ဘာသာရေး ခေါင်းဆောင်များ နိုင်ငံရေး မလုပ်သင့်ဟု KNU ကဆို

ဘာသာရေး ခေါင်းဆောင်များ နိုင်ငံရေး မလုပ်သင့်ဟု KNU ကဆို
by -
ရွှေဟင်္သာ

ကရင် လက်နက်ကိုင် အချင်းချင်း ပြန်လည် ပစ်ခတ်မှု မဖြစ်ကြရန် တားမြစ်သည့် ညှိနှိုင်း ဆွေးနွေးပွဲကို စီစဉ်ခဲ့သော ဘာသာရေး ခေါင်းဆောင်များကို အရေးယူရန် ကရင် အမျိုးသား အစည်းအရုံး (KNU) က အကြောင်းကြားစာ ပို့ခဲ့သည်ဟု  အရေးယူ ခံရဖွယ် ရှိသည့် သင်းအုပ် ဆရာ တဦးက ဆိုပါသည်။

KNU ခေါင်းဆောင်များ

“ အရေးယူစာကို ကျနော့်ဆီ မနေ့က ပို့ပါတယ်။ အရေးယူတဲ့ နည်းကို ထည့်မရေးပေမဲ့ ဘာသာရေး ခေါင်းဆောင်တွေ ဟာ နိုင်ငံရေး ဖက်မလုပ်ရဘူး ဆိုပြီး စာရေး အကြောင်းကြားတာ ဖြစ်ပါတယ်။ စာကတော့ ကေအန်ယူ အထွေထွေ အတွင်းရေးမှူး ဆီက ဖြစ်ပါတယ်။ ကျနော် နားလည်တာက အဲဒီတုန်းက ကရင်အချင်းချင်း ပြန်လည် မပစ်ခတ်ကြဖို့ အ တွက်၊ ပြီးတော့ ကရင့်အလံ တခုအောက်မှာ ညီညွတ်ကြဖို့နဲ့ ပြသနာဖြစ်လာရင် ငြိမ်းချမ်းတဲ့ နည်းနဲ့ ဖြေရှင်းကြဖို့ ရည် ရွယ်ခဲ့ပြီး ဦးဆောင် ကျင်းပတာ ဖြစ်ပါတယ်” ဟု အရေးယူစာ လက်ခံ ရရှိခဲ့သည့် ခရစ်ယာန် သင်းအုပ်ဆရာ ရောဘတ် ထွေးက ဆိုပါသည်။

မည်သို့သော နည်းလမ်းဖြင့် အရေးယူမည်ဟု ပေးစာ၌ ထည့်သွင်းရေးထားခြင်း မရှိသော်လည်း အရေးယူ မည်ဟု စာထဲ၌ အတိအကျဖေါ်ပြခဲ့ကြောင်း ဆရာ ရောဘတ်ထွေးက ဆိုပါသည်။

ဤကိစ္စနှင့် ပါတ်သက်ပြီး ကေအန်ယူ အထွေအထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်က “ အရေးယူဖို့မရှိပါ ဘူး။ အရေးယူ စရာလည်း မဟုတ်ပါဘူး။ အရေးယူဖို့ ပေးတဲ့ စာလည်း မဟုတ်ပါဘူး၊ နားလည်မှုလွဲသွား တယ်လို့ ထင်ပါတယ်” ဟု ဆိုပါသည်။

ကရင် လက်နက်ကိုင် အချင်းချင်း ပြန်လည် ပစ်ခတ်မှု မဖြစ်ရေးအတွက် မြိုင်ကြီးငူ ဆရာတော် ဦးသုဇန နှင့် ခရစ်ယာန် သင်းအုပ်ဆရာ ရောဘတ်ထွေးတို့က ဦးဆောင် စည်းရုံးပြီး၊ ပြီးခဲ့သည့် မေလ (၂၈) ရက်နေ့တွင် ကရင်ပြည်နယ် လှိုင်းပွဲ မြို့နယ်ရှိ ကေအန်ယူ တပ်မဟာ (၇) နယ်မြေ တနေရာ၌ ကျင်းပခဲ့ပါသည်။

ယင်းဆွေးနွေးပွဲသို့ ကရင် အမျိုးသား အစည်းအရုံး (ကေအန်ယူအဖွဲ့)၊ ကလို့ထူးဘော အဖွဲ့ (ဒီကေဘီအေ)၊ ကရင်ငြိမ်း ချမ်းရေး ကောင်စီ၊ နယ်ခြားစောင့်တပ် (BGF) နှင့် ကရင်ငြိမ်းချမ်းရေး အဖွဲ့ (ဟောင်သရော) အဖွဲ့တို့ ပါ၀င်ပြီး မလေးရှား နှင့် သြစတြေလျားရောက် ကရင်အဖွဲ့၊ ဒုက္ခသည် စခန်းနှင့် စိတ်ဝင်စား သူများအင်အား (၇၀) ခန့် တက်ရောက်ခဲ့ပါ သည်။

ဤကဲ့သို့ ဆွေးနွေးပွဲ မျိုးထဲ၌ အသေးစိပ်ကျသော စည်းကမ်းချက်များ သဘောတူ ကြရန် လိုအပ် နေသေး သည်ဟု ဘာသာရေး ခေါင်းဆောင် များနှင့် အစည်းအဝေးပွဲ တက်ရောက်သော အဖွဲ့များက ယေဘူယျ သဘောတူ ခဲ့ကြပါသည်။ ဤ သို့ကြောင့် ကရင်ထိပ်ပိုင်း ခေါင်းဆောင်များ ပါ၀င်သော ဆွေးနွေးပွဲ တရပ်ကို ဆက်လက် ကျင်းပရန် ဘာသာရေး ခေါင်း ဆောင်များက ရည်ရွယ် ထားပါသည်။

ယခုကဲ့သို့ ကေအန်ယူဖက်က ကမကထ လုပ်သူများကို အရေးယူပါက ရည်ရွယ်ထားသော ဆွေးနွေးပွဲ မျိုးမဖြစ်လာနိုင် တော့သလို အကယ်၍ အားပေးပါက ဆက်လက်ကျင်းပသွားဖွယ်ရှိသည်ဟု ဘာသာရေး ခေါင်းဆောင်များက ဆိုပါသည်။

Most read this week