ကရင်လက်နက်ကိုင် တပ်ဖွဲ့တစ်ခုဖြစ်သည့် KNU- KNLA/ PC (Peace Council) သည် ကရင်လက်နက်ကိုင် အဖွဲ့များ တစ်စုတည်းပေါင်းစည်းရေးအတွက် ပူးပေါင်းရန် အဆင့်သင့်ဖြစ်ကြောင်း KNU – KNLA/PC ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောအောင်ထူးက ပြောပါသည်။
“ကရင်လက်နက်ကိုင်တပ်ဖွဲ့ တစုတစည်းတည်း ပြန်ဖြစ်ဖို့ အမြဲတမ်းမျှော်လင့်တာပဲ တကယ်ပြည်သူတွေ လိုချင်တဲ့ဟာနဲ့ တစ်ထပ်တည်းပါပဲ။ ဖထီးတို့အဖွဲ့အနေနဲ့ အဲလို ခံယူချက်ရှိတယ်လေ ပေါင်းဖို့လည်းအဆင့် သင့်ရှိတာတွေ အများကြီးရှိပါတယ်” ဟု ဗိုလ်မှူးကြီး စောအောင်ထူးက ပြောသည်။
KNLA/PC တွင် ကော်မတီဝင်အဖြစ်ပါ၀င်နေသည့် ကရင်အမျိုးသားစည်းလုံးရေးနှင့် ငြိမ်းချမ်းရေးကော်မတီ KUPC မှ ပြုလုပ်သည့် ကရင်လူထုတွေ့ဆုံပွဲများတွင်လည်း ကရင်လူထုများက ကရင်လက်နက်ကိုင် တပ်ဖွဲ့များကို စည်းစည်းလုံးလုံးနှင့် စုစုစည်းစည်း ပြန်ဖြစ်နိုင်ရန် တောင်းဆိုနေကြောင်း သိရသည်။
KNLA/PC အနေဖြင့် ၂၀၀၇ခုနှစ် ဖေဖော်ဝါရီလ (၁၁) ရက်နေ့တွင် ဗိုလ်ချုပ်ထိန်မောင်ဦးဆောင်သည့် အဖွဲ့သည် KNU တပ်မဟာ (၇) မှ ခွဲထွက်ပြီး KNU/KNLA – PC (KPC) (ကရင်အမျိုးသားအစည်းအရုံး - ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် - ငြိမ်းချမ်းရေး ကောင်စီ) အဖြစ် သီးခြားဖွဲ့စည်းခဲ့သည်။
ကရင်ပြည်နယ်တွင် KNU (ကရင်အမျိုးသား အစည်းအရုံး)၊ KNU/KNLA (Peace Council)၊ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် ( DKBA )၊ DKBA မှအသွင်ပြောင်းထားသည့် နယ်ခြားစောင့်တပ်၊ ဟောင်သရော ငြိမ်းချမ်းရေးအဖွဲ့၊ သံတောင်(မြောက်) ငြိမ်းချမ်းရေးအဖွဲ့၊ သံတောင် (တောင်)ငြိမ်းချမ်းရေးအဖွဲ့၊ ဘုရားကုန်း ငြိမ်းချမ်းရေးအဖွဲ့ စသော ကရင်လက်နက်ကိုင်အဖွဲ့ ရှစ် ဖွဲ့ရှိနေပြီး ကရင်လူထုအနေနှင့် ကရင်လက်နက်ကိုင် တပ်ဖွဲ့များအားလုံး ပြန်လည်စုပေါင်းပြီး တစုတစည်းတည်း ပြန်လည်ပေါင်းစည်းရန် ဆန္ဒရှိနေကြတာဖြစ်ကြောင်း သိရသည်။
ဗိုလ်မှူးကြီး စောအောင်ထူးက “ကရင် လက်နက်ကိုင် တစ်ဖွဲ့ထဲပေါင်းဖို့ တချို့ကရာထူး အခက်အခဲဖြစ်မယ် ပုဂ္ဂိုလ်စွဲ အခက်အခဲဖြစ်မယ်။ တချို့တွေက ဒေသစွဲရှိတဲ့သူတွေ အခက်အခ ဖြစ်နိုင်တယ်။ ပုဂ္ဂိုလ်စွဲဆိုတာက ဥပမာ ငါဒီမှာနေတုန်းက နင့်တပည့်ပဲ ပေါင်းလိုက်တဲ့အခါကြတော့ ဟို့လူ တပည့်ပြန်လုပ်ဆို မလုပ်နိုင်ဘူး အဲဒါမျိုး ပုဂ္ဂိုလ်စွဲရှိတာပေါ့ နောက်ပြီးတော့ ရာထူးစွဲတို့ ငါ ဟိုမှာနေတာက ငါဗိုလ်မှူးကြီး၊ ပြန်ပေါင်းလိုက် တဲ့အခါ လူဦးရေက ဖောင်းပွလာတော့ ရာထူးက လျော့ချမယ်ဆို မင်းက ဗိုလ်ကြီးအဆင့်လောက်ပဲ ပြန်နေရမယ်ဆို ငါမနေနိုင်ဘူးကွာ ငါမပြန်ဘူးကွာ အဲဒါမျိုးတွေပေါ့” ဟု အခက်ခဲများကို ပြောပြသည်။
ကရင်လက်နက်ကိုင်တပ်ဖွဲ့များ ပြန်လည်ပေါင်းစည်းနိုင်ရေးနှင့် ကရင်လက်နက်ကိုင်အဖွဲ့များအတွင်း အငြင်းပွား စရာဖြစ်ရပ်များ ပေါ်ပေါက်လာပါက ညှိုနှိုင်းဖြေရှင်းနိုင်ရန် အတွက်ရည်ရွယ်၍ ကရင်လက်နက်ကိုင်များ ပါ၀င်သည့် ကရင်လက်နက်ကိုင်များ စည်းလုံး ညီညွတ်ရေး ကော်မတီတစ်ခုကို ၂၀၁၂ က စတင်ဖွဲ့စည်းခဲ့ပြီး ကော်မတီတွင် KNU/KNLA – PC မှ ဗိုလ်ချုပ် စောရင်နု က ဒု-ဥက္ကဌအဖြစ် တာဝန်ယူထားပြီး၊ ဗိုလ်မှူးကြီးစောယိုရှုး၊ ဗိုလ်ကြီးစောအောင်နိုင်တို့က ကော်မတီဝင်တွေအဖြစ် တာဝန်ယူထားသည်။
ကရင်လက်နက်ကိုင်များစည်းလုံးညီညွတ်ရေး ကော်မတီရဲ့ အတွင်းရေးမှူး ဖြစ်သူ ကေအင်ယူ ဗဟိုကော် မတီဝင် စောဖောဒို က “ကော်မတီအနေနဲ့ ကရင်လက်နက်ကိုင်တွေ တစ်ခုတည်းပြန်ဖြစ်ဖို့ကို ကြိုးစားပြီး လုပ်နေတယ်။ ကရင်လက်နက်ကိုင် အားလုံးကလည်း တစ်ဖွဲ့တည်းဖြစ်ဖို့ စိတ်ဝင်စားကြပါတယ်။ အားလုံးက အမြင်တစ်ခုတည်း ဖြစ်ပါတယ်״ဟု ပြောသည်။
ကရင်လက်နက်ကိုင်များ စည်းလုံးညီညွတ်ရေး ကော်မတီ အနေဖြင့် ၃လ တကြိမ် အစည်းအဝေးပြုလုပ် လေ့ရှိပြီး နောက်ဆုံးပြုလုပ်ခဲ့သည့် မေလ ၁၀ ရက်နေ့ အစည်းအဝေးတွင် ကရင်လက်နက်ကိုင်အဖွဲ့အစည်း အားလုံး စုစည်းပြီး မူးယစ်ဆေးဝါး နှိမ်နှင်းရေးကော်မတီဖွဲ့ဖို့ရန် ကရင်လက်နက်ကိုင် အဖွဲ့အား လုံးအတူတကွ ကရင်ပြည်သူလူထုတွေထံသွား၍ ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် ပြည်သူတွေ တစ်တပ် တအား ပါ၀င်လာဖို့ လူထုတွေ့ဆုံပွဲတွေလုပ်နိုင်ဖို့ ဆွေးနွေးဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။



