တိုင်းရင်းသားများ ပူးပေါင်း ဆောင်ရွက်ရေး အလုပ်အဖွဲ့ WGEC ( Working Group for Ethnic Co-ordinating) သည် အစိုးရနှင့် နို်င်ငံရေးအရတွေ့ဆုံဆွေးနွေးသည့် အခါ တင်ပြရမည့် အချက်များကို ကြိုတင် ပြင်ဆင်သည့် အနေဖြင့် (၃) ရက်တာ ဆွေးနွေးခဲ့ကြသည်ဟု ပြောခွင့်ရသူ ခွန်ဥက္ကာက ဆိုပါသည်။

“ အစည်းအဝေး ကိုတော့ဧပြီလ ၃၀ ရက်နေ့ကနေမေလ၂ရက်နေ့ထိဆွေးနွေး ဖြစ်ခဲ့ပါတယ်။ အဓိက ကတော့အစိုးရနဲ့ နိုင်ငံရေးအရ ဆွေးနွေးတဲ့ အခါ တိုင်းရင်းသားအားလုံးအတွက် ကိုယ်စားပြုနိုင်မယ့်နိုင်ငံရေးFrame Work အခြေခံ မူဘောင်တွေကိုချမှတ်ဖို့နဲ့ အတည်ပြုအကောင်ထည် ဖော်နိုင်ဖို့ ရည်ရွယ်တဲ့ အစည်းအဝေးပါ” ဟု ပြောသည်။
ဤအစည်းအဝေးတွင် Frame Work အခြေခံ မူများကို ဆွေးနွေး ခဲ့ကြသည့် အပြင် လက်တွေ့ အကောင်အထည်ဖေါ်မည့်လုပ်ငန်းစဉ်ပိုင်းကိုပါ ဆွေးနွေးကြပါသည်။ အစည်းအဝေးသို့ ကိုယ်စားလှယ်ပေါင်း (၄၀) ခန့် တက်ရောက်ပြီး ထိုင်းနိုင်ငံ ဇင်းမယ်မြို့တနေရာ၌ ကျင်းပခဲ့သည်
WGEC သည် အစိုးရနှင့် နိုင်ငံရေးအရ ဆွေးနွေးသည့် အခါ တူညီသော အခြေခံမူများ ရရှိရန် ပြည်တွင်းပြည်ပ လက်နက်ကိုင် လမ်းစဉ်ဖြင့် တော်လှန်နေသော တိုင်းရင်းသား အဖွဲ့အစည်းများ အားလုံးနှင့် လိုက်လံ ဆွေးနွေး ခဲ့ပါသည်။ ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်နေ့၌ ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမတွင် ပြည်တွင်းရှိ တိုင်းရင်းသား ပါတီ (၁၂) ဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေး ခဲ့သလို သွေးစည်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့ဝင် မဟုတ်သော လက်နက်ကိုင် တိုင်းရင်းသား ပါတီများနှင့်လည်း WGEC မှ လိုက်လံ ဆွေးနွေးခဲ့ပြီးဖြစ်သည်။
ဤသို့ကြောင့် တိုင်းရင်းသား လူမျိုးများ သဘောတူ လက်ခံသော frame work ကို ရေးဆွဲ အတည်ပြုရန် ယခုအစည်းအဝေးကို ကျင်းပခဲ့ခြင်းဖြစ်သည်ဟု ဆိုပါသည်။ ဤ WGEC အစည်းအဝေးသို့ ပြည်တွင်းမှ တိုင်းရင်းသား ကိုယ်စားလှယ် (၆) ဦးလည်း တက်ရောက်ခဲ့ကြပါသည်။
WGEC သည်သွေးစည်းညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်များဖြင့် အခြေခံ ဖွဲ့စည်းထားပါသည်။ သို့သော် ပြည်တွင်းပြည်ပ တိုင်းရင်းသား အဖွဲ့များနှင့် လိုက်လံ ဆွေးနွေးမှုများ အရ WGEC ကို တိုးချဲ့ ဖွဲ့စည်းသင့် မသင့်ဆုံးဖြတ်ရန်လိုအပ် လာနေကြောင်း ဆိုပါသည်။
WGEC ကို တိုးချဲ့ ဖွဲ့စည်း ရာတွင်လည်း UNFC အဖွဲ့ဝင်သက်သက် တိုးချဲ့မည်သို့မဟုတ် UNFC အဖွဲ့ဝင်မဟုတ်သောသျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) အဖွဲ့အစည်းလိုမျိုး သို့မဟုတ် အခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများပါ၀င် သင့်မသင့်ကိုဆုံးဖြတ် ခဲ့ကြသော်လည်း အသေးစိတ် အချက်အလက် များကိုမူ ထုတ်ပြန်ခွင့် မရှိသေးကြောင်း ဆိုပါသည်။
ထို့အပြင် WGEC သည် အစိုးရနှင့် ဆွေးနွေးသော နိုင်ငံရေး ဆွေးနွေးပွဲတွင်အမျိုးသမီး ကိုယ်စားလှယ်များ ပါ၀င် ရမည်ဟုချမှတ် ထားသဖြင့် UNFC ၏ တဖွဲ့ချင်းစီ ကိုယ်စားလှယ်များ၌ပင်အမျိုးသမီး ကိုယ်စားလှယ် များကိုထည့်သွင်း ပေးပါရန် ဆုံးဖြတ်ခဲ့ပါသည်။
“ ဥပမာ - KNPP နိုင်ငံရေးသွားဆွေးနွေးမယ်ဆိုရင်သူတို့အမျိုးသမီးအဖွဲ့ကကိုယ်စားလှယ်တွေပါသွားတာမျိုး။ နောက် PNLO မှာဆိုရင်လည်း ပအိုဝ့် အမျိုးသမီးအဖွဲ့က ကိုယ်စားလှယ်အဖြစ်ပါသွားတာမျိုးပေါ့။ အဲဒီလိုမူတွေချထားတယ်ဆိုတေ့ာ နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးပွဲတွေမှာ အမျိုးသမီးတွေက အနည်းဆုံး တော့ လေးပုံတစ်ပုံပါဖို့ပေါ့။ ရာနှုန်းအရ ပြောရရင် ၃၀ ရာခိုင်နှုန်းပါ၀င်ဖို့ပေါ့။ အဲဒီလိုချမှတ်ထား တာပါ” ဟု ဆိုပါသည်။
WGEC သည် သွေးစည်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ UNFC အဖွဲ့ဝင်များနှင့် အခြေခံ ဖွဲ့ စည်းထားပြီး အစိုးရနှင့် နိုင်ငံရေးအရ ဆွေးနွေးရန် အတွက် အဓိက ရည်ရွယ် ဖွဲ့စည်း ထားပါသည်။ UNFC အဖွဲ့ဝင်များမှာ(၁) လားဟူ ဒီမိုကရက် တစ်အစည်းအရုံး(LDU)၊ (၂) မွန်ပြည်သစ် ပါတီ (NMSP)၊ (၃) ပအို့ဝ် အမျိုးသားလွတ် မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ (၄) ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦးPSLF (PSLF)၊ (၅) ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP)၊(၆)၀အမျိုးသား အဖွဲ့ချုပ်(WNO)၊ (၇) ANC ရခိုင်ပြည် အမျိုးသား ကောင်စီ၊ (၈) ချင်းအမျိုးသား တပ်ဦး (CNF)၊ (၉) ကချင် လွတ်လပ်ရေး အဖွဲ့ (KIO)၊ (၁၀) ကရင်နီ တိုးတက်ရေး ပါတီ (KNPP) နှင့် (၁၁) ကရင်အမျိုးသား အစည်းအရုံး (KNU) တို့ ဖြစ်ကြပါသည်။
WGEC သည် အစိုးရ ငြိမ်းချမ်းရေး အဖွဲ့နှင့် နိုင်ငံရေးအရတွေ့ဆုံ ဆွေးနွေးရန် ဤမေလ၌ မူလက စီစဉ်ထားခဲ့ သော်လည်း KIO နှင့်အစိုးရတို့ မဆွေးနွေး ရသေးသဖြင့် ဇွန်လသို့ ရွှေ့ဆိုင်းထားပါသည်။ WGEC နှင့် အစိုးရ တို့့၏ ဆွေးနွေးပွဲသည် KIO နှင့် အစိုးရတို့ ဆွေးနွေးမှု မပြေလည်မချင်း ဆက်လက်ရွှေ့ဆိုင်း နေဦးမည်ဟု UNFC အဖွဲ့ဝင် များက ဆိုပါသည်။



