သိမ်းဆီးမြေယာ ကိစ္စ ဖြေရှင်းရေး အမေရိကန်နှင့် သြစတြေးလျား NGOs အဖွဲ့များ ဆွေးနွေး

သိမ်းဆီးမြေယာ ကိစ္စ ဖြေရှင်းရေး အမေရိကန်နှင့် သြစတြေးလျား NGOs အဖွဲ့များ ဆွေးနွေး
by -
ရွှေဟင်္သာ

မြန်မာနိုင်ငံတွင် အစိုးရမှ သိမ်းဆည်းထားသည့် မြေယာများ ပြန်ရရေး အလုပ်ရုံဆွေးနွေးပွဲ တရပ်ကို အမေရိကန်နှင့် သြစတြေးလျား NGO အဖွဲ့များက ဖေဖော်ဝါရီလ (၂၀) ရက်နေ့မှ (၂၃) ရက်နေ့အထိ ထိုင်းမြန်မာ နယ်စပ် တနေရာတွင် ကျင်းပခဲ့ကြောင်း တက် ရောက်ခဲ့သူ မွန်ပြည်သစ် ပါတီ အရာရှိတဦးက ဆိုသည်။

“လယ်ယာမြေ သိမ်းဆည်းမှုပြဿနာရဲ့ အစဟာ ကျနော်တို့ နိုင်ငံက လယ်ယာ ဥပဒေကြောင့်ပါ။ အဲဒါက လယ်လုပ်သူ လယ်လုပ်ပိုင်ခွင့်သာ ရှိပါတယ်။ ဒါကြောင့် အစိုးရက လိုက်လံ သိမ်းခွင့် ရှိနေခြင်းဖြစ်ပါတယ်။” ဟု ဆိုသည်။

ထိုအလုပ်ရုံဆွေးနွေးပွဲသို့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များမှ ကိုယ်စားလှယ်များ အပါအဝင် ပြည်တွင်း အဖွဲ့ အစည်း များမှ ကိုယ်စားလှယ်ပေါင်း (၃၀) ခန့် တက်ရောက်ခဲ့ကြသည်။

၁၉၉၅ ခုနှစ် နှောင်းပိုင်းကာလ၌ မွန်ပြည်နယ်တွင် အစိုးရ၏ တပ်ရင်း (၁၀) ရင်းခန့် ထပ်မံတို့ချဲ့ လာခဲ့ပြီး အထူးသဖြင့် ရေးမြို့နယ် မော့ကနင်ကျေးရွာနှင့် ရေးချောင်းဖျားရှိ ကျောင်းရွာ အပါအဝင် နေရာအနှ့ံ တပ်စခန်း အသစ်များတည် ဆောက်ခဲ့ရာ ရော်ဘာခြံ၊ ကွမ်းခြံနှင့် လယ်ယာမြေများကို သိမ်းဆည်းခဲ့သည်။

“ဗိုလ်ချုပ်မောင်အေးက တပ်စခန်းဆောက်ဖို့အတွက် တပ်ရင်း တရင်းကို မြေဧက (၂၀၀) ခန့်သာ သိမ်းဆည်းရန် ညွှန်ကြား ထားခဲ့တယ်။ အဲဒီတော့ တပ်ရင်း (၁၀) ရင်းဆိုရင် အားလုံးပေါင်း ဧက (၂၀၀၀) ဘဲသိမ်းရမယ်။ ဒါပေမဲ့ တပ်မတော်က ဧကပေါင်း (၆၈၀၀) ခန့် သိမ်းဆည်းလိုက်တယ်။” ဟု အဆိုပါ မွန်ပြည်သစ် အရာရှိက ဆိုသည်။

သိမ်းဆည်းလိုက်သည့် မြေများကိုလည်း အစိုးရ သတ်မှတ်သည့် နှုန်းထားအရ တဧကလျင် တထောင်ကျပ်နှုန်းသာ လျှော်ကြေးပေးခဲ့သည်။ ကာလ ပေါက်စျေးအရ သိန်းပေါင်းများစွာ တန်သော နေရာများအား ရွေးချယ် သိမ်းဆည်းခဲ့သဖြင့် လယ်သမားများ နစ်နာဆုံးရှုံး ရကြောင်း ၎င်းက ဆက်ပြောသည်။

ထို့အပြင် နိုင်ငံတကာမှ လာရောက် ရင်နှီးမြှုပ်နှံမှု ပြုလုပ်သည့်အခါတိုင်း အစိုးရက လယ်ယာ၊ ခြံမြေ များကို သိမ်းဆည်းခဲ့သလို ခရိုနီများနှင့် အစိုးရစီမံကိန်းများတွင်လည်း လျှော်ကြေး အနည်းငယ်ဖြင့် သိမ်းဆည်းခဲ့ကြောင်း ဆိုသည်။

မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီခေတ်မှ စတင်၍ နှစ်ပေါင်း ၆၀ ခန့် တည်ရှိခဲ့သည့်  ဤဥပဒေကြောင့် မြေယာ သိမ်းဆည်းမှု ပြဿနာများ အပြီးသတ်စေရန် အမေရိကန်နှင့် သြစတြေးလျား NGO များမှ အချက် အလက်များ လာရောက် စုဆောင်း ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။  

လယ်သမားများ ဘက်ကမူ လယ်လုပ်သူ လယ်ပိုင်ခွင့် ဥပဒေကို ကျင့်သုံးစေချင်သော်လည်း လယ်ယာမြေ သိမ်းဆည်းမှုများ နေရာအနှံ့ ဖြစ်ပွားနေသလို အချက်အချာ ကျသည့် နေရာများအား ခရိုနီများက စျေးပေါပေါဖြင့် သိမ်းယူလျက်ရှိနေကြောင်းနှင့် တချို့က ပြန်လည် လွဲပေးခဲ့သော်လည်း အများစုမှာ ဆက်လက် သိမ်းဆည်းနေမြဲ ဖြစ်သည်။

ယင်းကိစ္စများအပေါ် ယခုဆွေးနွေးပွဲမှ အမေရိကန်နှင့် သြစတြေးလျ NGO များက မည်သို့ ဖြေရှင်းပေးမည်ကို လယ်သမားများက စိတ်ဝင်စားနေကြကြောင်း သိရသည်။

Most read this week