KIA၏ ဖွန်းပျဉ်ဘွမ် တပ်စခန်းအား အစိုးရက တိုးမြှင့် စစ်ဆင်

KIA၏ ဖွန်းပျဉ်ဘွမ် တပ်စခန်းအား အစိုးရက တိုးမြှင့် စစ်ဆင်
by -
ရွှေဟင်္သာ

ဗန်းမော်-လိုင်ဇာ လမ်းပိုင်း မှာရှိတဲ့ ကချင်ပြည်လွတ်လပ်ရေး တပ်မတော် KIA တပ်ရင်း (၂၄) အခြေစိုက်ရာ ဖွန်းပျဉ်ဘွမ် စခန်းကို အစိုးရတပ်ဖွဲ့မှ တပ်ရင်း (၄) ရင်းခန့် ထပ်မံ ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း ကျောင်းသား တပ်မတော် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မင်းဌေးက ဆိုသည်။

“ဒီနေ့ မနက် ၈ နာရီ မိနစ် ၂၀ မှာ လိုင်ဇာရဲ့ အမှတ် ရ၇၁ တောင်ကုန်းနဲ့ မျက်နှာချင်းဆိုင်မှာ ရှိတဲ့ ဖွန်းပျဉ်ဘွမ်  KIA တပ်ရင်း (၂၄) တပ်စခန်းကို တပ်အင်အား (၄) ရင်းနဲ့ သူတို့ လာတိုက်တယ်။ တောင်ကုန်းအောက် တဝိုက်မှာ တိုက်ပွဲပြင်းပြင်း ထန်ထန် ဖြစ်ပွားခဲ့တယ်။ လိုင်ဇာ အရှေ့ကာ ကင်းစခန်း ခါရာဘွမ်မှာလဲ ၄ နာရီ ၄၅ မိနစ် ချိန်မှာ လေယာဉ်နဲ့ လာပစ်နေ တယ်။ အခုချိန်အထိဘဲ။” ဟု ဆိုသည်။

ယင်းသို့ စစ်ဆင်လာသည့် အစိုးရ တပ်ဖွဲ့အား KIA တပ်ရင်း (၂၃) နှင့် (၂၄) တို့ အပါ၀င် ABSDF ကျောင်းသား တပ်များက ပြင်းထန်စွာ ခုခံသည့် အတွက် အစိုးရတပ်က ထိခိုက်ကျဆုံးမှု များစွာနှင့် ရှေ့မတိုးနိုင်ဘဲ ရှိနေကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း RPG (၁) လက်နှင့် ၎င်းကျည် (၁) လုံး၊ ဗုံးသီး (၂) လုံး၊ ၈၁ မီလီမီတာ မော်တာကျည် (၂) လုံး၊ MG-42 ငါးကြင်းမြီးကျည် (၄၀) တောင့်၊ MA-1 လက်နက်ငယ် ကျည်ဆံ (၄၀၀) KIA ဘက်က သိမ်းဆည်းရမိကြောင်း ကေအိုင်အေ ရှေ့တန်းရှိ အရာရှိ တဦးက ပြောဆိုသည်။

သို့သော် သိမ်းဆည်းရမိသည့် ပစ္စည်းများနှင့် ပတ်သက်၍ သီးခြား အတည်ပြုချက် မရသေးပါ။

ထို့အပြင် အစိုးရ တပ်စခန်းတခုဖြစ်သည့် ခန်းကိုင်တောင်မှ KIA စခန်းရှိရာ ခရာဘွမ် (Hka ya bum) သို့ ပစ်ခတ်နေသည့် ၁၀၅ မမ သည် ထိရောက်မှု မရှိသဖြင့် ယနေ့ နေ့လည်ပိုင်းက ခန်းကိုင်တောင်မှ လဂျားယန် တပ်စခန်းအနီးရှိ နားလုံ ကျေးရွာ အနီးသို့ ရွှေ့ပြောင်း ခဲ့သည်ဟု သိရကြောင်း KIA ဘက်က ပြောဆိုသည်။

ယခုကဲ့သို့ လက်နက်ကြီး ပြောင်းရွှေ့လာမှုကြောင့် နောက်နေ့များတွင် တိုက်ပွဲပိုမို ပြင်းထန်လာနိုင်ကြောင်း KIA ဘက်က ခန့်မှန်းပြောဆိုသည်။

တချိန်တည်းတွင် မြစ်ကြီးနား လိုင်ဇာ ကားလမ်းပေါ်ရှိ ၀ုိင်းမော် မြို့နယ် နမ်ဆန်ယန် ကျေးရွာအား ယနေ့နေ့ လည် ၁၁ နာရီ အချိန်ခန့်က အစိုးရတပ်မှ မီးရှို့ခဲ့ကြောင်းသိရသည်။

Most read this week