ထိုင်းနိုင်ငံ ကန်ချန ဘူရီရှိ နာနတ်သီး စည်သွပ်ဘူး လုပ်ငန်းကို လုပ်ဆောင်နေသော NatGroup ကုမ္ပဏီသည် မြန်မာ အလုပ်သမားများ အပေါ် အခွင့်အရေး ဆိုင်ရာ ချိုးဖေါက်မှု ရှိခဲ့သည်ဟု စုံစမ်းဖေါ်ထုတ် ခဲ့သူ ဗြိတိန်နိုင်ငံသား တဦးကို တရားစွဲ ခဲ့ကြောင်း Burma Campaign UK မှ အစီရင်ခံစာ ထုတ်ပြန် ခဲ့ပါသည်။
အဆိုပါ ကုမ္ပဏီ၏ အလုပ်သမား အခွင့်အရေး ချိုးဖေါက်မှုကို အလုပ်သမား အရေး တက်ကြွလှုပ်ရှားသူ Andy Hall ကဖေါ်ထုတ် ခဲ့ပါသည်။ ၄င်းဖေါ်ထုတ်ချက်အရ -
ကုမ္ပဏီမှ လုံခြုံရေး ၀န်ထမ်းများနှင့် မန်နေဂျာများသည် မြန်မာ အလုပ်သမား များအား ရိုက်နှက်ခြင်း၊ အန္တရာယ် ရှိသည့် လုပ်ငန်းထဲတွင် လုပ်ကိုင်စေခြင်း၊ လုပ်အားခကို ဖြတ်တောက်ခြင်း၊ သတ်မှတ် လစာထက် နိမ့်ကျစွာပေးခြင်း၊ အလုပ် လုပ်ခွင့် မှတ်ပုံတင် စာရွက်စာတမ်း များအား သိမ်းဆည်းထားခြင်း၊ ပြန်တောင်းသော်လည်း မပေးခြင်းနှင့် ကလေး အလုပ်သမား အသုံးပြုမှုများ ကျူးလွန် ခဲ့ကြောင်း အစီရင်ခံစာက ဆိုထားပါသည်။
ဤသို့ကြောင့် စုံစမ်းဖေါ်ထုတ်သူ Andy Hall အား NatGroup ကုမ္ပဏီက တရားစွဲ ခဲ့ပါသည်။ ကုမ္ပဏီသည်၊ ရာဇဝတ်မှု ပုဒ်မ၊ ကွန်ပြူတာ ရာဇဝတ်မှု အက် ဥပဒေ ပုဒ်မ (၇) ခုဖြင့် ဘန်ကောက်မြို့ တောင်ပိုင်း တရားရုံး၌ စွဲချက် တင်ထားပါ သည်။
“Andy Hall ကို တရားစွဲ လိုက်ခြင်းဟာ ကုမ္ပဏီ အပေါ်ပြစ်တင်နေမှုတွေကို ပိတ်ပင် လိုက်တဲ့ သဘောပါဘဲ။ တနည်း အားဖြင့် အလုပ်သမား အခွင့်အရေး ချိုးဖေါက်မှုတွေ ကာကွယ်ဖို့ လိုက်လံဖေါ်ထုတ်နေသူတွေကိုလည်း ကုမ္ပဏီများရဲ့ လုပ်သားတွေ အ ပေါ်မှာ တရားမဝင် ဆက်ဆံသူတွေ အဖြစ် စွပ်စွဲလိုက်တာဖြစ်တယ်” ဟု Burma Campaign UK အဖွဲ့၏ ဧပြီလ (၇) ရက်နေ့ထုတ် အစီရင် ခံစာ ထဲတွင် ဖေါ်ပြ ထားပါသည်။
အကယ်၍ ပစ်မှု ထင်ရှားခဲ့သည် ရှိသော် Andy Hall သည် ထောင်ဒဏ် (၇) နှစ် သို့မဟုတ် ယူရို (၆.၆)သန်း အမေ ရိကန်ဒေါ်လာ(၁၀ သန်းခန့်) ချမှတ် ခံရဖွယ် ရှိနေပါသည်။
Andy Hall သည် အလုပ်သမား အခွင့် အရေး ချိုးဖောက်မှုနှင့် ပတ်သက်သည့် အကြောင်းအရာများအား ထိုင်းနိုင်ငံထဲတွင် ဆယ်နှစ်ခန့် ရှာဖွေ သုတေသန ပြုနေသူ တစ်ဦး ဖြစ်သည်။
“ ဒါဟာ ကျွှန်တော့်နဲ့ အခြား ကျွှန်တော့်လို အလုပ်သမားအခွင့် အရေး တက်ကြွှ လှုပ်ရှား သူတွေကို စိတ်ပျက်ဖွယ် ဖြစ်အောင် လုပ်ဆောင်ချက် ဖြစ်တယ်၊ကျွှန်တော့်ကို နှုတ်ပိတ်ဖို့ ကြိုးစားတဲ့ အချင်းအရာ တစ်ခု ဖြစ်တယ်”လို့ Andy Hall ကပြောကြောင်း အစီရင် ခံစာထဲမှ၌ ဆိုထားပါသည်။
ဤကဲ့သို့ Andy Hall က ဆိုသော်လည်း “ကုမ္ပဏီ အနေနဲ့ လူသား အရင်း အမြစ် ဖွံ့ဖြိုး ရေးကို အထူး အလေးပေးဆောင်ရွက်နေပါတယ်” လို့ ကုမ္ပဏီ ဥက္ကဋ္ဌ က တုန့်ပြန် ပြောဆို ထားကြောင်းလည်း အစီရင် ခံစာ၌ ဖော်ပြ ထားပါ သည်။
Andy Hall သည် ထိုင်းနိုင်ငံ ဘန်ကောက် မြို့ရှိမဟိဒွန် တက္ကသိုလ်၌အလုပ် သမား အခွင့်အရေး ချိုးဖောက်မှု ဆိုင် ရာ ရှာဖွေ လေ့လာချက်ကို (၁၀)နှစ်ခန့် သုတေသန မှတ်တမ်း တင်သူ အဖြစ် ဆောင်ရွက် ခဲ့ပါသည်။ ဤပြသနာ ကြောင့် Andy Hall သည်တက္ကသိုလ်နှင့် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ အထိ ချုပ်ဆိုရန် ရှိသည့် စာချုပ်ကို တိုးချဲ့ခြင်း မပြုတော့ချေ။
ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ် သမားပေါင်း ၂ သန်း မှ ၃ သန်း အထိ ရှိနိုင်သည်ဟု အလုပ်သမား အခွင့်အရေး တက်ကြွလှုပ်ရှား သူများက ခန့်မှန်း ထားကြပါသည်။ ဤထဲ၌ ၈၀ ရာခိုင်နှုန်းသည် မြန်မာ့ရွှေ့ပြောင်း အလုပ်သမားများ ဖြစ်နိုင်သည်ဟု အစီရင်ခံစာက ဖော်ပြထားပါသည်။



