ဒီမို ကရေစီ ကရင် အကျိုးပြု တပ်မတော် DKBA မှဗိုလ်မှူး မောင်လေး ဦးဆောင်သော အဖွဲ့သည် DKBA နှင့် BGF ကြား ဖြစ်ပွား ခဲ့သော လက်နက်ကိုင် ပဋိပက္ခကို ဖြေရှင်းရန် ၀န်ကြီး ဦးအောင်မင်းတို့နှင့် ယမာန်နေ့ နံနက် ၉ နာရီတွင် နေပြည်တော်၌ သွားရောက်ဖြေရှင်း ခဲ့ရသည်ဟု ဗိုလ်မှူး မောင်လေးက ဆိုပါသည်။

“လောလော ဆယ်မှာ တင်းမာမှု မဖြစ်အောင် သူတို့ဘက်က တားထား ပေးလိုက်တယ်။ အခုတော့ ကိုယ့်နေရာကိုယ် ယူထားကြပြီးတော့ ထိတွေ့မှု မရှိအောင် ထိမ်းထားတယ်။ ဖြစ်နေတဲ့ ပြသနာတွေကို ခေတ္တ ရပ်ဆိုင်းထားပါ။ တစ်ဖွဲ့နဲ့ တစ်ဖွဲ့တွေ့ပြီး ဖြေရှင်းရင် အဖြေထွက်လာမှာပါဟု ၀န်ကြီး ဦးအောင်မင်းက ဗိုလ်မှူးမောင်လေးကို ပြောကြောင်း ဆိုပါသည်။
ယင်း ဆွေးနွေးပွဲတွင် DKBA သည် အစိုးရ တပ်ဖွဲ့၏ မြိုင်ကြီးငူမှ ရွေ့ခိုင်းသည့် ကိစ္စကို တင်ပြခဲ့ပါသည်။ ထို့အပြင် ရရှိထားသော အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးကို အပျက် မခံစေလိုသဖြင့် ယခုကဲ့သို့ တရားဝင် လာရောက် ဖြေရှင်း ခြင်းဖြစ်ကြောင်း ၄င်းတို့၏ သဘော ထားကို တင်ပြ ခဲ့ပါသည်။ ဤသို့ကြောင့် ပြသနာကို ငြိမ်းချမ်းစွာ ဖြေရှင်းကြရန် သဘော တူညီချက် ရရှိခဲ့ခြင်း ဖြစ်ပါသည်။
၀န်ကြီး ဦးအောင်မင်းတို့နှင့် တွေ့ဆုံ ဆွေးနွေးစဉ် DKBA ဘက်မှ တင်ပြသည့် အချက်များမှာ-
၁ ) DKBA နှင့် ငြိမ်းချမ်းရေး အဖွဲ့များ အကြား အချင်းချင်း ဆက်ဆံနိုင်မည့် ကြားခံ အဖွဲ့ ထားရှိရန် အဓိကလိုအပ်ကြောင်းကြားခံ ဆက်ဆံရမည့် အဖွဲ့ မရှိသည့် အတွက် ယခုကဲ့သို့ မလိုလား အပ်သည့် ပြသနာများ ဖြစ်ပေါ်ခဲ့ရကြောင်း။
၂ ) ကရင်ပြည်နယ်တွင် ရှိသည့် ငြိမ်းချမ်းရေး အဖွဲ့ အချင်းချင်း စည်းစည်း လုံးလုံး ရှိစေရန် လိုအပ်သည့် အတွက် အားလုံး ပါ၀င်သည့် ဆွေးနွေးပွဲ တရပ် ထပ်မံ ဆွေးနွေးရန် လိုလားကြောင်း။
၃ ) ငြိမ်းချမ်းရေး အဖွဲ့များ အချင်းချင်းကြား အပါ၀င် အစိုးရ တပ်ဖွဲ့များ အကြား၌ နယ်မြေ ကန့်သတ်ရေး ကိစ္စကို သတ်သတ် မှတ်မှတ် ကန့်သတ်ရန် လိုနေကြောင်းတို့ကို တင်ပြ ခဲ့ပါသည်။
“ဆိုလိုတာက ငြိမ်းချမ်းရေး ဖော်ဆောင်တဲ့ အဖွဲ့ဖြစ်တဲ့ အစိုးရဌာန ဆိုင်ရာ စစ်တပ်က ကျနော်တို့ ငြိမ်းချမ်းရေး အဖွဲ့ တွေကြားမှာ ကြားခံပြီးတော့ ဆက်ဆံပေးမယ် ဆိုရင် ပြေလည်မှာပေါ့။ နောက်တော့ နယ်မြေ ကန့်သတ်ရေးမှာလည်း ဒီကေဘီအေလည်း သူ့နေရာနဲ့သူ ကန့်သတ်ထား လိုက်၊ ကေအန်ယူ ဆိုလည်း သူ့နေရာနဲ့သူ၊ ဘီဂျီအက်ဖ်ဆိုလည်း သူ့နေရာနဲ့သူ သတ်သတ် မှတ်မှတ် ပိုင်းခြားပေးဖို့ လိုတယ်ပေါ့။ တကယ်လို့ ရောရောနှောနှော မရှိဘူး ဆိုရင် ဘာပြသနာ ဘာပဋိပက္ခမှ ရှိလာစရာ အကြောင်း မရှိဘူး” ဟု ဗိုလ်မှူး မောင်လေးက ဆိုပါသည်။
DKBA သည် ဤပြသနာအတွက် ကရင်ပြည်နယ်၊ နယ်စပ် ရေးရာ လုံခြုံရေး ၀န်ကြီး ဗိုလ်မှူးကြီး အောင်လွင် နှင့် အရင် တွေ့ဆုံ ခဲ့ပါသည်။ ဤမှ တဆင့် အရှေ့တောင်တိုင်း စစ်ဌာနချုပ်၌ ထပ်မံ တွေ့ဆုံ ဖြေရှင်း ခဲ့သော် လည်း မပြေလည် သေးသည့် အတွက် နေပြည်တော်ရှိ ၀န်ကြီး ဦးအောင်းမင်းတို့နှင့် သွားရောက် ဖြေရှင်း ခဲ့ရခြင်း ဖြစ်ပါသည်။
“အမြန်တွေ့ကြမှာပါ။ ဒီရက်ပိုင်း အတွင်းမှာဘဲ အမြန်ဆုံး တွေ့မှာပါ။ ကြန့်ကြာလို့ မဖြစ်ဘူးပေါ့။ ဘာကြောင့်လဲ ဆိုတော့ တပ်တွေ ထိပ်တိုက် ဆိုင်ထားတဲ့ အနေထားမှာ ရှိနေတော့ ကြာနေမယ် ဆိုရင် အခန့်မသင့်ဘဲ ထိတွေ့ မှုတွေ ထပ်ဖြစ် လာနိုင်ပြီးတော့ ပြသနာတွေ ဆက်ဖြစ်နိုင်တယ်” ဟု ၀န်ကြီးက ဆိုပါသည်။
အထူးသဖြင့် ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မယ့်တဝေါ ဒေသရှိ BGF ခစတ ၁၀၁၂ နှင့် ၁၀၁၄ တပ်ဖွဲ့တို့ သည် ထိုဒေသရှိ DKBA တပ်ဖွဲ့များနှင့် ပုဂ္ဂိုလ်ရေး အရ အဆင် မပြေသည့် အနေအထား၌ ရှိသည့် အတွက် ယင်းအဖွဲ့ အစား ခစတ ၁၀၁၇ နှင့် ၁၀၁၉ တို့အဖွဲ့အား ပြောင်းလဲ နေရာ ချထား ပေးပါရန် DKBA ဖက်မှ တောင်းဆို ထားပါသည်။
ယခုကဲ့သို့ ဖြေရှင်း ခဲ့ရခြင်းသည်၊ ဗိုလ်မှူးကြီးကျော်ဘိ ဦးဆောင်သော DKBA တပ်ဖွဲ့နှင့် ဗိုလ်မှူး ချစ်သူ ဦးဆောင်သည့် အစိုးရ နယ်ခြား စောင့်တပ် BGF တို့သည် ပြီးခဲ့သည့် ဧပြီလ (၂၇) ရက်နေ့တွင် (၃) ရက်တိုင် တိုက်ခိုက် ခဲ့ကြရက ဖြေရှင်း နေကြရခြင်း ဖြစ်ပါသည်။
နှစ်ဖက် တိုက်ပွဲကြောင့် ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူ အထူး ဒေသရှိ လောပူ၊ မဲဆိပ်၊ မီးဆိုင်း၊ ထီးကနဲ စသည့် ကျေးရွာ များမှ ပြည်သူများ ထွက်ပြေး တိမ်းရှောင် ခဲ့ရသည် အထိ ဖြစ်ခဲ့ရပါသည်။
ဤပြသနာကြောင့် မေလ ၄ ရက်နေ့ နံနက် ၁၁ နာရီတွင် DKBA အဖွဲ့မှ ဗိုလ်မှူး မောင်လေး ဦးဆောင်သည့် အဖွဲ့သည် ကရင် ပြည်နယ် လုံခြံုရေးနှင့် နယ်စပ် ရေးရာ ၀န်ကြီး ဦးအောင်လွင်အား ဘားအံမြို့ပြည်နယ် အစိုးရ ရုံးတွင် သွားရောက် ဖြေရှင်း ခဲ့ရာက ပြသနာသည် နောက်ဆုံး နေပြည်တော် အထိ ဖြေရှင်း နေရခြင်း ဖြစ်ပါသည်။



