အစိုးရ တပ်ဖွဲ့များသည် ပြင်းထန်သော စစ်ဆင်ရေးများဖြင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တပ်မဟာ (၄) ကို အမြစ်ဖြုတ် စစ်ဆင်နေသည်ဟု KIA တပ်မဟာ (၄) မှ အရာရှိ တစ်ဦးမှ ဆိုပါသည်။
“ ကျနော် ကွပ်ကဲနေတဲ့ တပ်မဟာ (၄) ဒေသမှာဇွန်လ လဆန်းပိုင်းက စပြီး မနေ့က အထိ တိုက်ပွဲပေါင်း အကြိမ် ၂၀ ကျော် ရှိသွားပြီး ဖြစ်တယ်။ ပွဲတိုင်းလည်း ပြင်းပြင်း ထန်ထန်ကို စစ်ဆင်တယ်။ ရွာသားတွေကိုလည်း လမ်းပြခိုင်းရင်းနဲ့ သတ်တယ်။ ပြီးတော့ TNLA နဲ့ SSPP ကိုလည်း တိုက်နေတယ်။ ကြည့်ရတာက KIA ကို ဒီနေရာကနေ မောင်းထုတ်တဲ့ သဘောဘဲဖြစ်မယ်” ဟု ဆိုပါသည်။
KIA သည် အစိုးရနှင့် တောက်လျှောက် ဆွေးနွေးပွဲများ ကျင်းပခဲ့ကြောင်း၊ နှစ်ဖက် တပ်ဖွဲ့များ တိုက်ခိုက်မှု လျှော့ချရန်နှင့် ဆက်လက် မဖြစ်ပွားအောင် ထိန်းသိမ်းကြရန် သဘောတူ ထားသော်လည်း တိုက်ပွဲများ ဆက်ဖြစ်နေဆဲ ဆိုပါသည်။
ရှမ်းပြည်မြောက်ပိုင်း ကွန်လုံမြို့အခြေစိုက် အစိုးရ ခလရ ၁၄၅ တပ်ဖွဲ့တို့သည် ကွတ်ခိုင်မြို့နယ် ငေါ့ငါးကျေးရွာ အနီးရှိ ကချင် KIA တပ်ရင်း (၈) နှင့် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA ၁၁၂ တပ်စခန်းတို့ကို ယမာန်နေ့ ဇွန်လ ၁၉ ရက်နေ့တွင်လက်နက်ကြီး များဖြင့်ပစ်ခတ်ပြီး အနီးကပ် တက်ရောက် တိုက်ခိုက်သောကြောင့် ၂ နာရီ နီးပါး တိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်။
ယင်းနေရာသည် ပြီးခဲ့သည့် ဇွန်လ (၁၈) ရက်နေ့ ကလည်း အင်အား ၁၀၀ ကျော် ရှိသည့် အစိုးရ ခလရ ၁၄၅ ၊ ၁၂၃ တို့၏ ပူးပေါင်း တပ်ဖွဲ့တို့က ၃ ကြိမ် မျှ ၀င်ရောက် တိုက်ခိုက် လို်က်သဖြင့် KIA နှင့် TNLA တပ်ပေါင်းများ တပ်စခန်းမှဆုတ်ခွာ ပေးလိုက်ရသည်ဟု KIA တပ်မှူးက ဆိုပါသည်။ ဤတိုက်ပွဲသည် လက်ရှိနောက်ဆုံး တိုက်ပွဲဖြစ်ပါသည်။
ရှမ်းပြည်မြောက်ပိုင်းရှိ KIA တပ်မဟာ (၄) ဧရိယာ၌ တပ်ရင်း (၈) ရင်း ရှိပါသည်။ အမှတ် (၃၆)၊ အမှတ် (၃၈)၊ အမှတ် (၉)၊ အမှတ် (၂)၊ အမှတ်(၈)၊ အမှတ် (၃၄) အမှတ် (၁၇)နှင့် အမှတ် (၂၉) တပ်ရင်းတို့ဖြစ်ပါသည်။ ယင်းတပ်ဖွဲ့များသည် သိန္နီ၊ ကွမ်းလုံ၊ မူဆယ်၊ ကွတ်ခိုင် နှင့် မန်တုံမြို့နယ်များတွင် အခြေခံကြပြီး ၄င်းတို့ စခန်းတိုင်း၌ နေ့စဉ် တိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်။
ထို့အတူ TNLA တပ်ရင်းများ ဖြစ်သည့်အမှတ် (၁၁၂)၊အမှတ် (၄၇၈)၊အမှတ်၃၆၇) အမှတ် (၁၂၅) အမှတ် (၂၅၆) နှင့်တပ်ရင်း သစ်စခန်းများတွင်လည်း လပေါင်းများစွာ စစ်ဆင်နေရာမှ တဖြည်းဖြည်း ပြင်းထန် လာနေပါသည်။
ဤသို့ကြောင့်KIA တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်းများနှင့် TNLA တို့သည် တပ်ရင်း စခန်းများကို အခြေမခံတော့ဘဲ ပျောက်ကြားစနစ်ဖြင့် တန်ပြန်ပြီး ပူးပေါင်း တိုက်ခိုက်နေသည်ဟု ဆိုပါသည်။ အစိုးရ ဘက်ကမူ အမြစ်ပြတ် ခြေမှုုန်းရေး လမ်းစဉ်ဖြင့် တိုက်ခိုက် ခဲ့ကြောင်း ၄င်းတို့က ဆိုပါသည်။
KIO သည် အစိုးရနှင့် စစ်ရှိန်လျှော့ချရန် ပြီးခဲ့သည့် မေလ (၂၈) မှ (၃၀) အထိ မြစ်ကြီးနား မြို့တွင် ဆွေးနွေး သွားခဲ့ပြီး အချက် (၇) ချက် သဘော တူညီမှု ရရှိခဲ့ပါသည်။ ဤသဘော တူညီချက်များကိုလည်း အဆင့်ဆင့် အကောင်အထည်ဖေါ် ဆောင်ရွက် သွားမည် ဟု ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်နေ့က ကြေညာချက် တစ်စောင် ထုတ်ပြန် လိုက်ခဲ့သည်။
ဤထုတ်ပြန်ချက်ကို ရန်ကုန်မြို့ရှိ မြန်မာ ငြိမ်းချမ်းရေး စင်တာမှ ဒေါက်တာ ဇော်ဦးက “ KIO ထုတ်ပြန်ချက်ကို အပြုသဘောဆောင် ထုတ်ပြန်ချက်တွေ ဖြစ်တယ်။KIO က တွေ့ဆုံဆွေးနွေးရေးကို ဆက်လက် ကျင်းပ သွားဖို့ ရှိတယ်။ အဲတာကြောင့် ထုတ်ပြန် ထားတဲ့ အပေါ် ကျနော်တို့ အနေနဲ့ ကြိုဆိုပါတယ်ဗျာ” ဟု ဆိုပါသည်။
သို့သော် အစိုးရ တပ်ဖွဲ့များသည် KIA အား ဆက်လက် စစ်ဆင်နေသဖြင့် တိုက်ပွဲများ ရပ်တန့်သွားခြင်း မရှိဘဲ ဗန်မော် ခရိုင်ရှိKIA တပ်မဟာ (၃) ဒေသသို့ ပြန့်နှံ့ သွားပြီး KIA တပ်ရင်း (၂၇) နှင့်အစိုးရ ခလရ ၂၄၀ တို့ယမန်နေ့က ၁ နာရီ နီးပါး ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း KIA ဘက်က ဆိုပါသည်။



