UNHCR ၏ ဒုက္ခသည် စခန်း ဆိုင်ရာ ကာကွယ် စောင့်ရှောက်ရေး အရာရှိသည် ဒုက္ခသည်များ ဘဝရှေ့ရေး အတွက် အမြင်ဖလှယ်ပွဲ တရပ် ကျင်းပပြီး ဆန္ဒကောက်ခံမှုပါ ပြုလုပ် သွားခဲ့သည်ဟု ဆွေးနွေးပွဲ တက်ရောက် ခဲ့သော နို့ဖိုး စခန်း ကော်မီတီဝင် တစ်ဦးက ဆိုပါသည်။
“ နို့ဖိုးစခန်းမှာ ပြုလုပ်ပါတယ်။ သူလာပြောတာက တတိယ နိုင်ငံသွားရေးဟာ ထိုင်းအစိုးရ အပေါ်မှာသာ မူတည်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အခြေအနေ ကတော့ ထွက်ခွင့် နည်းသွားပါပြီး။ ဒါကြောင့် ကိုယ့်ရဲ့ရှေ့ရေးကို ဘယ်လို လုပ်ကြမလဲ၊ မေးမြန်းချင်တဲ့ ကိစ္စတွေကို မေးခိုင်းတယ်။ ပြီးတော့ အခြေအနေတွေကို ရှင်းပြတယ်” ဟုဆိုပါသည်။
နို့ဖိုး ဒုက္ခသည် စခန်းသည် လူဦးရေ တသောင်းခန့် ရှိသည့် အထဲတွင် (၂၈) ဦးသာ နေရပ်ပြန်လိုကြောင်း စာရင်းပေးထားသော စခန်းဖြစ်ပါသည်။ စခန်းသည် (၁၆) ရပ်ကွက် ရှိပြီး တစ်ရပ်ကွက်လျှှင် ကိုယ်စားလှယ် (၅) ဦး ဆွေးနွေးပွဲသို့ တက်ရောက်ခွင့် ရှိပါသည်။
ဆွေးနွေးပွဲကို နို့ဖိုး၊ မယ်လ၊ အုန်းဖျန် ဒုက္ခသည် စခန်းများကို တာဝန်ယူ အုပ်ချုပ်ထားသော UNHCR မှ ဒုက္ခသည် စခန်း ကာကွယ်စောင့်ရှောက်ရေး အရာရှိ မစ်အေပရယ်ဏီ ဦးဆောင် ကျင်းပခဲ့ခြင်း ဖြစ်သည်။ နိုင်ငံခြား ထွက်ခွင့် အလားအလာ နည်းလာသဖြင့် ဒုက္ခသည်များ မည်သို့ သဘောထား ရှိသည်ကို လာရောက် ဆန္ဒကောက်ယူခဲ့ ခြင်းဖြစ်ပါသည်။
ဒုက္ခသည်များကမူ တတိယနိုင်ငံ ထွက်ခွင့်ကို UNHCR အပေါ်၌သာ မူတည်ကြောင်း ပြီးခဲ့သည့် လက ထိုင်းနိုင်ငံ တာခ်ခရိုင်၏ ဒုတိယခရိုင်ဝန် နို့ဖိုး စခန်းသို့ ရောက်ရှိစဉ် ပြောကြား သွားခဲ့ကြောင်း ထောက်ပြသွားခဲ့ပါသည်။ ဤသို့ကြောင့် တတိယနိုင်ငံ ထွက်ခွာရေးကို UNHCR အား ထပ်မံ တောင်းဆိုခဲ့ပါသည်။
“ UNHCR ကပြောတော့ ထိုင်းနိုင်ငံမှာ တာဝန် ရှိတယ်လို့ ပြောတယ်။ ထိုင်းကလည်း UNHCR မှာ တာဝန်ရှိတယ်လို့ ပြောတယ်။ ကျနော်တို့ နားလည် ရခက်ပါတယ်။ ဒါပေမဲ့ တူညီတာက မိမိတို့ရဲ့ ကလေးတွေအတွက် ရှေ့ရေးကို စဉ်းစားကြပါ။ ဒီအတိုင်းဆို ဘဝ အာမခံချက် မရှိတော့ဘူးလို့ ပြောတာတော့ အတူတူဘဲ” ဟု ဆိုပါသည်။
မြန်မာအစိုးရသည် ဒုက္ခသည်များ နေရပ်ပြန်ပို့ရေးကို တိုက်တွန်းနေပါသည်၊ ဤအဆိုကို ထိုင်း နှင့်UNHCR မှ မူအားဖြင့် လက်ခံ ထားသော်လည်း ဒုက္ခသည်များ၏ ဆန္ဒအရသာ ဖြစ်စေချင်ပါသည်။ တချိန်ထဲတွင် အတင်းအကြပ် ပြောင်းရွှေ့ခိုင်းမည်၊ ရိက္ခာလျှော့ပေါ့မည် စသဖြင့် ကောလဟလ သတင်းများလည်း ထွက်ပေါ်နေပါ သည်။ မြန်မာ အစိုးရကမူ အိမ်ထောင်စု (၅၀) ခန့်ကို အစမ်းသဘော အားဖြင့် ပို့ပေးစေချင်နေကြောင်း ဒုက္ခသည် ကော်မီတီများက ဆိုပါသည်။ UNHCR အနေဖြင့် ဖြစ်ပေါ်နေသော အခြေအနေများကို ရှင်းပြရုံမှတပါး ဖိအား တစုံတရာ မရှိဟု ဆိုပါသည်။ သို့သော် နေရပ်ပြန်ရေးကို ဦးစားပေး စဉ်းစားစေချင်သည့် သဘော ဆောင်သည်ဟု ဒုက္ခသည်များက သုံးသပ်ကြပါသည်။



