၁၂ ကြိမ်မြောက် ကျင်းပမည့် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) ၏ ညီလာခံကို မေလ ၆ ရက်နေ့မှ ၁၀ ရက်နေ့အထိ ထိုင်းမြန်မာ နယ်စပ် မယ်ဟောင်ဆောင် ခရိုင်ရှိ KNPP ဌာနချုပ် ညာမိုစခန်းတွင် ကျင်းပသွားမည်ဟု အတွင်းရေးမှူး (၂) ဖြစ်သူ ဦးအောင်စန်းမြင့် က ပြောပါသည်။
“ဒီညီလာခံက ကျနော်တို့အတွက် အများကြီး အရေးကြီး ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ပါတီတွေရဲ့ ထိပ်ပိုင်း ခေါင်းဆောင် တွေကို ပြန်လည် ရွေးချယ်မှာ ဖြစ်တယ်။ ပြီးတော့ ပါတီ စည်းကမ်း တွေနဲ့ မူတွေကိုလည်း ပြန်လည်ပြီး ရေးဆွဲရ တယ်လေ။ အပစ်အခတ် ရပ်စဲချိန်လည်း ဖြစ်တော့ ရှေ ့့လုပ်ငန်းစဉ်တွေ ချမှတ်ဖို့ အရေးကြီး နေသလို လူငယ်နဲ့ အမျိုး သမီး အဖွဲ့ဝင် တွေလည်း ပါ၀င် စေချင်တယ်။ ဒါတွေက ပါတီရဲ့ အသက် သွေးကြောတွေ ဖြစ်တဲ့ လုပ်ငန်းစဉ်တွေပါ။ ဒါကြောင့် အရေးကြီးတယ်လို့ ပြောရတာ ဖြစ်ပါတယ်” ဟု ဆိုပါသည်။
KNPP ပါတီတွင် ပါတီဝင် စုစုပေါင်း ၈၀၀ ခန့်ရှိပြီး မည်မျှ တက်ရောက် လာကြမည်ကို အတိအကျ မပြောနိုင် သေးသော်လည်း ရရှိထားသည့် စာရင်းမှာ (၂၀၀) ကျော် နေပြီး ဖြစ်သည်ဟု ဆိုပါသည်။ ညီလာခံကို (၄) နှစ် တစ်ကြိမ် ကျင်းပခဲ့ပြီး ယခုနှစ် ညီလာခံ၌ ကျဆုံး သွားသော ပါတီ ဥက္ကဌ နေရာအား အစားထိုး ရွေးချယ် ပေးရမည် ဖြစ်ပါသည်။
ပါတီ ဥက္ကဌဟောင်း ထဲဘူးဖဲသည် လူကြီးရောဂါဖြင့် (၂၀၁၁) ခုနှစ် ဇန္နာဝါရီလ (၂၇) ရက်နေ့တွင် လည်ချောင်း ကင်ဆာဖြင့် အသက် (၇၄) နှစ် အရွယ်တွင် ကွယ်လွန်သွားပါသည်။ ထိုကဲ့သို့ ကွယ်လွန်သွားသော်လည်း ၄င်း၏ရာထူးနေရာအား လစ်လပ်ထားပြီး ဒုဥက္ကဌ ခွန်အေဘယ်ဒွိ ဆက်လက် ဦးဆောင် နေခဲ့ပါသည်။
ထိုအထဲတွင် အပစ်အခတ် ရပ်စဲရေး ကိစ္စလည်း အရေးတစ်ကြီး ဆွေးနွေး စရာ ဖြစ်ပါသည်။ KNPP သည် ၁၉၉၄ ခုနှစ် တုန်းကလည်း အစိုးရနှင့် ပထမ အကြိမ် အပစ်အခတ် ရပ်စဲ ခဲ့ဘူးပြီး လပိုင်း မျှသာ တာရှည်ခံ ခဲ့ပါသည်။ ဤသို့ကြောင့် ယခု လက်ရှိ အပစ်အခတ် ရပ်စဲ ထားသည့် ကိစ္စ အပေါ် မည်သို့ ဆက်လက် သဘော ထားရမည် ဆိုသည် ကိုလည်း ရှေ့လုပ်ငန်း အနေဖြင့် ဆုံးဖြတ် ရလိမ့်မည် ဖြစ်ပါသည်။
ညီလာခံ ပြီးဆုံး၍ (၁၀) ရက် အတွင်းတွင် ညီလာခံမှ ရွေးချယ် ထားသော ခေါင်းဆောင် အသစ်ဖြင့် ဗဟို ကော်မတီ သစ်ကို ထပ်ဖွဲ့ ရမည် ဖြစ်ပြီး KNPP အစိုးရ အသစ် ကိုပါ အသစ် ထပ်မံ ဖွဲ့စည်း ပေးရမည် ဖြစ်သည်။ ထို့နည်းတူ တပ်ပိုင်း ဆိုင်ရာ ကိစ္စနှင့် ရှေ ့လုပ်ငန်းစဉ် များကိုလည်း ပထမ ဦးဆုံး ကျင်းပသည့် ဗဟို ကော်မတီ အစည်းဝေးတွင် ဆွေးနွေး ကြမည်ဖြစ် သည်။
လက်ရှိ ဗဟို အလုပ် အမှုဆောင် များမှာ အေဘယ်ဒွိ (ဒုဥက္ကဌ)၊ ခူးဦးရယ် (အတွင်းရေးမှူး ၁) ဦးအောင်စန်းမြင့် (အတွင်းရေးမှူး ၂) ၊ ဗိုလ်ချုပ် ဘီထူး (ဗဟို အလုပ်မှုဆောင်) ဆရာ ရှာရယ် ( ဗဟိုအလုပ်မှု ဆောင်)၊ ထဲဘူး (ဗဟို အလုပ်မှုဆောင်) တို့ ဖြစ်ကြပါသည်။
KNPP သည် အစိုးရ ငြိမ်းချမ်းရေး အဖွဲ့နှင့် ၂၀၁၂ ခုနှစ် မတ်လ ရ ရက်နေ့တွင် အပစ်ခတ် ရပ်စဲ ခဲ့ပါသည်။ KNPP ပါတီ စတင်ဖွဲ့စည်းခဲ့သည့် ၁၉၅၇ ခုနှစ် မေလ ၂ ရက်နေ့မှစ၍ ညီလာခံကျင်းပလာခဲ့ရာ ယခု ၁၂ ကြိမ် မြောက်ခဲ့ပါပြီ။ KNPP သည် ကရင်နီ အမျိုးသား လွတ်မြေက်ရေး တိုက်ပွဲကို ဆင်နွှဲနေသည့် တခုတည်းသော တပ်ဦးပါတီ ဖြစ်ပါသည်။



