အသတ်ခံ နေရဆဲ ထိုင်းနိုင်ငံက မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ

အသတ်ခံ နေရဆဲ ထိုင်းနိုင်ငံက မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ
by -
ရွှေဟင်္သာ

ထိုင်းနိုင်ငံ တောင်ပိုင်း ဆွန်ခလာ မြို့ရှိ CPF ပုဇွန် ထုတ်လုပ်သည့် ကုမ္ပဏီမှ မြန်မာ အလုပ်သမား သုံးဦးအား အမည်မသိ မျက်နှာဖုံးစွပ် ဆိုင်ကယ်စီး သေနတ် သမားမှ (၂၄) ရက်နေ့ ညက လာရောက် ပစ်ခတ် ခဲ့ပါသည်။

ပစ်ခတ်မှုကြောင့် အလုပ်သမား တစ်ဦး ပွဲချင်းပြီး သေဆုံး ခဲ့ပြီး နှစ်ဦးအား အရေးပေါ် လူနာ အဖြစ် ဆေးရုံသို့ ပို့ဆောင် ခဲ့ရပြီး ဆေးရုံ၌ နောက်တစ်ဦး ထပ်မံ သေဆုံး ခဲ့သည်ဟု သိရှိ ရပါသည်။

“အလုပ်သမား တွေက အိုဗာတိုင် ဆင်းပြီး ပြန်လာ ကြတာ၊ ခြံထဲမှာ ထိုင်စကား ပြောနေတုန်း သေနတ် သမားက လာပစ် သွားတာ၊ မစံပယ်ဖြူ ကတော့ ပွဲချင်းပြီး ဆုံးတယ်၊ ယောက်ကျား လေးနှစ်ယောက် အပြင်းအထန် ဒဏ်ရာ ရပြီး ဆေးရုံကို ညတွင်းချင်း ပို့လိုက် ရတယ်၊ အောင်သက်ဖြိုး ကတော့ (၂၅) ရက်နေ့ မနက် အစောပိုင်း ကပဲ ဆေးရုံမှာ ထပ်ဆုံး သွားတယ်” ဟု စက်ရုံ အလုပ်သမား တစ်ဦးမှ ပြောပါသည်။

မြဝတီမြို့ ဇာတိဖြစ်သူ မစံပယ်ဖြူ (၂၆ နှစ်) သည် အနောက်ဘက်မှ အပစ် ခံရသဖြင့် ကျောကုန်း ပေါက်ကာ ထိုနေရာ ၌ပင် ပွဲချင်းပြီး သေဆုံးခဲ့ပါသည်။

ယောက်ကျ်ားလေး နှစ်ဦး ဖြစ်သည့် ကိုခင်မောင်သန်း (မန္တလေး) နှင့် ကိုအောင်သက်ဖြိုး (ပဲခူး) တို့သည် ဒဏ်ရာ အပြင်းအထန် ရ၍ အရေးပေါ် လူနာအဖြစ် ဆေးရုံသို့ ညတွင်းချင်ပင် ပို့ဆောင် ခဲ့ရပြီး ယနေ့ နံနက်၌ မောင်အောင်သက်ဖြိုး ထပ်မံ ကွယ်လွန် ခဲ့ပါသည်။

ယမာန် နေ့ည ထိုင်းဒေသ စံတော်ချိန် ည (၃) နာရီ ၄၅ မိနစ် ခန့်တွင် အချိန်ပို ဆင်းပြီး အိမ်ခြံဝင်းရှိ ကုလားထိုင်၌ စကား ပြောနေစဉ် မျက်နှာဖုံး စွပ်ထားသည့် ဆိုင်ကယ်စီး သေနတ်သမား နှစ်ဦး အနက် တစ်ဦးမှ လက်နက် အတို ဖြင့် အနီးကပ် လာရောက် ပစ်ခတ် သွားခဲ့သည်။

ထို့ပြင် ယနေ့ ညနေပိုင်းတွင် အဆိုပါ သေဆုံးသူ အလုပ်သမား မစံပယ်ဖြူ၏ အသုဘ ချ၍ ပြန်လာ ကြသည့် မြန်မာ နိုင်ငံသား အလုပ်သမား (၄၀) ဦး ကျော်အား ထိုင်း ယဉ်လမ်းကြောင်း ထိန်းသိမ်းရေး ရဲမှ ထပ်မံ စစ်ဆေးကာ အားလုံးကို ပတ်စပိုစ့် မရှိသဖြင့် ရဲစခန်းသို့ ခေါ်ယူ သွားခဲ့ပါသည်။

“ကျွှန်တော်တို့ ပတ်စပိုစ့်ကို အေးဂျင့်တွေက သိမ်းထားတယ်၊ ကျွှန်တော်တို့ အသုဘချပြီး ပြန်လာ တာကိုလည်း သိတယ်ဗျာ၊ အခု ကျွှန်တော်တို့ (၄၀) ဦးကျော်ကို ဒီ ဆွန်ခလာခရိုင်၊ ရန်နုတ်မြို့ အပိုင် ရဲစခန်း တစ်ခုထဲ ရောက်နေတယ်၊ ကိုအောင်သက်ဖြိုး ဆေးရုံမှာ ဆုံးပြီလို့ သိရပေမယ့် သွားလို့ မရ သေးဘူး။ ပတ်စပိုစ့်တွေကို အေးဂျင့်က ပြန်မပေးသေးတော့ ကျွှန်တော်တို့ကို ဖမ်းထား တုန်းပဲ” ဟု အဖမ်း ခံရသည့် အလုပ်သမား တစ်ဦး ဖြစ်သည့် ကိုထွန်းမှ ပြောပါသည်။

ပြီးခဲ့သည့် လအတွင်း၌ ရနုတ်မြို့၌ ထိုင်းနိုင်ငံသား တစ်ဦး အသတ်ခံ ခဲ့ရကာ ထိုအသတ် ခံရမှုမှာ မြန်မာ နိုင်ငံသား လက်ချက်ဟု ထိုင်းများက ယူဆ၍ ယခု ကဲ့သို့ အညှိုးထား လာရောက် လုပ်ကြံခြင်း ဖြစ်နိုင်သည်ဟု အလုပ်သမား များမှ ထင်ကြေး ပေးလျက် ရှိသည်။

အဆိုပါ ဖြစ်ရပ် အတွက် ကုမ္ပဏီမှ အသုဘ ကိစ္စများတွင် ဝင်ရောက် ကူညီ ဆောင်ရွက် ပေးနေသော်လည်း၊ လျော်ကြေး ကိစ္စနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ထုတ်ဖော် ပြောဆိုသေးခြင်း မရှိ သေးကြောင်း အလုပ်သမား များမှ ပြောပါသည်။

Charoen Pokphand Foods Public Co.Ltd (CPF) စက်ရုံတွင် မြန်မာနိုင်ငံသား အလုပ်သမားပေါင်း (၃၀၀) ဦးခန့် ရှိပြီး ထိုစက်ရုံ၌ တစ်နှစ်နီးပါး လုပ်ကိုင် ကြပြီး ဖြစ်သည်။ ယခုကဲ့သို့ လာရောက် ပစ်ခတ်မှု ခံရပြီး မြန်မာ အလုပ်သမား များမှာ မိမိတို့၏ လုံခြံုမှု မရှိသည့် အခြေအနေ အတွက် စိုးရိမ် နေကြကြောင်း အလုပ်သမား များမှ ပြောပါသည်။

Most read this week