မေလ (၄) ရက်နေ့ကို နောက်ဆုံး ထားပြီး ကရင်ပြည်နယ် လှိုင်းဘွဲ မြို့နယ် မြိုင်ကြီးငူ ဒေသရှိ မယ်ပနှင့် မဲကဆော်ရှိ ဒီမို ကရေစီ ကရင် အကျိုးပြု တပ်မတော် DKBA စခန်းများကို ပြောင်းရွှေ့ ပေးရန် အစိုးရ စစ်ဗျူဟာမှ ရာဇသံ ပေးခဲ့သည်ဟု ပြောခွင့် ရသူ DKBA ဗိုလ်မှူးကြီး ဆန်းအောင်က ဆိုပါသည်။
“ ဒီအမိန့်က အရှေ့တောင်တိုင်း တိုင်းမှူးကနေ တဆင့် တပ်မ (၂၂) မှူးကို ညွှန်ကြား ခဲ့တယ်။ အဲဒီကတဆင့် ကျနော်တို့ ဆုံစည်းမြိုင် အနားမှာ ရှိတဲ့ ဗျူဟာမှူး ဗိုလ်မှူးကြီး ထွန်းထွန်းဝင်းက တဆင့် ကျနော်တို့ကို အကြောင်းကြား ခဲ့တယ်။ ရာဇသံ ရက်ကလည်း မနေ့က မေလ (၂) ရက်နေ့ကမှ အသိပေး တာပါ။ ထွက်ပေး ရမှာက မေလ (၄) ရက်နေ့ ဆိုတော့ ဒါက မဖြစ်နိုင်တဲ့ ကိစ္စလေ။ ဒါကြောင့် လက်မခံနိုင်ဘူး” ဟု ဆိုပါသည်။

အစိုးရ ဗျူဟာမှူးများ ကမူ ဆုတ်ခွာရန် အမိန့်ပေးခဲ့သော နေရာတွင် ဟပ်ကြီး ရေကာတာ တည်ဆောက်ရန် ရှိနေသဖြင့် ရေကာတာ ဆည်သောက် ဧရိယာ၌ ပါ၀င်သော နေရာ အားလုံးကို ပြောင်းခိုင်းခြင်း ဖြစ်ကြောင်း၊ ရှင်းပြ ထားခဲ့ပါသည်။ DKBA ကမူ ပြောင်းရွှေ့ရမည့် နေရာ အစား မရှိသေးခြင်းနှင့် တပ်ဖွဲ့ ဖူလုံရေးပြသနာများ ကြောင့် ရာဇသံကို လက်မခံနိုင်ခြင်းဖြစ်ကြောင်း ဆိုပါသည်။
ယင်း ရာဇသံ ပြသနာသည် ဗိုလ်ကျော်ဘိ ဦးဆောင်သော DKBA အဖွဲ့နှင့် အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ တပ်မမှူး ဗိုလ်ချုပ် တင်မောင်ဝင်း တိုက်ရိုက် ကွပ်ကဲနေသည့် နယ်ခြားစောင့် တပ် (BGF) အဖွဲ့တို့၏ ပြီးခဲ့သည့် ဧပြီလ (၂၇) ရက်နေ့တွင် ဖြစ်ပွားသော တိုက်ခိုက်မှု၏ နောက်ဆက်တွဲ ဖြစ်ပေါ်လာခဲ့သော ပြသနာဟု ဆိုရမည် ဖြစ်ပါသည်။
DKBA နှင့် BGF တပ်ဖွဲ့တို့သည် ပြီးခဲ့သည့် ဧပြီလ (၂၇) ရက်နေ့မှ စပြီး ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူ အထူးဒေသရှိ လောပူ၊ မဲဆိပ်၊ မီးဆိုင်း၊ ထီးကနဲ စသည့် ကျေးရွာများ၌ (၃) ရက်ခန့် ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွား ခဲ့ပါ သည်။ ယင်း (၃) ရက်ကြာ တိုက်ပွဲတွင် ဗိုလ်ကျော်ဘိ ဦးဆောင်သော DKBA တပ်ဖွဲ့နှင့် ဗိုလ်မှူး ချစ်သူ ဦးဆောင်သော BGF တပ်ဖွဲ့တို့က တိုက်ခိုက် ခဲ့ကြခြင်း ဖြစ်ပါသည်။
ဤကဲ့သို့ တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ကြသဖြင့် ပြသနာကို ပြန်လည် ဖြေရှင်းရန် ပြီးခဲ့သည့် ဧပြီလ (၃၀) ရက်နေ့တွင် မြိုင်ကြီးငူတွင် နှစ်ဖက် တွေ့ဆုံ ခဲ့ပါသည်။ DKBA ဖက်မှ ဗိုလ်မှူးကြီး ကျော်သက် ဦးဆောင်ပြီး BGF ဖက်မှ ဗိုလ်မှူး ချစ်သူက ဦးဆောင် ခဲ့ပါသည်။ KNU ကလည်း ပြသနာကို ငြိမ်းချမ်းစွာ ဖြေရှင်းကြရန် တိုက်တွန်း ထားပါသည်။
DKBA ကမူဤ ပြသနာ၌ အစိုးရ ပါ၀င် ပတ်သက်မှုကို မလိုလားကြောင်း ဗိုလ်မှူးကြီး ဆန်းအောင်က အတိအလင်း တောင်းဆို ခဲ့ပါသည်။ သို့သော် BGF အဖွဲ့သည် အစိုးရ ကြီးကြပ်သော အဖွဲ့ဖြစ်သဖြင့် တွေ့ဆုံမှုသည် မပြေလည်ဘဲ နှစ်ဖက်တပ်များ စစ်ပြင်ဆင် နေခဲ့ပါသည်။
ဤသို့ကြောင့် DKBA တပ်များ မြိုင်ကြီးငူ ဒေသရှိ မယ်ပနှင့် မဲကဆော်ဒေသမှ ရုပ်သိမ်းပေးရန် အရှေ့တောင် တိုင်းမှ တဆင့် ရာဇသံပေးလိုက်ခြင်း ဖြစ်သည်ဟု ဆိုနိုင်ပါသည်။
သို့သော်လည်း ဤနှစ်ဖွဲ့သည် မနှစ်တုန်းကလဲ တင်းမာမှုများ ဖြစ်ပွား ခဲ့ဘူးပါသည်။ ဗိုလ်ကျော်ဘိ ဦးဆောင် သော DKBA တပ်ဖွဲ့သည် ဗိုလ်မှူး ချစ်သူ ဦးဆောင်သော BGF တပ်ဖွဲ့ ၀င်များ ထံမှ လက်နက် အလက် (၄၀) ခန့်ကို သိမ်းဆည်း ခဲ့ရာမှ နှစ်ဖက် တင်းမာမှု ဖြစ်ခဲ့ခြင်း ဖြစ်ပါသည်။ ထိုစဉ်က ပြသနာကို နိုင်ငံတော်ငြိမ်းချမ်း ရေး အဖွဲ့ လုံခြုံရေး ၀န်ကြီး ဦးအောင်မင်း တို့က ကြားဝင် ဖြေရှင်း ပေးခဲ့ပါသည်။
ထို့အပြင် စီးပွားရေး အရာတွင်လည်း နှစ်ဖက် အကြား အငြင်းပွားမှုများ မကြာခဏ ဖြစ်ခဲ့ပါသည်။ ဤကဲ့သို့ အငြင်းပွားခဲ့ ရခြင်းသည် အစိုးရ၏ မမျှတသော စီးပွားရေး ပေါ်လစီ မက်လုံးကြောင့် နှစ်ဖက် အငြင်းပွားမှုကို ဖြစ်စေခဲ့သည်ဟု DKBA ပြောခွင့် ရသူက ဆိုပါသည်။ အကြောင်းမှာ အစိုးရသည် BGF ကို ဦးစားပေး ထားသည့် အတွက် မလိုလားသော အငြင်း ပွားမှုများကို ဖြစ်ပေါ်စေခဲ့သည်ဟု ဆိုပါသည်။
ဗိုလ်ကျော်ဘိသည် တပ်ရင်းမှူးကြီး တာဝန်နှင့် နယ်ခြား စောင့်တပ်ရင်း ၃ ရင်းကို ဦးဆောင် ခဲ့သူဖြစ်ပြီး၂ဝ၁၁ ခုနှစ် အလယ် ပိုင်းတွင် DKBA အဖြစ် ပြန်လည် ကူးပြောင်း ခဲ့သူ ဖြစ်ပါသည်။ ၄င်းတို့သည် လက်ရှိ၌ ဗိုလ်ချုပ် စောလားဖွယ်ခေါ် ဗိုလ် နှုတ်ခမ်းမွှေး ဦးဆောင်သော တပ်ဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်နေပြီး KNU နှင့် မဟာမိတ် အဖြစ် ရပ်တည် နေခဲ့သည်ဟု ဆိုပါသည်။
ကရင်ပြည် အတွင်းတွင် KNU နှင့် ပတ်သက် ခဲ့သော လက်နက်ကိုင် အဖွဲ့အစည်း (၄) ဖွဲ့ ရှိပါသည်။ ကရင် အမျိုးသား အစည်းအရုံး (KNU)၊ ဒီကရေစီ ကရင် အကျိုးပြု တပ်မတော် (DKBA)၊ DKBA မှ အသွင်ပြောင်း သွားသော အစိုးရ နယ်ခြား စောင့်တပ် (BGF) နှင့် ကရင် ငြိမ်းချမ်းရေး ကောင်စီ အဖွဲ့တို့ဖြစ်ပါသည်။ DKBA၊ BGF နှင့် ကရင် ငြိမ်းချမ်းရေး ကောင်စီ အဖွဲ့တို့သည် KNU အဖွဲ့မှ ခွဲထွက် သွားကြသော အဖွဲ့များဖြစ်ပါသည်။
ဤသို့ကြောင့် ကရင့် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ၏ အခြေအနေသည် အစိပ်စိပ် အမွှာမွှာ ကွဲခဲ့ကြ ရာက ယနေ့ အချိန်တွင် အချင်းချင်း ပြန်တိုက်ကြတော့မည့် အခြေအနေ ဖြစ်လာပြန်ပါ သည်။ ဤကဲ့သို့သော အခြေ အနေသို့ ရောက်အောင်လည်း အစိုးရ၏ နည်းဗျူဟာများက တဆင့်ချင်း ဆက်လက် တွန်းအားပေးနေလိမ့်မည်ဟု နယ်စပ် စစ်ရေး လေ့လာ သူများက ဆိုနေပါသည်။



