မြန်မာစစ်တပ်မှ ရွာသားတစ်ယောက်ကို ရိုက်နှက်ပြီး ပစ်ထား

မြန်မာစစ်တပ်မှ ရွာသားတစ်ယောက်ကို ရိုက်နှက်ပြီး ပစ်ထား
by -
နော်အဲဏီ

မြဝတီခရိုင် မုလုချိုင်း (ထိုင်းဘက်ခြမ်း)တွင် လာရောက်နေထိုင်သော အသက်(၂၇)နှစ်အရွယ်ရှိ စစ်ပြေး ဒုက္ခသည် တောင်အုပ်ထရွာသားစောပိထူးကို ဖေဖော်ဝါရီလ (၂၂)ရက် ညနေပိုင်းတွင် ...

မြဝတီခရိုင် မုလုချိုင်း (ထိုင်းဘက်ခြမ်း)တွင် လာရောက်နေထိုင်သော အသက်(၂၇)နှစ်အရွယ်ရှိ စစ်ပြေး ဒုက္ခသည် တောင်အုပ်ထရွာသားစောပိထူးကို ဖေဖော်ဝါရီလ (၂၂)ရက် ညနေပိုင်းတွင် ထို့ကွာကျိုးတောင် ခြေရင်း ကွီးယာပလာအင်းအနားတွင် တပ်မ(၂၂)လက်အောက်ခံစစ်တပ်မှ ပြင်းထန်စွာရိုက်နှက်ပြီး ခြံုတွင် ပစ်ထားခဲ့သည်။

အရိုက်နှက်ခံရသော စောပိထူးမှာ သူ၏အဖော်တစ်ယောက်နှင့်ဟင်းစားတို့စရာခူးရန် သူးမွဲချောင်းအနား အရောက်တွင် မြန်မာစစ်တပ်မှဖမ်းဆီးရိုက်နှက်ခဲ့သည်ဟု စောပိထူးမှပြောပါသည်။ “ညနေ လေးနာရီအချိန်လောက်မှာဘဲ ကျနော့်နောက်ဘက်ကနေ နအဖစစ်သားတစ်ယောက်လာပြီး ကျနော့်ကိုဖမ်းသွားတယ်။

သူမွဲချောင်းရဲ့တစ်ဘက်ကမ်းမြန်မာဘက်ခြမ်းပေါ့။ ပြီးတော့သူ့အဖော်နှစ်ယောက်ရှိတဲ့ နေရာကိုခေါ်သွားပြီး ကျနော့်ကိုဘာမှမမေးဘဲထိုးတြိတ်ထုရိုက်တယ်။ ပြီးတော့ကျနော်မေ့သွားတယ်။ ပြန်သတိရ လာတော့ ည(၈)နာရီလောက်ရှိပြီး။ ကျနော်ကိုခြံုထဲမှာသူတို့ပစ်သွားတယ်၊။ ကျနော်သတိရလာတော့ လမ်းမမှတ်မိ တော့ဘူး၊။ ကျနော်ကခြံုကြားထဲမှာ ဟိုသွားဒီသွားနဲ့ ချောင်းကိုတွေ့ ပြီးရွာဘက်ကို ပြန်ကူးလာရတယ် ”

ထိုးကြိတ်ခံရသည့် စောပိထူး၏ဒဏ်ရာအခြေအနေကို ၄င်း၏ဦးလေးတော်စပ်တူမှ ယခုလိုပြောပါသည်။ “သူပြန်လာတော့ နားနှစ်ဖက်မှာ သွေးတွေထွက်ပြီး မျက်နှာတစ်ခုလုံးဖူးရောင်နေတာဘဲ။ သူ့ကျော ရဲ့ ဘယ်ဘက်ခြမ်းမှာလဲ ညိုမဲနေတာပဲ။ ဒါဏ်ရာကအရမ်းပြင်းတယ်လေ။ သူ့ကိုအခုဆရာမ တစ်ယောက်က ဆေးတွေလာတိုက်နေတယ်။ ရေမန်း၊ ဆီမန်းတွေနဲ့ လိမ်းနေရတယ်။ အခုထိ သူ့ခေါင်းက မူးနေတုန်းပဲ။”

ဒီကေဘီအေနှင့် စစ်အစိုးရတို့နိုဝင်ဘာလတွင်ဖြစ်ပွါးခဲ့သည့်တိုက်ပွဲကြောင့် စောပိထူးတို့မိသားစုမှာ တောင် အုပ်ထရွာတွင်မနေရဲတော့ဘဲ သေ့ဘောဘိုးရွာ၏တဘက်ကမ်း မုလုချိုင်းရွာတွင် စစ်ပြေးဒုက္ခသည်အဖြစ် ပြောင်းရွှေ့ နေထိုင်ခဲ့ပါသည်။ ပြီးခဲ့သည့်ဖေဖေါ်ဝါရီ(၂၄)ရက်နေ့တွင်လည်း မြဝတီခရိုင်ဝေါ်လေဒေသဘက်တွင် မြန်မာ စစ်အစိုးရတပ်တို့မှ လူပေါတက်ကရင်ရွာတစ်ရွာကို မီးရှို့ခဲ့ရာ အိမ်ခြေ(၉)လုံးမီးလောင်ခဲ့သည်ဟု ဒေသခံများမှ ပြောပါသည်။