အမိမြေ အခြေချရေး ရက္ခိုင့်တပ်မတော် အသင့်ဖြစ်နေ

အမိမြေ အခြေချရေး ရက္ခိုင့်တပ်မတော် အသင့်ဖြစ်နေ
by -
ရွှေဟင်္သာ

ရက္ခိုင့် တပ်မတော် (AA) သည် အမိမြေ အတွင်း အခြေချရန်  ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ RNDP က သမ္မတ ဦးသိန်းစိန်ထံ တင်ပြ တောင်းဆို ထားသည့် အပေါ် (AA) တပ်မတော် ခေါင်းဆောင်များက ကြိုဆိုကြကြောင်း ရခိုင်တပ်မတော် ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်က ယနေ့ ပြောကြား ခဲ့ပါသည်။

“ကျနော်တို့ ရခိုင် လူမျိုးတွေရဲ့ လိုအပ်ချက် အရ RNDP ပါတီက တောင်းဆို နေတယ်လို့ဘဲ မြင်ပါတယ်။ အစိုးရ နဲ့ နိုင်ငံရေး အရ နှစ်ဖက်တွေ့ဆုံ ဆွေးနွေးပြီး သဘော တူညီချက်နဲ့ အခြေချခွင့် ရဖို့ လိုတယ်ဗျ။ ရက္ခိုင့် တပ်မတော်က ရက္ခိုင့် လူမျိုးတွေ အတွက် အကာအကွယ် ပေးဖို့ အစဉ်သင့် ရှိနေပါတယ်” ဟု ဆိုပါသည်။

ရက္ခိုင့် တပ်မတော် (AA) သည် လက်ရှိ အခြေအနေတွင် ကချင်ပြည်နယ်တွင်း၌အခြေချလျှက် ရှိသည်။ ဤသို့ကြောင့် ရခိုင် ပြည်နယ် နယ်စပ်၌ အခြေချခွင့် ရရှိရန် ပြီးခဲ့သည့် မေလ ၅ ရက်နေ့တွင်  နေပြည်တော် ၌ကျင်းပသော နိုင်ငံရေး ပါတီများ နှင့် နိုင်ငံတော် သမ္မတ တွေ့ဆုံပွဲတွင် ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ RNDP မှ တင်ပြ တောင်းဆိုခဲ့သည်။

ယင်းတောင်းဆိုချက်ကို သမ္မတဖက်မှ လက်ခံပါက လုပ်ငန်း အဆင်ပြေ ချောမွှေ့စေရန် အစိုးရနှင့် ရက္ခိုင့် တပ်မတော်တို့ အကြား တွေ့ဆုံ ဆွေးနွေး သွားရန် လိုအပ် သည်ဟု RNDP ဥက္ကဌ ဦးအေးမောင်က တောင်းဆို ထားကြောင်း မေလ ၈ ရက် နေ့ထုတ် The Myanmar Post တွင် ဖော်ပြ ထားပါသည်။

ရက္ခိုင့် တပ်မတော်သည် ရခိုင် လက်နက်ကိုင် အဖွဲ့အစည်းများ ထဲမှ တစ်ခု ဖြစ်ပြီး အင်အား နှစ်ထောင် နီးပါးခန့်ရှိသည်ဟု ဒေါက်တာ အေးမောင် က ဆိုပါသည်။

RNDP ပါတီသည် ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ခဲ့သည့် ပါတီဖြစ်သလို ရခိုင် တိုင်းရင်းသားများ အတွက် ပြည် တွင်း၌ လှုပ်ရှားနေသည့် ပါတီ ဖြစ်သည်။ ဤကဲ့သို့ အမိမြေ အခြေချနိုင်ရေးအတွက် ရက္ခိုင့် တပ်မတော်အား အဆိုပြုပေးခဲ့သည့် အပေါ် ရက္ခိုင့် တပ်မတော် အနေဖြင့် အားရ ကျေနပ်ကြောင်း ဆိုပါသည်။

“RNDP ပါတီရဲ့ တောင်းဆိုမှုအပေါ် ကျနော်တို့ အလေးထားပြီး ဆောင်ရွက်မှာပါ။ အခြေအနေအရ ကျနော်တို့ ကချင်ပြည်နယ်မှာ အခြေချ နေရတာပါ။ တကယ်တော့ အစိုးရရဲ့ ခွင့်ပြုချက် ရသည်ဖြစ်စေ မရသည်ဖြစ်စေ ရက္ခိုင့် တပ်မတော်က ရခိုင် ပြည်နယ်မှာဘဲ အခြေချရမှာပါ။” ဟု ဗိုလ်မှူးချုပ်က ဆိုပါသည်။

ရက္ခိုင့် တပ်မတော်သည် မည်သည့် ရခိုင် ပါတီ လက်အောက်၌ တာဝန်ထမ်းဆောင် သွားမည် ဆိုသည်ကို လည်း လောလောဆယ်၌မဆုံးဖြတ် ရသေးကြောင်း ဆိုပါသည်။

ရက္ခိုင့် တပ်မတော်သည် ၂၀၀၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင် စတင် ဖွဲ့စည်းခဲ့ပြီး၄င်းတို့၏ ရည်ရွက်ချက်မှာ ပျောက်ကွယ် သွားခဲ့ရသည့် ရက္ခိုင့် အမျိုးနွယ်တို့၏ကိုယ်ပိုင် ပြဌာန်းခွင့်နှင့် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီး ပိုင်ခွင့်များပြန်လည် ရရှိရေး တို့ပင်ဖြစ်သည်။

Most read this week