တအာင်း လွတ်မြောက်ရေး တပ်မတော် (TNLA)ထိန်းချုပ်နယ်မြေသို့ ထိုးစစ်ဆင်နေသော အစိုးရ တပ်များအား တအာင်း (TNLA) ၊ ကချင် လွတ်လပ်ရေး တပ်မတော် (KIA)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) တို့ မှ စုပေါင်း တိုက်ခိုက် ခဲ့ကြသည်ဟု TNLA တပ်မှူး တစ်ဦးမှ ဆိုပါသည်။
“ဒေသ တူနေမှတော့ ပူးပေါင်းပြီး ပြန်တိုက်ကြတာပေါ့။ စစ်မဟာမိတ်လည်း ဖြစ်ကြတယ်လေ။ အစိုးရ ဖက်က ဆက်တိုက်ထိုး စစ်ဆင်နေတဲ့အတွက် အပစ်အခတ် ရပ်စဲရေးကို ထည့်တွက်လို့ မရဘူးဖြစ်နေတယ်။ ကျနော်တို့ ဆိုရင် တစ်ချိန်လုံး ဖိတိုက်နေခဲ့တယ်။ လူထုတွေကိုလည်း သူတို့အကြောင်းမဲ့ သတ်ဖြတ်တာ ပိုပိုဖြစ်လာနေတယ်။ ဒီတော့ မထူးတော့ပါဘူး ဂတိတည်တဲ့ အစိုးရမျိုးလည်း မဟုတ်ခဲ့ဘူးလေ” ဟု ဆိုပါသည်။
မည်သည့်တပ်ဖွဲ့ မှန်း မသိရသေးသော အစိုးရ တပ်ဖွဲ့များသည် KIA တပ်မဟာ (၄) မှတပ်ရင်း (၃၆)နှင့် တပ်ရင်း (၁၇) ဖက်သို့ ဆက်လက်စစ် ဆင်နေသဖြင့် ယမန်နေ့ ဇွန်လ (၁၆) ရက်နေ့ ကတည်းက တိုက်ပွဲ ဖြစ်ပွား နေသည်ဟုဆို ပါ သည်။ ဤကဲ့သို့ အစိုးရမှ တိုးပြီး စစ်ဆင်နေမှုကြောင့် SSPP တပ်များသည်လည်း KIA နှင့် ပူးပေါင်း လှုပ်ရှား နေရပါသည်။
အလားတူ အစိုးရ ခလရ (၁၂၉) နှင့် ခလရ (၄၅) တပ်ဖွဲ့များသည် တအာင်း ဒေသရှိ KIA တပ်မဟာ (၄) မှ တပ်ရင်း (၁၇)နှင့် တပ်ရင်း (၉) ဖက်သို့ ဇွန်လ (၁၅) ရက်နေ့ ကတည်းက စစ်ဆင်နေခဲ့ရာ တမြန်နေ့ နေ့လည် (၁) နာရီ အချိန်တွင် တပ်ရင်း (၁၇) နယ်မြေ လွိုင်ကမ်မိန်း ကျေးရွာ အနီးရှိ မန်ဂျန်ဘွမ် ကျေးရွာ၌ လည်းကောင်း၊ KIA တပ်ရင်း (၉)နှင့် ဆိုင်ဟွမ် ကျေးရွာ အနီးတွင် လည်းကောင်း တိုက်ပွဲ ဖြစ်ပွား ခဲ့ပါသည်။
ထို့အပြင် အစိုးရ နောင်ချို အခြေစိုက် ခလရ (၁၁၄) တပ်ဖွဲ့နှင့် ခမရ (၂၅၆) ပူးပေါင်း တပ်ဖွဲ့များသည် နမ့်ဆန်မြို့နယ်ရှိ TNLA (၁၁၂) တပ်ရင်းကို စစ်ဆင် တိုက်ခိုက်ခဲ့ရာ ပြီးခဲ့သည့် ဇွန်လ (၁၅) ရက်နေ့တွင် ပန်အလော့ ကျေးရွာနှင့် မန်လုံ ကျေးရွာကြား၌ တိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်။
အစိုးရ တပ်များသည် TNLA တပ်ဖွဲ့အား ၂၀၁၃ ခုနှစ် နှစ်ဆန်း ကတည်းက စစ်ဆင်လာခဲ့ပါသည်။ အလားတူ KIA တပ်မဟာ (၄) တပ်ဖွဲ့နှင့် SSPP တပ်ဖွဲ့များလည်း စစ်ဆင် ခံနေရပါသည်။ စစ်ဆင်ရေးသည် အပစ်အခတ် ရပ်စဲထား ခြင်းနှင့် မဆိုင်သလို ဖြစ်လာသဖြင့် TNLA ၊ SSPP နှင့် KIA တပ်ဖွဲ့တို့ ပူးပေါင်းပြီး တန်ပြန် တိုက်ခိုက် ခဲ့ခြင်း ဖြစ်ပါ သည်။
အဆိုပါ (၃) ဖွဲ့သည် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် သစ်မှောင်ခို ထုတ်လုပ်မှုကို ဟန့်တားခဲ့သဖြင့် အစိုးရ စစ်ဆင်မှုများ စတင် လာခဲ့ခြင်းဖြစ်သည်ဟု ဆိုပါသည်။ သို့သော် အစိုးရ တပ်ဖွဲ့များသည်၊ တရုတ် ပိုက်လိုင်း လုံခြုံရေးကို အကြောင်းပြကာ (၃) ဖွဲ့စလုံး၏ စခန်းများကို ၀င်ရောက် တိုက်ခိုက်ခဲ့ပါသည်။ ဤအထဲတွင် TNLA အား နည်းဗျူဟာ သစ်ဖြင့် အနီးကပ် ကင်းစခန်းများ တည်ဆောက်ပြီး တိုက်ခိုက်ခဲ့ပါသည်။



