လက်နက်ကိုင်အဖွဲ့အစည်းများ စည်းလုံးညီညွှတ်ရေးအတွက် ဆေးမှူးသင်တန်း အတူတကွပြုလုပ်ဟုဆို

လက်နက်ကိုင်အဖွဲ့အစည်းများ စည်းလုံးညီညွှတ်ရေးအတွက် ဆေးမှူးသင်တန်း အတူတကွပြုလုပ်ဟုဆို
by -
ကန္တာရဝတီတိုင်း(မ်)

ကယား (ကရင်နီ)ပြည် မှ လူထုကျန်းမာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကွန်ယက် (CHDN) ကြီးမှူးပြီး လက်နက်ကိုင်အဖွဲ့အစည်းများ စည်းလုံးညီညွတ်လာနိုင်ရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း အပိုင်းတွင် အတူတကွဆောင်ရွက်ရန် ဆေးမှူး သင်တန်းများ ပြုလုပ်သွားသည်ဟု က.လ.လ.တ ကျန်းမာရေးအဖွဲ့မှ ဆေးမှူး ဦးထွန်းထွန်းက ပြောသည်။

“ကျနော်တို့ ဒီအဖွဲ့အစည်း (၆)ဖွဲ့ပေ့ါ။ အဓိက ဒီ စည်းစည်းလုံးလုံး တစ်ခုဖြစ်သွားအောင် အဲ့တစ်ချက် ပါမယ်။ နောက်တစ်ခုက ပြန့်ကျဲနေတဲ့ ဆွေမျိုးတွေက ကျနော်တို့ ပြန်စုစည်းနိုင်အောင်ပေ့ါ။ နောက်တစ်ခုက ကျနော်တို့ ဒီဒေသဖက်မှာ ရှိတဲ့ လက်လှမ်းမမီတဲ့ နေရာမျိုးတွေ ဆေးဖက်မှာ ပြန်ဖြန့်ပေးနိုင်အောင်ပေါ့နော်”

လက်နက်ကိုင်အဖွဲ့အစည်းရှိ ကျန်းမာရေးဌာနမှ ဝန်ထမ်းများကို စုပေါင်းကာ ဆေးမှူး သင်တန်းကို (၂၀၁၃ခုနှစ် သြဂုတ်လ မှ ၂၀၁၄ မေလအထိ) (၁၀) လအကြာ ပြုလုပ်ခဲ့ကြသည်။

လက်နက်ကိုင် အဖွဲ့အစည်းများဖြစ်သော ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP, ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး KNPLF, ကရင်နီအမျိုးသား ငြိမ်းချမ်းရေးနဲ့ ဖွ့ံဖြိုးတိုးတက်ရေး ပါတီ KNPDP ( ကယောနီ ), KNG, ကယန်းပြည်သစ်ပါတီ KNLP နှင့် ကရင်နီအမျိုးသား သွေးစည်းညီညွတ်ရေး အဖွဲ့(KNSO) ခေါ် ကြယ်ဖြူ အဖွဲ့တို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ကျေးလက် ဆေးရုံဆေးပေးခန်းများတွင် အစိုးရနှင့်ပူးပေါင်း လိုအပ်သည့်ဝန်ထမ်းများ ပြန်လည်ဖြည့်စွက်ပေး နိုင်ရန် အတွက်လည်း ရည်ရွယ်သည်ဟု ပြောသည်။

လက်ရှိတိုင်းရင်းသားနယ်မြေဒေသမှာ အစိုးရနှင့် လက်နက်ကိုင်အဖွဲ့အစည်းများ၊ NGOs များ ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးနေသည်ဟု ဆိုသော်လည်း နယ်စွန်နယ်ဖျားနေ ပြည်သူလူထုများ အတွက် ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်နေသေးကြောင်း ကယန်းပြည်သစ်အဖွဲ့အစည်းမှ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သော ဆေးမှူးသင်တန်းသူတဦးက ပြောသည်။

“လိုအပ်တာတော့ တော်တော်လေး လိုအပ်ပါတယ်။ ဟို ရွာပိုင်းမှာလည်း ဆေးခန်းမရှိတော့ အဲမျိုး အစိုုးရ ဆေးခန်းမှာ သွားတော့ သိပ်အဆင်မပြေဘူး။ ငွေနိုင်မှလည်း အဆင်ပြေတယ် အဲမျိုးပေ့ါနော်။ အဲအတွက် မခံချင်စိတ်လည်း ရှိတာပေ့ါနော်။ ဒါကြောင့်မလို့အဲမျိုး ပြန်ပေးဆပ်ရမယ်”ဟု ပြောသည်။

ကျန်းမာရေးစောင့်ရှောက်မှုများ ပိုပြီးလုပ်ဆောင်လာနိုင်ရန် ၎င်းသင်တန်းတွေ လက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ် အသီးသီး၊ အဖွဲ့အစည်းမဟုတ်သော ကျေးလက်နေပြည်သူများကလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

အစိုးရကျန်းမာရေးဌာနများတွင်လည်း လစဉ် INGOs များနှင့်ပူးပေါင်းပြီး ကျန်းမာရေးဟောပြောပွဲများ၊ အသိပညာသင်တန်းများ ပို့ချပေးလျက်ရှိသည်ဟု သိရသည်။

ဆေးရုံများတွင်လည်း ဆေးဝါးအခမဲ့ ဆေးကုသပေးလျက်ရှိပြီး ဆေးရုံ၊ ဆေးပေးခန်းတွင် မရှိသည့် ဆေးဝါး များ၊ လုံလောက်မှုမရှိသည့် ဆေးများကိုသာ လူနာများက ပြင်ပတွင်ဝယ်ယူရသည်ဟု သိရသည်။

Most read this week