ကချင်စစ်ပြေး ဒုက္ခသည် ကလေးများအတွက် အထူးစာသင်ကျောင်း KIO ကမကထပြုဖွင့်လှစ်

ကချင်စစ်ပြေး ဒုက္ခသည် ကလေးများအတွက် အထူးစာသင်ကျောင်း KIO ကမကထပြုဖွင့်လှစ်
by -
ရွှေဟင်္သာ

လာမည့် ဇွန်လ (၂၄) ရက်နေ့တွင် ကချင် စစ်ပြေး ဒုက္ခသည် ကလေးများအတွက်  ရည်ရွယ်သည့် အထူး အထက်တန်း ကျောင်းတစ်ကျောင်းကို ကချင် လွတ်လပ်ရေး အဖွဲ့့ (KIO) ဌာနချုပ်၌ ဖွင့်လှစ်ရန် ရှိသည်ဟု KIO ပညာရေး ဌာနမှ အတွင်းရေးမှူးဖြစ်သူ ဆရာယောဆောင်က ဆိုပါသည်။

လိုင်ဇာမြို့ရှိ KIO အထက်တန်းကျောင်းသားများ၏ ၀တ်စုံပုံ လိုင်ဇာမြို့ရှိ KIO အထက်တန်းကျောင်းသားများ၏ ၀တ်စုံပုံ (ဓါတ်ပုံ - EEDY)

“free education စတိုင်ပါ။ တက်ချင်တဲ့သူတွေ တက်ခွင့်ရပါတယ်။ ဒါပေမဲ့ ရည်ရွယ်တာကတော့ စစ်ပြေး IDP ကလေးတွေ အတွက်ကို အဓိက ရည်ရွယ်ထားပါတယ်။ နေရာကတော့ လိုင်ဇာမြို့ရဲ့ အနောက်ဖက်က အလန်ဘွမ်ဆို့တဲ့ နေရာမှာ ဖွင့်လှစ်မှာဖြစ်ပါတယ်။ IDP ကျောင်းအိပ်ကျောင်းစား ကလေးတွေ (၁၅၀၀) ကျော် ရှိတယ်။ နေရာတချို့တွေ မပြီးသေးတဲ့ အတွက် ဇွန်လ ၂၄ ရက်မှာမှ ဖွင့်နိုင်မှာပါ” ဟုဆိုပါသည်။

ဤကျောင်းသစ်သည် စစ်ပြေး ဒုက္ခသည် စခန်းမှ ကလေးများ အလေအလွင့်မဖြစ်ရန်၊ မိဘများ အလုပ်ခွင့် အချိန် ပိုမိုရရှိ စေရန် ရည်ရွယ်ခြင်းဖြစ်ပြီး အသက်မွေး ၀မ်းကျောင်း ပညာရပ်များကိုပါ သင်ကြားပေးရန် စီစဉ်ထားပါသည်။ ပထမဦးဆုံး အကြိမ် ဖွင့်လှစ်မည့် ကျောင်းဖြစ်ပြီး ဆဌမတန်းမှ ဒဿမ တန်းအထိ သင်ကြားမည်ဖြစ်ပါသည်။ ဆိုင်အောင်၊ မကာယာ၊တဘို့ကုန်းရှိ ဒုက္ခသည် စခန်းများမှ ကျောင်းသားများအတွက် အဓိက ရည်ရွယ်ထားပါသည်။

  KIO မှ အကုန်အကျခံ တည်ဆောက် ထားသည်ဖြစ်သော်လည်း အဆိုပါကျောင်းတွင် အစိုးရ သင်ရိုးညွန်းတမ်း အတိုင်းသာ သင်ကြားသွားမည်ဟု ဆိုပါသည်။  သို့သော်လည်း သင်ခန်းစာ တချို့ကို လျော့ချထားပြီး ကချင်စာပေကိုပါ သင်ကြားမည်ဖြစ်ကြောင်၊ ကျောင်းအုပ်ချုပ်ရေးကိုမူ KIO ပညာရေးဌာနမှ ကြီးကြပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုပါသည်။

 အထက်တန်းကျောင်း  အောင်မြင်သူ ကျောင်းသားများအား ဆက်လက် ပညာ သင်ကြား နိုင်ရန် နိုင်ငံခြား တက္ကသိုလ် တခုခုနှင့် ချိတ်ဆက်ပြီး ကောလိပ်ကျောင်း ဆက်လက် ဖွင့်လှစ်သွားရန် အစီအစဉ်ရှိကြောင်း၊ အထူးသဖြင့် ဤနှစ်အတွင်း အကောင်အထည်ပေါ်လာရန် ကြိုးစားနေကြောင်း ဆိုပါသည်။

KIO ဌာနချုပ် လိုင်ဇာမြို့တွင် KIO ပညာရေးဌာနမှ ဖွင့်လှစ်ထားသည့် အခြေခံ မူလတန်းကျောင်းများ၊ အလယ်တန်းကျောင်းများ၊ အထက် တန်းကျောင်းများနှင့် သာသနာရေး ကျောင်းများ ရှိပါသည်။ KIO ဗဟို ပညာရေး ဌာနသည် KIA နှင့် အစိုးရတို့ အပစ်အခတ် ရပ်စဲရေး ပျက်ပြယ်ပြီးနောက်ပိုင်း ၂၀၁၁ ခုနှစ်မှ စပြီး အစိုးရ စာစစ်ဌာန၌ ဖြေဆိုနေရသော ၄င်းတို့၏ အထက်တန်း ကျောင်းသားများအား သီးသန့် စာစစ်ဌာန တစ်ခု ဖွင့်ပြီး ဖြေဆိုစေခဲ့ပါသည်။

KIO ဗဟို ပညာရေးဌာနသည် လိုင်ဇာမြို့ရှိ အခြေခံ မူလတန်းကျောင်းများတွင် တရုတ်စာများပါ သင်ကြားစေပါသည်။ KIO သည် IDP စစ်ပြေး ကျောင်းသားများအတွက် ပညာ သင်ကြားနိုင်ရန် အထက်တန်းကျောင်းသစ်ကို ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သော်လည်း လုံခြုံရေးအရ အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘော တူညီမှုအပေါ်တွင် မူတည်လိမ့်မည်ဟု ဆိုပါသည်။