ဇွန်လဆန်းပိုင်း၌ ကမ္ဘာ့ဘဏ်မှ မြန်မာနိုင်ငံတွင် ရုံးခွဲ ဖွင့်လှစ်ရန် ရှိပြီး ဇွန်လအတွင်း၌ပင် ကမ္ဘာ့ဘဏ်၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသ ဆိုင်ရာ ဒု ဥက္ကဋ္ဌ မစ္စစ် Pamela Cox လာရောက် လည်ပတ်ရန် ရှိကြောင်း ဧပြီလ (၂၆) ရက်နေ့က ထုတ်ပြန်ပြောဆို လိုက်ပါသည်။
ရန်ကုန်မြို့တွင် ဌာနေ ကိုယ်စားလှယ် အသစ် တစ်ယောက် နှင့်အတူ ၀န်ထမ်းများ ခန့်ထားမည် ဖြစ်သည်။ အဆိုပါ ခရီးစဉ်သည် မြန်မာနိုင်ငံအတွက် ကူညီပံ့ပိုးရေး အစီအစဉ်သစ် တစ်ရပ် ချမှတ်နိုင်ရန် လိုအပ်သည့် စီးပွားရေးဆိုင်ရာ အချက် အလက်များ စတင် ကောက်ယူ စုဆောင်းရန်အတွက် သွားရောက်သည့် ခရီးစဉ် ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသ ဆိုင်ရာ ဒု ဥက္ကဋ္ဌ Pamela Cox က ယမန်နေ့ ပြောကြားခဲ့ပါသည်။![]()
“မိမိတို့ရဲ့ အဓိက ပန်းတိုင်က မြန်မာ ပြည်သူတွေကိ်ု ကူညီဖို့ ဖြစ်ပါတယ်၊ မြန်မာဟာ ပြင်ပကမ္ဘာနဲ့ နှစ်ကာလ ကြာရှည် အဆက်ပြတ် နေတဲ့ နိုင်ငံ ဖြစ်ပါတယ်။ ဒါကြောင့် လူထု ၀န်ဆောင်မှု လုပ်ငန်းတွေ၊ ဖွံ့ဖြိုးတိုးတက် ရေး ဆိုင်ရာ ပြဿနာတွေအတွက် အစိုးရနဲ့အတူ ဆောင်ရွက် နိုင်ဖို့ မဟာဗျူဟာ တစ်ရပ် ပြင်ဆင်နေပါတယ်၊ ဒါတွေ အပြည့်အဝ မဆောင်ရွက်နိုင်သေးခင်မှာ အကြွေးကိစ္စ ရှင်းဖို့ လိုပါတယ်လို့ Pamela Cox က ပြောဆိုပါတယ်။
မစ္စစ် Pamela Cox ၏ ခရီးစဉ်၌ IFC နှင့် MIGA တို့မှ ဒုတိယ ဥက္ကဋ္ဌ များလည်း လိုက်ပါရန် ရှိသည်။ ကမ္ဘာ့ဘဏ်မှ ယခုအကြိမ် မြန်မာနိုင်ငံ အပေါ် ချဉ်းကပ်မှုသည် ကဏ္ဍစုံ အဖွဲ့စုံ ချဉ်းကပ်မှု ပုံစံဖြစ်ပြီး စီးပွားရေး ကျွမ်းကျင် ပညာရှင် များလည်း ပါဝင်ကာ မြန်မာပြည်သူလူထုမှ ကြံုတွေ့နေရသည့် စီးပွားရေးအကျပ် အတည်းများကို အမြန်ဆုံး ဖြေရှင်း ပေးနိုင်မည့် လမ်းကြောင်းများ ရှာဖွေရန်နှင့် မြန်မြန်နှင့် ရေတို အချိန်ကာလအတွင်း ပြည်သူလူထုကို အကျိုးပြုမည့် ဖွံဖြိုးရေး အစီအစဉ်များလည်း ချမှတ်ရန်လည်း ရှိပါသည်။
စိုက်ပျိုးရေး ကဏ္ဍ၊ အသေးစားနှင့် အလတ်စား အင်တာပရိုက် များတွင် လုပ်ငန်းသစ်များ ဖန်တီးပေးနိုင်မည့် အခွင့်အလမ်းများ ဖန်တီးပေးရန် ရည်ရွယ်ပြီး ပြည်သူတွေများ၏ ငွေကြေးဆိုင်ရာ ဆက်ဟပ် ထိတွေ့မှုကို တိုးမြှင့်ပြီး လယ်သမား တွေအတွက် ချေးငွေတွေ ပိုမို ရရှိစေပြီး စိုက်ပျိုးရေး ကဏ္ဍ ထုတ်ကုန်တွေ ပိုမိုတိုးမြှင့် ထုတ်လုပ်ပြီး ဒေသထွက်ကုန်တွေ ပြည်တွင်းမှာ စျေးကြီးနေတဲ့ အဖြစ်တွေကို လျော့ချနိုင်ဖို့ ရည်ရွယ် ထားပါသည်။ လယ်သမားတွေများနှင့် ဝေးလံ သီခေါင်သည့် ဧရိယာမှ စိုက်ပျိုးရေး ကဏ္ဍများတွင် လုပ်ကိုင် နေသူများ ဝင်ငွေ တိုးတက်ရရှိရန် အခွင့်အလမ်းများ ဖော်ဆောင်ပေးရန်လည်း အစီအစဉ်ရှိကြောင်း သိရှိရပါသည်။
မြန်မာအစိုးရသည် ကမ္ဘာ့ဘဏ်အား အမေရိကန်ဒေါ်လာ ( ၃၉၃ ) သန်း၊ အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB ) နှင့် တခြားဌာန များအပေါ် ဒေါ်လာ သန်းငါးရာမျှ ပေးချေစရာ ရှိနေပါသည်။ မြန်မာ အစိုးရသည် အကြွေး မဆပ်သည့်အတွက် ကမ္ဘာ့ဘဏ်မှ ၁၉၈၇ ခုနှစ်မှ စပြီး အစီအစဉ်များ ရပ်ဆိုင်း ထားခြင်း ခံခဲ့ရ ပါသည်။
“မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပေါ်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ အရမ်းကို သိမ်မွေ့ပြီးတော့ အတိမ်း အစောင်းမခံနိုင်တဲ့ အခြေအနေ တွေမှာ ရှိနေတယ်ဆိုတာ ကျွန်မတို့ အသိအမှတ် ပြုပါတယ်၊ ဒီအပြောင်း အလဲက ပေါ်ထွက်လာမယ့် ဘေးထွက် ဆိုးကျိုး တွေကိုလည်း ကျွန်မတို့ သတိထား စောင့်ကြည့်နေပါတယ်။ ကျွန်မတို့ရဲ့ မြန်မာနိုင်ငံနဲ့ ပူးပေါင်းလုပ်ဆောင်မယ့် အရှိန်အဟုန်ဟာ ဘယ်လောက်ကြာကြာ တည်တံ့ရှိနေ အုံးမယ် ဆိုတာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးကို ရှေူးရှူ့တဲ့ အပြောင်းအလဲ ဘယ်လေက်ကြာကြာ ဆက်လက် တည်ရှိသွားမယ် ဆိုတဲ့အပေါ် မူတည်နေပါတယ်ဟု” မစ္စစ် Pamela Cox က ပြောကြား သွားပါသည်။
ကမ္ဘာ့ဘဏ်၏ အရှေ့အာရှ နှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒုဥက္ကဋ္ဌ Pamela Cox သည် လာမည့်ဇွန်လအတွင်း မြန်မာနိုင်ငံသို့ သွားရောက်ရန် ရှိနေပါသည်။ မြန်မာပြည်၏ ဆင်းရဲမွဲတေမှုလျှော့ချရေး၊ အလုပ်အကိုင်ဖန်တီး ရေး စသည့်ကိစ္စများကို အဓိကထား ဆောင်ရွက်သွားရန် ဆန္ဒရှိသည်ဟု ပြောဆိုပါသည်။
ယခုကဲ့သို့ ကြိုးပမ်းမှုကြောင့် မြန်မာနိုင်ငံအတွက် ကမ္ဘာ့ဘဏ်မှ ပေးအပ်မည့် ဖွံဖြိုးရေး ဆိုင်ရာ ငွေကြေး အကူအညီအများ တိုးတက် ရရှိရန် အလားအလာ ကောင်းများစွာ ဖြစ်ထွန်းစေမည့် ခရီး တစ်ခုလည်း ဖြစ်သည်။ မြန်မာနိုင်ငံသို့ စီးပွားရေး ရင်းနှီးမြုပ်နှံမှု ပြုလုပ်မည့် လုပ်ငန်း ရှင်များအား ပိုမို ဆွဲဆောင်နိုင် မည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန် အလားအလာ ကောင်းလည်း ဖြစ်ပေသည်။



