ဒေသခံမဟုတ်ပဲ တခြားသော တိုင်းနှင့်ပြည်နယ်မှ လာရောက် နေထိုင်သည့်သူများအတွက် နိုင်ငံသား မှတ်ပုံတင်ပြုလုပ်ပေးရာမှာ အချိန်ကြန့်ကြာမှုရှိပြီး တရက်အတွင်းနှင့်အပြီးအခမဲ့ မပြုလုပ်ပေးနိုင်ကြောင်း ဘောလခဲမြို့နယ်မှ လူဝင်မှူးကြီးကြပ်ရေးနှင့် မှတ်ပုံတင်ရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်သက်က ပြောပါတယ်။
ဦးမောင်မောင်သက်က “ကျနော်တို့ အခုလိုဆောင်ရွက်ပေးရာမှာ နိုင်ငံသားတိုင်းကို ပြီးပြည့်စုံအောင် ဆောင်ရွက်ပေးနိုင် သလားဆိုရင်တော့ တခြားမြို့နယ်သင်္ကေတနဲ့ မှတ်ပုံတင် ပျောက်ပျက်တွေကိုတော့ တခြားမြို့နယ်ရဲ့အကြောင်းပြန်ကြား ချက်ကို စောင့်ရတာဖြစ်တဲ့တွက် ဒီဒေသခံတိုင်းရင်းသားတွေလိုတော့ ချက်ခြင်းရရှိမှာ မဟုတ်ပါဘူး။ သူတို့ရဲ့ ကိုယ်ရေး မှတ်တမ်းတွေကို တခြားမြို့နယ်နဲ့ ဆက်သွယ်ပြီးတော့ရယူ ပါတယ်” လို့ပြောပါတယ်။
ဘောလခဲမြို့နယ်အတွင်း လူဝင်မှုကြီးကြပ်ရေးနှင့် မှတ်ပုံတင်ရေးဦးစီးဌာနနှင့် NRC တို့ပူးပြီးပြီး မှတ်ပုံတင်များကို တရက်ခြင်းအပြီး အခမဲ့ လိုက်လံဆောင်ရွက်ပေးနေစဉ် ကြံုတွေ့ရတဲ့အခက်အခဲကို ပြောဆိုသွားတာ ဖြစ်ပါတယ်။
ဒီလိုတခြားသော ဒေသကနေ လာရောက်နေထိုင်သူတွေက မှတ်ပုံတင် ပျောက်သွားခြင်း၊ အသစ်ပြန်လဲခြင်း ပြုလုပ်ဖို့ လာရောက်လျှောက်ထားကြတာ ဖြစ်တယ်လို့ သိရပါတယ်။ ယခုလို တခြားမြို့နယ် ၊ ပြည်နယ်မှ လာလျှောက် သူတွေအနေနဲ့ နေရပ်ဇာတိမှ ပုံစံ(၁၀)နှင့် တရားဝင်ပြောင်းရွှေ့လာတဲ့သူတွေကိုသာ လျှောက်ထားခွင့်ပြုတယ်လို့ ပြောပါတယ်။
နိုင်ငံသားတိုင်း မှတ်ပုံတင်ရှိထားမှသာလျှင် နိုင်ငံသားတဦးရဲ့ ရပိုင်ခွင့်အခွင့်အရေးတွေ ရရှိနိုင်မှာဖြစ်ပြီး ရွေးကောက်ပွဲတွင် မဲပေးနိုင်ခွင့်ရှိခြင်း၊ ခရီးသွားလာမှုအတွက် လွတ်လပ်စွာသွားလာခွင့်ရှိခြင်း၊ စိုက်ပျိုးရေးအတွက် အစိုးရဘဏ်မှ ချေးငွေများရယူနိုင်ခြင်း၊ ဘဏ်နှင့်ဆက်စပ်သည့်လုပ်ငန်းများ ၊ အိမ်ယာမြေဂရမ်များ လျှောက်ထားခြင်းများနှင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုခွင့်စသည့် အခွင့်အရေးတွေ ရရှိနိုင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။
ဦးမောင်မောင်သက်က “အသက်ဆယ်နှစ်ကနေစပြီး နိုင်ငံသားစီစစ်ရေးကဒ်ပြားရရှိပြီဖြစ်တဲ့ အတွက် အားလုံးအဆင်ပြေမှာဖြစ်ပါတယ်။ နောက်တခြား မြန်မာနိုင်ငံတွင်းမှာလုပ်ငန်း လုပ်ဆောင်ရာမှာလည်း မြန်မာနိုင်ငံသားများ ရဲ့ရပိုင်ခွင့်အခွင့်ရေးများတိုင်း ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်” လို့ပြောပါတယ်။



