံသာ က ဆိုပါသည်။

“တပ်မတော်ရဲ့ မူ (၆) ချက်လို သဘော ထားမျိုး၊ နောက်ဆုံးမှာ လက်နက် စွန့်ရေး လမ်းစဉ် တို့လို ကိစ္စမျိုး တွေက အရမ်းကို သဘောထား တင်းမာ လွန်းပါတယ်၊ အရင် အပစ် အခတ် ရပ်စဲရေး တုန်းကလည်း လက်နက် စွန့်ရေး ကိစ္စဘဲ အပစ်ရပ်ရေးတွေ ပျက်ခဲ့တယ်။ အခုလည်း  ဒါဘဲ ဆိုတော့ ကျနော်တို့ တိုင်းရင်း သားတွေ ဘက်က လက်ခံ နိုင်ဖို့ အလွန် ခဲယဉ်း ပါတယ်” ဟု ဆိုပါသည်။

mon-army

ဤသဘော ထားကို လာမည့် နိုဝင်ဘာလ ကုန်ပိုင်းတွင် ကျင်းပရန် ရှိသည့် တစ်နိုင်ငံလုံး အတိုင်းအတာ အပစ် အခတ် ရပ်စဲရေး ညှိနှိုင်း ဆောင်ရွက်ရေး အဖွဲ့ သုံးသပ် အစည်း အဝေးသို့ တင်ပြမည် ဖြစ်သည်။

မွန်ပြည်သစ် ပါတီ၏ သုံးသပ်ချက် အရ အဆိုပါ စာချုပ် မူကြမ်းသည် (၃၀) ရာခိုင်နှုန်းသော အချက် အလက် များကို လက်ခံ နိုင်သော်လည်း (၆၀) ရာခိုင်နှုန်းသည် ပြင်ဆင် ရမည် ဖြစ်ပြီး၊ (၁၀) ရာခိုင်နှုန်းသော အချက် အလက်များသည် ဝေါဟာရ အရ ပြင်ဆင် ရမည် ဖြစ်သည်ဟု ဆုံးဖြတ်ကြောင်း ဗဟိုကော်မီတီဝင် နိုင်ဟံသာ (ဗိုန်ခိုင်) က ဆိုပါသည်။

အစိုးရ၏ တနိုင်ငံလုံး အပစ်ရပ်ရေး စာချုပ် မူကြမ်းသည် ပြီးခဲ့သည့် နိုဝင်ဘာ (၄) ရက်နေ့တွင် ကချင်ပြည် နယ် မြစ်ကြီးနား မြို့၌ ကျင်းပ ခဲ့သည့် ဆွေးနွေး ပွဲ၌ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ စုပေါင်း ဖွဲ့ထားသည့် တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး ညှိနှိုင်း ဆောင်ရွက်ရေး အဖွဲ့ (NCCT) သို့ တင်ပြ ခဲ့သည့် စာချုပ် မူကြမ်း ဖြစ်ပါသည်။

အဆိုပါ သုံးသပ်ချက်ကို ပြီးခဲ့သည့် နိုဝင်ဘာလ (၁၃) ရက်နေ့မှ (၁၅) ရက်နေ့ အထိ သုံးရက်တာ ကျင်းပသော မွန်ပြည်သစ် ပါတီမှ အရေးပေါ် ဗဟို ကော်မီတီ အစည်အဝေးမှ ဆုံးဖြတ် ခဲ့ခြင်း ဖြစ်ပါသည်။ အစည်းအဝေးကို မွန်ပြည်နယ် ရေးချောင်းဖျားရှိ မွန်ပြည်သစ် ပါတီ ဗဟို ဌာနချုပ် စခန်း၌ ကျင်းပ ခဲ့ပြီး ဗဟို ကော်မီတီဝင် (၂၅) ဦးနှင့် ပါတီ အကြံပေး အဖွဲ့ဝင် (၅) ဦးတို့ တက်ရောက် ခဲ့ကြ ပါသည်။

မွန်ပြည်သစ် ပါတီသည် အစိုးရ၏ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးပွဲ စာချုပ် မူကြမ်းကို ပြန်လည် သုံးသပ်ခြင်း အပါ၀င် ပါတီတွင်း လစ်လပ် နေရာ များအား အစားထိုး ရွေးချယ် ခြင်းကို ရည်ရွယ်ပြီး အရေးပေါ် ဗဟို ကော်မီတီ အစည်းအဝေး ကျင်းပခြင်း ဖြစ်ပါသည်။

ဤကဲ့သို့ အရေးပေါ် ဗဟိုကော်မီတီ အစည်းအဝေး ကျင်းပ ပြီးနောက ်မွန်ပြည်သစ် ပါတီသည် လာမည့် နိုဝင်ဘာ (၂၀) ရက်နေ့တွင် UNFC အစည်းအဝေး သို့လည်းကောင်း၊ လာမည့် ဒီဇင်ဘာ လအတွင်း ကရင်အမျိုးသား အစည်းအရုံး (KNU) နယ်မြေ၌ ကျင်းပရန် ရှိနေသည့် ဒုတိယ အကြိမ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ထိပ်သီး ညီလာခံ သို့လည်းကောင်း၊ ထိုမှ တဆင့် ဒီဇင်ဘာ လအတွင်း ကျင်းပရန် လျှာထားသည့် ကရင်ပြည်နယ် ဘားအံမြို့ ဆွေးနွေးပွဲသို့ လည်းကောင်း တက်ရောက်မည် ဖြစ်ပါသည်။  

အစိုးရသည် တိုင်းရင်းသား အဖွဲ့များ အခြေခံ စဉ်းစား နိုင်ရန် ၄င်းတို့၏ သဘောထားကို အခန်း (၁၄) ခန်း ဖွဲ့ပြီး လိုင်ဇာ တိုင်းရင်းသား ညီလာခံသို့ တင်ပြ ခဲ့ပါသည်။ ထိုကဲ့သို့ တင်ပြထား သော်လည်း တိုင်းရင်းသား လက်နက်ကိုင် ကော်မီတီ နှင့် အစိုးရ ကိုယ်စားလှယ်တို့ နိုဝင်ဘာ (၄) ရက်နေ့ မြစ်ကြီးနား တွေ့ဆုံ ပွဲတွင်မူ ယခင် တင်ပြသော အခြေခံမူ မဟုတ် တော့ဘဲ ပေါ်လစီသစ် တစ်ရပ် တင်ပြ လာပြန် ပါသည်။

ဤကဲ့သို့ တကြိမ်နှင့် တကြိမ် မတူညီသော အစိုးရ သဘော ထားကြောင့် မြစ်ကြီးနား တွေ့ဆုံ ဆွေးနွေး ပွဲသည် မရေမရာ ဖြစ်သွား ခဲ့ရ သေးသည်ဟု (KIA) အကြီးတန်း အရာရှိ တဦးက ဆိုပါသည်။ သို့သော် ဤအခြေအနေကို ထိမ်းသိမ်း နိုင်ရန် ဒုတိယအကြိမ် တွေ့ဆုံ ဆွေးနွေးရန် အတွက် လာမည့် ဒီဇင်ဘာ လတွင် ကရင်ပြည်နယ် ဖါးအံမြို ့၌ တွေ့ဆုံရန် ထပ်မံ ချိန်းဆို လိုက်ကြ ပါသည်။

Most read this week