ညီညွတ်သော တိုင်းရင်းသားများ မဟာမိတ် အဖွဲ့ (UNA) သည်ဖက်ဒရယ် စနစ် တည်ဆောက်ရေးနှင့် ပါတ်သက်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင် ဆန်းစုကြည်နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့သည်ဟု အမြင် ဖလှယ်ပွဲကို တက်ရောက်ခဲ့သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်အထွေထွေ အတွင်းရေးမှူး စိုင်းညွန့်လွင် က ဆိုပါသည်။

“ဒေါ်စုပြောတာက တပ်မတော်က ဖက်ဒရယ် စနစ်ကို နားလည်အောင် လက်ခံလာအောင် ကျနော်တို့ဖက်က ရှင်းပြဖို့တာဝန်ရှိတယ်။ တပ်မတော်၂၅ ရာခိုင်းနှုန်းကို ဆက်ရှိဖို့လည်း လိုမယ်။ အချိုးကျ ကိုယ်စားပြုတဲ့ PR စနစ်ကို ပြီးတော့ လွတ်တော် အတွေ့အကြံုနဲ့ လွတ်တော်ထဲမှာ ဆက်ဆံရတဲ့ ကြ့ံခိုင်ရေးဘက်က ကိစ္စတွေစစ်တပ်က လူတွေနဲ့ ဆက်ဆံရတဲ့ ကိစ္စတွေပြောပြတယ်” ဟု ဆိုပါသည်။
ယင်းတွေ့ဆုံပွဲကိုရန်ကုန်မြို့တက္ကသိုလ် ရိပ်သာလမ်းမှ ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင်တွေ့ဆုံခဲ့ပြီး လက်ရှိနိုင်ငံရေး အခြေအနေနှင့် ပတ်သက်သည့် အမြင် သဘောထားများကို ဖလှယ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုပါသည်။
ထို့အပြင် အခြေခံ ဥပဒေကိုပြင်ဆင်ခြင်း၊ ဖက်ဒရယ် ပြည်ထောင်စု စနစ်ကို ထူထောင်ရာမှာ တဆင့်ချင်း၊ တလှမ်းချင်းဖြင့် တပ်မတော်ဖက်မှ လက်ခံလာရန် လိုအပ်သည်ဟု ဆိုပါသည်။
ယင်းတွေ့ဆုံပွဲသို့ ညီညွတ်သော တိုင်းရင်းသားများ မဟာမိတ် အဖွဲ့ (UNA) မှ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ခွန်ထွန်းဦးနှင့် အထွေထွေ အတွင်းရေးမှူး စိုင်းညွန့်လွင်၊ မွန်ဒီမိုကရေစီ ပါတီ ဥက္ကဋ္ဌ နိုင်ငွေသိန်း၊ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်၊ ဇိုမီး ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ပူကျင့်ရှင်းထန်၊ ဇမ်ဇာမုံ၊ ဦးကျော်စိုး၊ ကရင် အမျိုးသား ဒီမိုကရေစီ ကွန်ဂရက်မှ စောဟာရီတို့ တက်ရောက်ခဲ့ပါသည်။
ဤသည် ဒေါ်အောင်ဆန်းစုကြည်၏ လွှတ်တော်ပြင်ပမှ ပထမဆုံး တိုင်းရင်းသား ခေါင်းဆောင်များနှင့် အလွတ်သဘော တွေ့ဆုံ အမြင်ဖလှယ်ခြင်းဖြစ်ပါသည်။ UNA မဟာမိတ်များသည် (၁၉၉၀) ခုနှစ် ရွေးကောက်ပွဲများ ကတည်းက NLD နှင့် မဟာမိတ် ပြုခဲ့ခြင်း ဖြစ်ပါသည်။



