စီးပွားဖြစ်ကော်ဖီပင် စိုက်ပျိုးသူများကို စျေးကွက် ရှာဖွေပေးသွားမည်

စီးပွားဖြစ်ကော်ဖီပင် စိုက်ပျိုးသူများကို စျေးကွက် ရှာဖွေပေးသွားမည်
by -
ကန္တာရဝတီတိုင်း(မ်)

ကယား(ကရင်နီ)ပြည်နယ်အတွင်း စီးပွားဖြစ်အနေဖြင့် ကော်ဖီပင်စိုက်ပျိုးသော တောင်သူများအတွက် ပြည်နယ်စက်မှုသီးနှံနှင့် ဆည်မြောင်းဦးစီးဌာနမှ စျေးကွက်များ ရှာဖွေပေးသွားမည်ဟု သိရသည်။

ပြည်နယ်စက်မှုသီးနှံနှင့် ဆည်မြောင်းဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှုး ဦးမြင့်နိုင်က “ကျွန်တော်တို့က စျေးကွက် ရှာပေးဖို့ရှိတယ်။ သူတို့ကိုဘဲ ကျယ်ကျယ်ပြန့်ပြန့် စိုက်စေချင်တယ်။ သူတို့စိုက်ရင်တော့ရှာပေးမယ်။ ခုလည်းဝယ်နေကြပါတယ်” ဟု ပြောသည်။

မြို့နယ်တိုင်းတွင် စီးပွားဖြစ် စိုက်ပျိုးနိုင်မည်ဆိုပါက ပြည်နယ်စိုက်ပျိုးရေးနှင့် တခြားသော နိုင်ငံတကာ ကူညီ ရေးအဖွဲ့အစည်းများပူးပေါင်းပြီး စျေးကွက်ရှာဖွေသွားမည်ဟု ပြောသည်။

ကော်ဖီကို ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးနိုင်မှသာလျှင် စီးပွားရေးစျေးကွက် ဖြစ်လာနိုင်မည်ဖြစ်ကြောင်းနှင့် တောင်ယာ စိုက်ပျိုးကြသည့် ဒေသဘက်တွင်လည်း သစ်တောပြုန်းတီးမှု လျော့နည်းစေမည်ဖြစ်ကြောင်း ပြောဆိုသွားသည်။

ကယားပြည်နယ်၏ ရာသီဥတုသည် နှစ်ရှည်ပင်ဖြစ်သော ကော်ဖီပင်ကို စီးပွားဖြစ်အနေဖြင့် စိုက်ပျိုးရန် အကောင်းဆုံး နေရာဒေသဖြစ်သည့်အတွက် တောင်သူများ စိုက်ပျိုးနိုင်ပါက အဆင်ပြေလာနိုင်မည်ဖြစ်ကြောင်း စက်မှုသီးနှံဦးစီးဌာနမှ ကော်ဖီတာဝန်ခံ ဦးဇော်ဝင်းက ပြောသည်။

ဦးဇော်ဝင်းက “ကျွန်တော်တို့ ဒီကော်ဖီကိုစိုက်တာ ဒေသနဲ့ကိုက်ညီလို့ပါ။ ဒါကြောင့် တောင်သူတွေကို စိုက်စေချင်ပါတယ်။ နှစ်ရှည်ပင်ဖြစ်တဲ့အတွက် စိုက်ရင်မမှားဘူးလို့ ကျွန်တော် ယုံကြည်ပါတယ်။ မျိုးကိုလည်း တတ်နိုင်သလောက် အကောင်းဆုံးပျိုးထားပါတယ်။ တောင်သူတွေလည်း စိုက်မယ်လို့ မျှော်လင့်ပါတယ်”ဟု ပြောပါသည်။

ကော်ဖီပင်စိုက်ပျိုးသော တောင်သူများကိုလည်း စက်မှုသီးနှံနှင့် ဆည်မြောင်းဦးစီးဌာနမှ နည်းပညာပေးခြင်း၊ လက်တွေ့စိုက်ပျိုးမှုများ ပြုလုပ်ပေးခြင်းများ ဆောင်ရွက်ပေးသွားသည်ဟု သိရသည်။

တောင်သူများလိုအပ်သည့် အရင်းအနှီးများကို တဖက်တလမ်းမှကူညီပေးနိုင်ရန် သက်ဆိုင်ရာဌာန အဆင့်ဆင့် သို့ တင်ပြထားကြောင်း သိရသည်။

Most read this week