စည်းလုံး ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) သည် အစိုးရနှင့် နိုင်ငံရေးအရ ဆွေးနွေးရန် အဆင်သင့် ဖြစ်နေပြီး ဖြစ်ကြောင်း ပြီးခဲ့သည့် ရက်ပိုင်းက အကြောင်းကြား ခဲ့ သည်ဟု ပြောရေး ဆိုခွင့်ရှိသူ ပဒို ဒေးဗစ်တာကပေါက ဆိုပါသည်။
အစိုးရ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ကော်မီတီကလည်း တွေ့ဆုံမည်ဟု အကြောင်းပြန်ကြား ခဲ့သော်လည်း နေ့ရက်နှင့် နေရာကိုမူမသတ်မှတ် နိုင်သေးကြောင်းမြန်မာ့ ငြိမ်းချမ်းရေး စင်တာမှ ဒေါက်တာ ဇော်ဦးက ဆိုပါသည်။
UNFC သည်အစိုးရနှင့် နိုင်ငံရေး ဆွေးနွေးပွဲ မကျင်းပမှီ နှစ်ဖက် ယုံကြည်မှု တည်ဆောက်နိုင်ရန် လိုလားနေသည်ဟု ဆိုပါသည်။ ဤသို့ကြောင့် ဆွေးနွေးပွဲ အကြို ညှိနှိုင်းပွဲကို KNU အတွင်းရေးမှူး (၂) ဖြစ်သူ ပဒိုမန်းမန်း ဦးဆောင်သော အဖွဲ့ ဖွဲ့စည်းထားပြီး ဖြစ်ပါသည်။ အကြို ညှိနှိုင်းပွဲကိုလည်း UNFC နှင့် အစိုးရတို့၏ လာမည့် ဆွေးနွေးပွဲ အတွက် ချမှတ်ထားသင့်သော မူဘောင် သတ်မှတ်ရေး ကိစ္စကို ညှိနှိုင်းမည်ဖြစ်သည်။
UNFC သည် KIO နှင့် အစိုးရတို့ တွေ့ဆုံ ဆွေးနွေးကြပြီးမှ အစိုးရနှင့် နိုင်ငံရေးအရ ဆွေးနွေးရန် ဆုံးဖြတ် ထားခဲ့ပါသည်။ ဤသို့ကြောင့် KIO နှင့် အစိုးရတို့ မေလ (၂၉) ရက်နေ့ တွေ့ဆုံပြီးနောက်ပိုင်း အစိုးရနှင့် တွေ့ဆုံဆွေးနွေးရန်ဖြစ်လာခဲ့ပါသည်။
UNFC သည် အစိုးရနှင့် ဆွေးနွေးရမည့် မူဘောင်ကိုလည်း သတ်မှတ်ထားပြီး ဖြစ်သည့်အတွက် မဆွေးနွေးမှီ အစိုးရ ကိုယ်စားလှယ်များနှင့် ယုံကြည်မှု တည်ဆောက် လိုကြခြင်းဖြစ်ပါသည်။



