ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) သည် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မီတီနှင့် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲအတွက် မူဘောင် (Frame Work) ညှိနှိုင်းရန် ပဒို မန်းမန်း ဦးဆောင်သည့် လုပ်ငန်းအဖွဲ့ (Technical Team) အား အဆင်သင့် ဖွဲ့စည်းထားပြီးဖြစ်ကြောင်း UNFC အတွင်းရေးမှူး (၂) ဖြစ်သူ ခွန်ဥက္ကာမှ ဆိုပါသည်။
“ဒီလတော့ အလု အယက် ဆိုတော့ ဒီလ ကုန်ပိုင်း မဟုတ်ရင် နောက်လ ဆန်းပိုင်းမှ တွေ့ဖြစ်တော့မယ်။ အဓိကဆွေးနွေး ရမှာ ကတော့ မူဘောင် ဆွေးနွေးတဲ့အခါ သမ္မတကြီး ဦးသိန်းစိန်ရဲ့ Agenda ကိုပဲ ယူမလား၊ အတိုက်ခံ တိုင်းရင်းသားတွေ တင်ထားတဲ့ Agenda ယူမလား ဘယ်ဟာကို အဓိက ထားပြီး ဆွေးနွေးမလဲ၊ ဒါတွေကို မဆွေးနွေး မညှိနှိုင်းဘူးဆိုရင် Frame Work မကျဘူး၊ ဒါဆိုရင် နိုင်ငံရေး အရ ဆက်လက်ဆွေးနွေး သွားဖို့လည်းမဖြစ်နိုင် ပါဘူး” ဟု ဆိုပါသည်။
ယင်းမူဘောင် ညှိနှိုင်းသည့် အလွတ် သဘော တွေ့ဆုံ ပွဲကိုထိုင်းနိုင်ငံ ချင်းမိုင် မြို့၌ ကျင်းပရန် ရည်ရွယ်ထား ပြီး မြန်မာအစိုးရ၏ ငြိမ်းချမ်းရေး စင်တာမှ အလုပ် အဖွဲ့ (Technical Team) များနှင့် တွေ့ဆုံရန် ဖြစ်ပါသည်။ သို့သော်လောလောဆယ်၌ ငြိမ်းချမ်းရေး စင်တာဖက်မှ အသင့် ဖွဲ့စည်းထားခြင်း မရှိသေးသည့် အတွက် ဖွဲ့စည်းပြီးသည့် အခါ တွေ့ဆုံ ညှိနှိုင်း သွားမည် ဖြစ်ကြောင်းငြိမ်းချမ်းရေး အကျိုးဆောင် တစ်ဦးက ဆိုပါသည်။
UNFC သည် အစိုးရ Technical Team နှင့် ညှိနှိုင်းသည့်အခါ ဆွေးနွေးပွဲ ရက်သတ်မှတ်ရေး (Time Frame), တွေ့ဆုံ ဆွေးနွေးမည့် နေရာ (ဥပမာ - ပြည်တွင်း၊ ပြည်ပ)၊ ဆွေးနွေးမည့် အကြောင်းအရာ (Agendas)၊ Technical Team အထောက်အကူပြု Technical Support Team ထားရှိရေး ကိစ္စ (ဥပမာ - Moderators, Observers) ကို ထည့်သွင်း ဆွေးနွေးရန် ရှိသည်ဟု ဆိုပါသည်။
“အစိုးရ ဘက်က နိုင်ငံရေး အရ ဆက်လက် ဆွေးနွေး လိုစိတ် ရှိမယ် ဆိုရင်မပြေလည် မချင်း ဆွေးနွေး ညှိနှိုင်းသွားရမှာပဲ၊ Agenda မကျပဲ Frame Work မရှိပဲနိုင်ငံရေး နွေးနွေး ပွဲကို ဆက်သွားဖို့ ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စပါ၊ နှစ်ဖက်စလုံးကနေ စေတနာ မှန်ဖို့တော့လိုမယ်” ဟုခွန်ဥက္ကာက သုံးသပ် ပြောကြား ခဲ့ပါသည်။
ဤအတောအတွင်း အစိုးရ ဘက်မှ တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်ရပ်စဲခြင်း လွတ်ငြိမ်း ချမ်းသာခွင့်ပေးခြင်းမျိုး ထုတ်ပြန်ကြေငြာခဲ့ပါက UNFC အဖွဲ့ ထဲမှအပစ်မရပ် ရသေးသော အဖွဲ့အစည်းများလည်း နိုင်ငံရေးဆွေးနွေးပွဲထဲတွင် ပါဝင် နိုင်မည်ဖြစ်သည်။ ဤကိစ္စသည် ပြီးခဲ့သည့် မေလ (၂၉) ရက်နေ့တွင် ကချင် လွတ်လပ်ရေး အဖွဲ့ KIO နှင့် မြစ်ကြီးနား၌တွေ့ဆုံစဉ် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ရရှိစေရန် အားလုံး ဆွေးနွေး သင့်ကြောင်း ၀န်ကြီး ဦးအောင်မင်းက ထုတ်ဖေါ် ပြောဆိုခဲ့ပါသည်။
UNFC နှင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တို့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၂၀) ရက်နေ့တွင် ထိုင်းနိုင်ငံ ချင်းမိုင် မြို့၌ နိုင်ငံရေး အရ ပထမဆုံး အကြိမ် တရားဝင် အလွတ် သဘော တွေ့ဆုံဆွေးနွေး ခဲ့ကြပါသည်။ ဤဆွေးနွေး ပွဲမှ မကြာမီ ကာလ၌ နှစ်ဖက် မူဘောင် ညှိနှိုင်းရေး ထပ်မံဆွေးနွေး ကြရန် သဘောတူညီခဲ့ကြပါသည်။
ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့သည် ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ လတွင် ဖွဲ့စည်း ခဲ့ပါသည်။ အထူးသဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် မဟာမိတ်အဖွဲ့များ စုပေါင်းပြီး ဖွဲ့စည်း ထားပါသည်။
ကချင် လွတ်လပ်ရေးအဖွဲ့ KIO၊ ကရင် အမျိုးသား အစည်းအရုံး KNU၊ ကရင်နီ တိုးတက်ရေး ပါတီ KNPP၊ ချင်းအမျိုးသား တပ်ဦး CNF၊ ရှမ်းပြည် တိုးတက် ရေးပါတီ SSPP၊ မွန်ပြည်သစ်ပါတီ NMSP၊ ပလောင်ပြည် နယ် လွတ်မြောက်ရေး တပ်ဦး PSLF ၊ ပအိုဝ်း အမျိုးသား အဖွဲ့ချုပ် PNLO၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး LDU၊ အမျိုးသား ညီ ညွတ်ရေးပါတီ ရခိုင်ပြည် NUPA၊ ၀ အမျိုးသား အဖွဲ့ချုပ် WNO တို့ဖြင့် ဖွဲ့စည်းထားပါသည်။



