အခမဲ့ ကုသမှုခံယူပြီးသော မျက်စိဝေဒနာရှင်များ နောက်ဆက်သွယ် ကုသနိုင်ရန် အာမခံချက်များ ရရှိထား

အခမဲ့ ကုသမှုခံယူပြီးသော မျက်စိဝေဒနာရှင်များ နောက်ဆက်သွယ် ကုသနိုင်ရန် အာမခံချက်များ ရရှိထား
by -
ကန္တာရဝတီတိုင်း(မ်)

လွိုင်ကော်မြို့၊ ချိကယ် ကန္ဒရဝတီကျောင်း သီတဂူတက်လမ်း စက္ခုဒါနဆေးရုံတွင် အခမဲ့ ဆေးဝါး ကုသမှုခံယူပြီးသော မျက်စိဝေဒနာရှင်များအတွက် ကုသမှုထပ်မံလိုအပ်ပါက ဆရာဝန်ကြီးများထံ ပြသနိုင်ရန် အာမခံချက်များ လုပ်ပေးထားသည်ဟု သိရသည်။

ပြီးခဲ့သည့် မေလ ၂၄ မှ ၂၅ ရက်နေ့တွင် ရန်ကုန်ရှိဂရုဏာအနန္တအဖွဲ့မှ ကယားပြည်နယ်အတွင်း မျက်စိဝေဒနာရှင်ခံစားနေရသော လူနာများကို ကန္ဒရဝတီကျောင်း သီတဂူတက်လမ်း စက္ခုဒါနဆေးရုံတွင် အခမဲ့လာရောက်ကုသပေးသွားခဲ့ခြင်းဖြစ်သည်။

အလှူရှင်များက စုပေါင်းပြီးဖွဲ့စည်းထားသည့်အဖွဲ့ဖြစ်ပြီး သုံးလလျှင်တကြိမ် ယခုကဲ့သို့ အခမဲ့ လိုက်လံကုသပေး နေခြင်းဖြစ်သည်ဟု သိရသည်။

စက္ခုဒါနဆေးရုံတွင် အခမဲ့ လာရောက်ဆေးကုသနေကြသော လူနာများမြင်တွေ့ရစဉ် “ကျနော်တို့ သူတို့ကို စစ်ဆေးတာတိမ်ရှိလားမရှိလားစစ်ဆေးတယ် ။ စစ်ဆေးပြီးသွားလှိ့ရှိရင် ကျနော်တို့ တိမ်ရှိတဲ့သူကိုခွဲပေး ပါတယ်” ဟု ၎င်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လူနာများနောက်ပိုင်းတွင် လိုအပ်လာသည့် ဆေးဝါးများ ၊ ကုသမှုများနောက်ဆက်တွဲအတွက် ၎င်းကျောင်းရှိ ဆရာတော်နှင့် ဆက်သွယ်ပြီးရန်ကုန်ရှိ ခွဲစိတ်ဆရာဝန်ဆီ အကြောင်းကြားနိုင်သလို ၊ လွိုင်ကော်မြို့ရှိ မျက်စိဆရာဝန်ထံတွင်လည်း ပြသနိုင်ရန်ကြောင်း ပြောသွားသည်။

မျက်စိဝေဒနာခံစားနေရပြီး ဆေးခန်းပြရန် မတတ်နိုင်သည့် ဝေဒနာရှင်တဦးက ယခုလို အခမဲ့ လာရောက် ကုသပေးနေချိန်တွင် ကုသခွင့်ရခဲ့သည့်အတွက် များစွာအကျိုးခံစားမှုရရှိခဲ့ကြောင်းကို လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက်မှ လာရောက်ပြသသောအသက်(၅၇)နှစ်ရှိ ဒေါ်နောင်းကပြောပါသည်။

“ကျေးဇူးတင်တာပေ့ါ။ တခါမှလည်းအဲလိုမျိုး မပြဖူးဘူးလေ။ အဲဒါကြောင့် ဒီမှာအခမဲ့ဆိုတော့ လာပြီးကြည့် တာပေ့ါ။ တကယ်တမ်းကုမယ်ဆိုလည်း ပိုက်ဆံမတတ်နိုင်ဘူးလေ” ဟု ပြောသည်။

ဂရုဏာအနန္တအဖွဲ့သည် ကယားပြည်နယ်သို့ အခမဲ့ လာရောက်မကုသမှီ ကချင်ပြည်နယ် စစ်ရှောင်စခန်းသို့ သွားရောက်ပြီး အလှူဒါနပြုခဲ့ကြောင်း ယခုအဖွဲ့သည် ကယားပြည်နယ်သို့ ပထမဆုံးအကြိမ် လာရောက်ခြင်းဖြစ်ကြောင်း သိရသည်။

Most read this week