ရှမ်းပြည်နယ် အစိုးရ အဆင့်နှင့် PNLO အဖွဲ့တို့ တရားဝင် ဆွေးနွေး

ရှမ်းပြည်နယ် အစိုးရ အဆင့်နှင့် PNLO အဖွဲ့တို့ တရားဝင် ဆွေးနွေး
by -
ရွှေဟင်္သာ

မနက်ဖြန် (ဇူလိုင် ၂၄) ရက်နေ့တွင် ရှမ်းပြည်နယ် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ကိစ္စ တရားဝင် ဆွေးနွေးရန် ပအိုဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) အဖွဲ့ အထွေထွေ အတွင်းရေးမှူး ခွန်မြင့်ထွန်းခေါင်းဆောင်သော (၇) ဦး အဖွဲ့သည် ရှမ်းပြည်နယ် မြို့တော် တောင်ကြီးမြို့သို့ ယမာန်နေ့၌ ရောက်ရှိ ခဲ့ပါသည်။

ရှမ်းပြည်နယ် အစိုးရ အဆင့်နှင့် PNLO အဖွဲ့တို့ တရားဝင် ဆွေးနွေး

၄င်းတို့သည် ရှမ်းပြည် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ကိစ္စ မဆွေးနွေးခင် အစိုးရထံ အပစ်အခတ်ရပ်စဲထား သော ပအိုဝ် အမျိုးသားအဖွဲ့ (PNO) ဥက္ကဌ ဦးအောင်ခမ်းထီး အပါ၀င် ပအိုဝ်နိုင်ငံရေးပါတီခေါင်းဆောင်များနှင့် ပအိုဝ် ရဟန်း သံဃာတော်များအား ယနေ့တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

(PNLO) ကိုယ်စားလှယ် အဖွဲ့သည် ပြည်ထောင်စု ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်နေ့ က ထိုင်းနိုင်ငံဘန် ကောက်မြို့၌ အလွတ်သဘော တွေ့ဆုံစဉ် မူအာဖြင့် သဘောတူထားသော အချက် ၆ ချက်ကို ဆွေးနွေး ရန်ရှိပြီး အပစ်အခတ် ရပ်စဲရေးကို တရားဝင် ဆွေးနွေးကြမည်ဟု  (PNLO) ဥက္ကဌ ဦးခွန်ဥက္ကာက ပြောပါသည်။

 “ အစီအစဉ်အရ ကျနော်တို့က ရှမ်းပြည်နယ် အစိုးရနဲ့ မတွေ့ခင်မှာ ဒီနေ့တော့ ပအိုဝ်အမျိုးသား အချင်းချင်း တွေ့ဆုံပြီး အရင် ဆွေးနွေးကြပါတယ်။ ပြီးရင် မနက်ဖြန်မှာ ပြည် နယ်အဆင့် အစိုးရ တွေနဲ့ဆွေးနွေးကြမှာ ဖြစ်ပါတယ်၊ ပြည်ထောင်စု အဆင့်နဲ့တော့ မတွေ့ဖြစ်သေးဘူး၊ အပစ်အခတ် ရပ်စဲရေးအတွက် လက်မှတ် ထိုးသင့်မသင့်ကိုတော့ အခြေအနေပေါ် မူတည်ပြီး ဆုံးဖြတ်သွားလိမ့်မယ်” ဟု ဆိုပါသည်။

၁) ပအိုဝ် အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်နှင့် ပြည်ထောင်စု အစိုးရအကြား အပစ်ခတ် ရပ်စဲရေး လက်မှတ်ထိုး ရန်ကိစ္စ။

၂) နှစ်ဖက်သဘောတူနိုင်မည့်နေရာ၊ သင့်တော်သည့်နေရာတွင် ဆက်ဆံရေးရုံး ဖွင့်လှစ်ရန်ကိစ္စ။

၃) ပအိုဝ် PNLOအဖွဲ့ဝင်နှင့်  PNLA တပ်ဖွဲ့ဝင် အားလုံးက  လက်နက်မပါပဲ မြန်မာပြည်အနှံ့လွတ်လပ်စွာ သွားလာ ခွင့်ရရန်ကိစ္စ။

၄) ပဏာမ သဘောတူညီချက်ရပြီးပါက ပြည်တွင်းရှိ ပအိုဝ်နိုင်ငံရေးပါတီများ၊ ပအိုဝ်အမျိုးသားခေါင်းဆောင်များ၊ ပအိုဝ်ရဟန်းသံဃာတော်များ၊ ပြည်သူလူထုများနှင့် တွေ့ဆုံခွင့်ရရန်ကိစ္စ။

၅) ပအိုဝ်နယ်ထဲတွင်ရှိသည့် မူးယစ်ဆေးဝါးပြသနာ ၀ိုင်းဝန်းတိုက်ဖျက်ရန်ကိစ္စနှင့်

၆) ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရေးဖြစ်စဉ်အားလုံး၌ ပွင့်လင်းမြင်သာမှု ရှိစေရန် မီဒီယာများနှင့် လွတ်လွတ် လပ်လပ် ဖေါ်ထုတ်ခွင့်ပြုရန်တို့ဖြစ်ပါသည်။ 

သို့သော် ဤကဲ့သို့ အချက် ၆ ချက်ကို မူအားဖြင့် သဘောတူ ထားသော်လည်း တပ်နေရာ ချထားရေးကိစ္စမှာမူ ပြည်နယ် အစိုးရနှင့်သာ ဆွေးနွေးကြရန် ဦးအောင်မင်း လမ်းညွှန် ခဲ့ပါသည်။

“တပ်ကိစ္စကို ပြောရရင်တော့ ရှမ်းပြည်တောင်ပိုင်း ဟိုနုန်းမြို့နယ်ခွဲ တောင်ဘက်ခြမ်းနဲ့ မောက်မယ်မြို့နယ် တောင်ဘက် ခြမ်းကိုပဲ အစိုးရက ပအိုဝ်မြေအဖြစ် အသိမှတ် ပြုပေးဖို့ပါပဲ” ဟု ဦးခွန်ဥက္ကာက ပြောပါသည်။

PNLO အဖွဲ့သည်  ရှမ်းပြည်နယ် ၀န်ကြီးချုပ် စဝ်အောင်မြတ်၊ နယ်နယ်ရေးရာ လုံခြံုရေး ၀န်ကြီး ဗိုလ်မှူးကြီး အောင်သူတို့ အဖွဲ့ နှင့် ဆွေးနွေးရန်ဖြစ်ပါသည်။ PNLO ဖက်မှ အထွေထွေ အတွင်းရေးမှူး ခွန်မြင့်ထွန်း ဦးဆောင်ပြီး ဗိုလ်မှူးခွန် သူရိန်၊ ဦးထီးဆောင်၊ ဦးတင်ရွှေဦး၊ ခွန်ထွန်းတင်နှင့် ရုံးအဖွဲ့ဝင် နှစ်ဦး ပါ၀င်သည်။

PNLO နှင့် အစိုးရတို့သည်၊ အလွတ် သဘောအရ (၃) ကြိမ်ဆွေးနွေးပြီးမှ ယခု ပထမ အကြိမ် တရားဝင် ဆွေးနွေးခဲ့ကြ ခြင်းဖြစ်ပါသည်။

Most read this week