ကယား(ကရင်နီ)လွိုင်ကော်မြို့ သီရိမင်္ဂလာ ( တောင်စျေး ) တွင် စားသုံးဆီများ ရောင်းချသည့် စျေးကွက်ထဲ၌ စားဆီထုတ်လုပ်သည့် ကုမ္မဏီအမှတ်တံဆိပ်များ အလွဲသုံးစားပြုလုပ်ထားကြသည်ကို တွေ့နေရသည်ဟု လွိုင်ကော်မြို့မှ ၎င်းစားဆီကို ဝယ်ယူသုံးစွဲမိသူ ဒေသခံ အမျိုးသား လူငယ်တဦးက ပြောသည်။
“ဆီဗူးပေါ်မှာ (White Elephant)တံဆိပ်က ရှိထားတယ်။ အဲဒီတံဆိပ်ကို ခွာထားတဲ့အရာနဲ့ အပေါ်မှာတော့ သမစိတ္တ ပဲဆီသန့်တံဆိပ်ကို ပြန်ကပ်ထားတာ မသေမသပ်နဲ့တွေ့ရပါတယ်” ဟု ၎င်းလူငယ်တဦးက ပြောသည်။
လွိုင်ကော်မြို့ပေါ်တွင် မန္တလေးမှ ၀င်လာသော သစ်ရွက်ဆီ (White Elephant)တံဆိပ် အမည်ရှိ စာတမ်းကိုခွာ ပြီး ၀င်း-သမစိတ္တ ပဲဆီသန့်တံဆိပ်အား ပြန်လည်ကပ်ထားပြီး လွိုင်ကော် စျေးကွက်တွင် ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ချိ ရောင်းချလျက်ရှိကြောင်း သိရသည်။
ထိုကဲ့သို့ ၀င်း -သမစိတ္တ တံဆိပ်ကိုအသုံးပြုပီးလွိုင်ကော်မြို့တွင် ယခုကဲ့သို့ ကျယ်ကျယ် ဖြန့်ချိမှုနှင့် ပတ်သက်ပြီး ပင်ရင်းရှိရာရေနံချောင်းမှ ပိုင်ရှင်ဦးရန်နိုင်ဦးကိုဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာတွင် ကယားပြည်နယ်တွင် တင်ပို့ခြင်းမရှိသေးကြောင်း ပြောသည်။
“ကယားပြည်ဖက်မှာလောလောဆယ် ရောင်းချခြင်းမရှိသေးပါဘူးခင်ဗျား။ ကျနော်တို့က တနိုင်ငံလုံးဝယ်တဲ့ ကိုယ်စားလှယ် သီးသန့်မထားဘူးခင်ဗျား။ ၀ယ်တဲ့သူကို တင်ပေးတာပဲ။ ဒါပေမယ့် ပေးတဲ့အခါမှာကျနော်တို့ ပါကင်ပါတယ်။ ကျနော်တို့ အဖုံးတွေမှာ အသားတံဆိပ်ပါတယ်။ ပါကင် တံဆိပ်ပါတယ်ပေ့ါနော်။ ကိုယ်တို့ကျတော့ ၀ယ်တဲ့မြို့ကိုတင်ပေးတာပဲ” ဟု ၎င်းပိုင်ရှင်က ပြောသည်။
ဆီပုံးများမှာ အဝါရောင်ပုံး အနီရောင် ပါကင်ပိတ်အဖုံးဖြင့် ၅ ပိဿဝင် ပုံးနှင့် ၁၀ ပိဿာဝင် ပုံးများဖြင့် ထည့်ထားပြီး ၅ ပိဿပုံးတစ်ပုံးလျှင် ကျပ် ၁ သောင်း ၃ ထောင်စျေးဖြင့်လည်းကောင်း ၁၀ ပိသာပုံးလျှင် ကျပ် ၂ သောင်း ၅ ထောင် စျေးရှိပြီး တခြားဆီများထက် စျေးနှုန်းချိုသာသောကြောင့် ဖောက်သည်များပိုပြီး အဝယ်များနေကြောင်း သိရပါသည်။
မူရင်းရေနံချောင်းမှ ၀င်း -သမစိတ္တ စပါယ်ရှယ် အာမခံပဲဆီသန့် တံဆိပ်ရှိ ဆီတစ်ပိဿသည် (၃၀၀၀) ကျပ် ရှိထားကြောင်း သိရပါသည်။
ယခုလို အလွဲသုံးစားအသုံးပြုနေခြင်းအပေါ် ၀င်း -သမစိတ္တ မူရင်းတံဆိပ်ပိုင်ရှင်မှ ပြန်လည်ရုတ်သိမ်း သွားမည်ဖြစ်ကြောင်း ယခုလို အဖြစ်အပျက်သည် ပထမဆုံးအကြိမ် ဖြစ်သည့်အတွက် အရေးယူဆောင်ရွက်ခြင်းများ မလုပ်သေးကြောင်း ဦးရန်နိုင်ဦးက ပြောသည်။



