ငြိမ်းချမ်း ရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး ရည်စူးပြီး၈၈ မျိုးဆက် ခေါင်းဆောင် များနှင့် ကရင် ငြိမ်းချမ်းရေး ကောင်စီ (KNLA-PC) ကိုယ်စားလှယ် တို့သည် ယနေ့ နံနက်၁၀ နာရီခွဲတွင် ရန်ကုန် သင်္ကန်းကျွန်း မြို့နယ်ရှိ ၈၈ မျိုးဆက် ရုံး၌ (၁) နာရီကြာ တွေ့ဆုံ ဆွေးနွေး ခဲ့ကြ သည်ဟု ၈၈ မျိုးဆက် အဖွဲ့မှ တိုင်းရင်းသား ရေးရာ တာဝန်ခံ ကိုမြအေး က ဆိုပါသည်။
“ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ ပတ်သတ်ပြီး အခက်အခဲ မရှိပဲ အဆင်ေ ပြေပြီး ချောမွေ့အောင် တိုင်းရင်းသား တွေအတွက် တန်းတူ ညီမျှတဲ့ အခွင့် အရေးနဲ့ ကိုယ်ပိုင် ပြဌာန်းခွင့် ဆိုတဲ့စနစ် တခုကို သွားဖို့ ဆွေးနွေး ကြပါတယ်။ ပြီးတော့ ရေရှည်မှာ အပြန်အလှန် ဆက်ဆံရေးနဲ့ ပတ်သက်ပြီး တိုင်းရင်းသား တွေရဲ့ လိုအပ်ချက် တွေကို ဆွေးနွေး ကြပါတယ်” ဟု ဆိုပါသည်။
ထို့အပြင် ၈ လေးလုံး ကြေငြာ စာတမ်းပါ အခြေခံ မူအပေါ် မူတည်ပြီးတိုင်းရင်းသား များအတွက် ငြိမ်းချမ်းရေး ဖြစ်စဉ် တရပ် ပေါ်ပေါက် စေရန်နှင့် ရှေ့ဆက် ပူးပေါင်း လုပ်ဆောင် ကြမည့် ကိစ္စ များကိုလည်းဆွေးနွေး ခဲ့ကြ ပါသည်။

ကရင် ငြိမ်းချမ်းရေး ကောင်စီသည် လက်နက်ကိုင် တိုင်းရင်းသား အဖွဲအစည်း များနှင့် ဒေါ်အောင်ဆန်း စုကြည် အပါ၀င် ၈၈ မျိုးဆက် ခေါင်းဆောင်များ၊ အစိုးရ ၊ စစ်တပ်၊ နိုင်ငံရေး ပါတီများ၊ လူမှု အဖွဲ့အစည်းများ အားလုံး ၂၀၁၅ မတိုင်မီ မည်သို့ ပူးပေါင်းဆောင်ရွက် သွားကြ မည်ကို ဆွေးနွေး ခဲ့ပါသည်။ ထို့အတူ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင် နိုင်ရန် အပါအဝင် စစ်မှန်သည့် ငြိမ်းချမ်း ရေးနှင့် ဒီမိုကရေစီ ရရှိ ရေးကိုလည်း ဆွေးနွေး ခဲ့ကြ သည်ဟု ဗိုလ်မှူးချုပ် ဒေါက်တာ တီမိုသီက ဆိုပါသည်။
ယင်းဆွေးနွေး ပွဲသို့ KNLA ငြိမ်းချမ်းရေး ကောင်စီ၏အလုပ် အမှုဆောင် အဖွဲ့ဝင်၊ လူထု ဆက်ဆံ ရေးနှင့် နိုင်ငံခြား ရေးရာ တာဝန်ခံ ဗိုလ်မှူးချုပ် ဒေါက်တာ တီမိုသီ လက်ခလမ်း ဒီဒီ အဖွဲ့(၄) ဦးနှင့် ၈၈ မျိုးဆက်မှ မင်းကိုနိုင်၊ ကိုမြအေး၊ ကိုပြံုးချို၊ ကိုအံ့ဘွယ်ကျော် တို့က ဆွေးနွေး ခဲ့ကြခြင်း ဖြစ်ပါသည်။
၈၈ မျိုးဆက် ခေါင်းဆောင် များသည် (၇၅) ရာခိုင် နှုန်းသော ပြည်တွင်း၊ ပြည်ပမှ မြန်မာနိုင်ငံ လူ့အဖွဲ့ အစည်းများနှင့် တွေ့ဆုံ ဆွေးနွေး ခဲ့ပြီး ဖြစ်သည်ဟု ဆိုပါသည်။
ပြီးခဲ့သည့်သြဂုတ်လ (၉) ရက်နေ့တွင် ၈၈ မျိုးဆက် အဖွဲ့သည်KNU ကိုယ်စားလှယ် များနှင့် တွေ့ဆုံ ဆွေးနွေး ခဲ့ပါသည်။အထူးသဖြင့် ဒီမိုကရေစီရေးများ၊ လူ့အခွင့်အရေး ဆိုင်ရာများ၊ လယ်ယာမြေ သိမ်းဆည်းမှု ကိစ္စ၊ အလုပ်သမား အခွင့်အရေးများထိခိုက် နစ်နာသည့် ကိစ္စ၊လူကုန် ကူးမှုကိစ္စ၊ မူးယစ် ဆေးဝါး ကိစ္စများနှင့်ကရင်ပြည်နယ် အတွင်း ဖြစ်ရှိ နေသော လူ့အခွင့်အရေး ချိုးဖေါက် ခံနေ ရသည့်ကိစ္စ များကို ဆွေးနွေး ခဲ့ကြ ပါသည်။



