အစိုးရ တပ်များသည် တိုင်းရင်းသား တပ်များ အပေါ်စစ်ရေး အပေါ်စီး ရရှိစေရန် အပစ်အခတ် ရပ်စဲ ထားသည်ဖြစ်စေ၊ မရပ် ခဲ့သည်ဖြစ်စေ တိုင်းရင်းသား ဒေသများသို့ စစ်တပ် အင်အား တိုးချဲ့ ချထား နေခဲ့ဖြစ်သည်ဟုနယ်စပ် စစ်ရေးအကဲခတ်များကဆိုပါသည်။
“အစိုးရ ကတော့ သူတို့မှာ ရှိနေတဲ့ ကကကြည်းရဲ့့ အရန် အင်အား ထဲကတပ်မ အားလုံးကို လူမျိုးစုနယ်မြေ ထဲကို ပို့ထားပါတယ်။ တပ်လဲ စရာတောင် မကျန်တော့ဘူး။ တပ်မ (၇၇) နဲ့တပ်မ (၆၆) က လွဲလို့ပေါ့။ ဒါကို ကြည့်ရင် အပစ်အခတ် ရပ်ရေးမှာနေရာ ယူပြီး အပေါ်စီးကနေရဖို့ဖြစ်ပါတယ်” ဟု ဦးအောင်ကျော်ဇော်က ဆိုပါသည်။
ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ (KIO) နယ်မြေထဲတွင်၊ မူလက ရှိနေသော မြောက်ပိုင်းတိုင်း တပ်နှင့်တပ်မ (၉၉) တို့သည်အားလုံးပေါင်း (၄၇) ရင်းသာ ရှိကြောင်း KIO က ဆိုပါသည်။ သို့သော် ပြီးခဲ့သည့်၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် တပ်ရင်းပေါင်း (၁၂၀)အထိတိုးလာခဲ့ပြီးနောက်ဆုံး လိုင်ဇာအပြီးသတ် တိုက်ပွဲ၌ တပ်ရင်း ပေါင်း (၁၅၀) အထိ ဖြစ်လာကြောင်း KIA အရှိများက ခန့်မှန်း ခဲ့ပါသည်။
လက်ရှိ အခြေအနေတွင် အစိုးရတပ်ရင်း တရင်း၌ တပ်ဖွဲ့ အင်အား အများဆုံး (၂၀၀) ခန့်သာ ရှိကြောင်း စစ်ရေးအကဲခတ်များက ဆိုပါသည်။ ဤသို့ကြောင့် KIO နယ်မြေရှိ အစိုးရ တပ်အင်အားသည် (၃) သောင်းခန့် ဖြန့်ကျဲထားနိုင်ကြောင်း KIA အရာရှိများက ဆိုပါသည်။
တပ်ဖွဲ့ အမည်အရ ဆိုလျှင် KIO နယ်မြေထဲတွင် တပ်မ (၂၂) တပ်မ (၃၃) တပ်မ (၉၉) တပ်မ (၈၈) အပြင် စစ်ဆင်ရေး ကွပ်ကဲမှု ဌာန ချုပ် (စကခ) ရ အပါ၀င် စကခ (၃) မျှနှင့် မြောက်ပိုင်းတိုင်း တပ်များ လှုပ်ရှား နေသည်ဟု KIA မှ တွက်ဆ ထားပါသည်။
အလားတူ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ဒေသဖြစ်သော ရှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်၊ နမ့်ဆန်နှင့် နောင်ချိုမြို့နယ်တွင် မူလက တပ်ရင်း (၁၀) ရင်းသာ ရှိခဲ့ပါသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလတွင် တပ်ရင်း (၆) ရင်းခန့် တိုးလာပြီး (၁၆) ရင်း ဖြစ်လာကာ ဧပြီလ အကုန်တွင် (၂၅) ရင်း အထိ တိုးလာခဲ့သဖြင့် စုစုပေါင်း တပ်အင်အား (၄၀၀၀) ခန့် ရှိလာနိုင်သည်ဟု TNLA ပြောခွင့်ရှိသူ မိုင်ဖုန်းကျော်က ခန့်မှန်း ထားပါသည်။
TNLA နယ်မြေ၌ တိုးလာသော အစိုးရ တပ်ရင်းများမှာ အမှတ် (၁) စကခ တပ်မ ဌာနချုပ် တပ်ဖွဲ့နှင့် အမှတ် (၁၆) စကခ ဌာနချုပ် တပ်များ ဖြစ်ပါသည်။ တိုးလာသော ဤတပ်ဖွဲများသည် TNLA စခန်းရှိသော နေရာများတွင် စခန်းငယ်များ တည်ဆောက်ပြီး ပိုက်စိတ်တိုက် စစ်ဆင်သော နည်းဖြင့် ခပ်စိပ်စိပ် တိုက်ခိုက်လာခဲ့ပါသည်။ KIA နှင့်TNLA တို့ သည် အစိုးရနှင့် အပစ်အခတ် ရပ်စဲခြင်း မရှိသေးသဖြင့် တိုက်ခိုက်မှုများ ရှိနေမည်မှာ မလွဲပေ။
သို့သော် အပစ်အခတ် ရပ်စဲထားသော ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) သည် ရှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင် ဒေသမှ ရှမ်းပြည်အလယ်ပိုင်း မိုင်းရှူး တန့်ယန်းမြို့နယ် အထိ လှုပ်ရှား နေပါသည်။ သံလွင် အရှေ ့ပိုင်းတွင် ၀ပြည် သွေးစည်း ညီညွတ်ရေး ပါတီ (UWSA) တပ်များက ၄င်းတို့အား ကျောထောက် နောက်ခံ ထားပါသည်။
ဤဒေသထဲတွင် မူလက အစိုးရ အရှေ့မြောက်ပိုင်း တပ်ဖွဲ့များနှင့် အရှေ့ အလယ်ပိုင်း တိုင်းတပ်ဖွဲ့များ ကသာလှုပ်ရှား နေကြရာက ၂၀၁၂ ခုနှစ် စက်တင်ဘာလ လောက်တွင် SSPP ဌာနချုပ်ဖြစ်သော ၀မ်ဟိုင်း ဧရိယာထဲသို့ အင်အား (၁၅၀၀) ခန့် တိုးချဲ့ ချထားခဲ့ပြီး တိုက်ခိုက်လာခဲ့ပါသည်။
အစိုးရ တပ်များသည် ၂၀၁၂ ခုနှစ် အကုန်ပိုင်းတွင် ရှမ်းပြည် အလယ်ပိုင်း မိုင်းရှူး မြို့နယ်သို့ အင်အားများတိုး ချဲ့ ချထားလာပြီး အပစ်အခတ် ရပ်စဲ ထားစေကာမူ ထပ်မံတိုက်ခိုက်လာပြန်ပါသည်။ ဒီဇင်ဘာလ အချိန်တွင် အစိုး ရတပ်ဖွဲ့များသည် KIA အားပြင်းထန်စွာ စစ်ဆင် လာခဲ့သဖြင့် SSPPနှင့် ဖြစ်သော တိုက်ပွဲများ ခေတ္တရပ်တန့် သွားစေခဲ့ပါသည်။
သို့သော် ၂၀၁၃ ခုနှစ် ဧပြီလတွင် အစိုးရ တပ်များသည် လွယ်လန်းတောင်ကျောအား သိမ်းပိုက်ရန် SSPP အား ဆုတ်ခွာခိုင်းပြန်ပါသည်။ SSPP မှ ဆုတ်ခွာပေးခြင်း မရှိသဖြင့် (၂) ပတ်ကျော်ကြာ တိုက်ပွဲဖြစ်လာ ခဲ့ပါ သည်။ ဤတောင်ကျောကို သိမ်းပိုက်ရန် အစိုးရသည် အင်အား (၄၀၀၀) နီးပါး တိုးချဲ့ချထားလာခဲ့သည်။ ဤတပ်ဖွဲ့များ၏ အများစုသည် စကခ တပ်ဖွဲ့ဝင်များဖြစ်သည်ဟု SSPP ပြောခွင့်ရသူများက ဆိုပါသည်။
ဤသို့ကြောင့် SSPP နယ်မြေထဲ၌ အစိုးရ ဧည့်တပ်များ (၆၀၀၀)ခန့် တိုးလာနေသလို စစ်ကူများလည်း ထပ်မံပို့ ပေးနေဆဲဖြစ် ကြောင်းဆိုပါသည်။ လက်ရှိတွင် SSPP နယ်မြေ ထဲ၌ တိုင်းတပ်များ အပါ၀င် အစိုးရတပ်အင် အားစုစုပေါင်း တသောင်းနှစ်ထောင်ခန့် ရှိနေပြီးဖြစ်ကြောင်း ခန့်မှန်း ခဲ့ကြပါသည်။
အလားတူ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS) နယ်မြေတွင်လည်း မူလက အရှေ့ပိုင်းတိုင်းတပ်နှင့် တြိဂံတိုင်းတပ်တို့သာ ရှိနေရာ က စကခဌာနချုပ် (၃) ခု တိုးလာခဲ့ပါသည်။ မူလကအင်အား တသောင်းကျော်ဖြင့် လှုပ်ရှားနေရာက လက်ရှိတွင် အင်အားနှစ်သောင်းခွဲအထိ တိုးလာခဲ့ပြီး တိုက်ပွဲများ ခပ်စိပ်စိပ် ဖြစ်လာခဲ့ကာ အပစ်အခတ်ရပ်စဲခဲ့သော်လည်း တိုက်ပွဲပေါင်း (၅၀) ကျော်ဖြစ်ခဲ့ကြောင်း ပြောခွင့်ရသူ ဗိုလ်မှူး စိုင်လောဝ်ဆိုင်က ဆိုပါသည်။
ကရင် အမျိုးသား အစည်းအရုံး KNU နယ်မြေတွင်လည်း အစိုးရ စစ်အခြေခံ စခန်းပေါင်း (၃၀၀) ခန့် ရှိသည်ဟု KNU က ဆိုပါသည်။ ဤအထဲတွင် စခန်းပေါင်း တရာခန့် ဆုတ်ခွာပေးရန် အစိုးရအား KNU မှ တရားဝင် တောင်းဆို ခဲ့ပါသည်။ သို့သော် မဆုတ်ပေးသည့် အပြင် KNU တပ်မဟာ (၂) ဧရိယာနှင့် တပ်မဟာ (၅) ဧရိယာဖြစ်သော ကရင်ပြည်နယ် လှိုင်ဘွဲမြို့နယ်နှင့် သံတောင်မြို့နယ်ကြားတွင် ရှိသည့် အစိုးရ စစ်စခန်းများကို ခိုင်ခန့်စေရန် ပြင်ဆင်တည်ဆောက်လာခဲ့သလို တပ်အင်အားများပါ တိုးချဲ့ ချထားလာခဲ့သည်ဟု KNU တွဲဖက် အတွင်းရေးမှူးဖြစ်သူ ပဒိုမန်းမန်းက ဆိုပါသည်။
ကရင်နီ တိုးတက်ရေး ပါတီ(KNPP) ဒေသတွင် အစိုးရက တပ်အင်အား အနည်းငယ် တိုးချဲ့ချထားသာ်လည်း ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားမှုမရှိသေးပေ။ မွန်ပြည်သစ်ပါတီ (NMSP) နယ်မြေတွင်မူ အစိုးရ တပ်များ တိုးချဲ့ချထားမှု မရှိသေးသလို လှုပ်ရှားမှုလည်း မရှိသေးပေ။
အစိုးရ တပ်မတော်တွင် တပ်ရင်းပေါင်း ၅၀၀ ကျော်ရှိကြောင်း၊ ကကကြည်း၏ အရံ တပ်များမှာ တပ်မ ၁၁ မှ ၁၀၁ အထိ ရှိပြီး စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ) သည် အမှတ် ၁ မှ ၂၁ အထိ ရှိသဖြင့် အားလုံးပေါင်း တပ်မ ၃၀ ကျော်ရှိနေပါသည်။ ဤတပ်ဖွဲ့များထဲမှ တပ်မ ၆၆ နှင့် တပ်မ ရ၇ တို့မှလွဲပြီး ကျန်တပ်မများ အားလုံးသည် တိုင်းရင်းသား နယ်မြေထဲသို့ နေရာယူ တပ်ဖြန့် ထားသည်ဟု တရုပ်ပြည်နယ်စပ် မှ စစ်ရေးအကဲ ခတ်ဖြစ်သူ ဦးအောင်ကျော်ဇောက ဆိုပါ သည်။



