ကယား(ကရင်နီ)ပြည်နယ်မှ နိုင်ငံရေးပါတီအသစ်ဖွဲ့စည်းထားသည့် ကယားလူမျိုးစု ဒီမိုကရေစီပါတီကို ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်မှ နိုင်ငံရေးပါတီ တည်ထောင်ရန် ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ပါတီအဖွဲ့ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးအောင်တင်က ပြောပါတယ်။
"ကယားပြည်နယ်သူ ပြည်နယ်သားအားလုံးရဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် ရရှိဖို့ရယ် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိဖို့ရယ်။ တန်းတူအခွင့်အရေး ရရှိဖို့ရယ်။ တနည်းအားဖြင့် ဒီမိုကရေစီအခွင့်အရေးကို ပြည့်ပြည့်ဝဝ ရရှိဖို့ရယ်၊ လူမျိုးစုအခွင့်ရေးတွေ ရရှိဖို့ရယ် ဆိုတဲ့ရည်ရွယ်ချက်နဲ့ ကျနော်တို့ တည်ထောင်ခြင်းဖြစ်ပါတယ်"

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ကနေပြီးတော့ ဇွန်လ ၁၁ ရက်နေ့မှာ နိုင်ငံရေးပါတီ တည်ထောင် ခွင့်ပြုထား လိုက်ပြီ ဖြစ်ပါတယ်။
၎င်းပါတီမှာ ကယားပြည်နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ နှုတ်ထွက်သွားကြတဲ့ ပါတီဝင်တချို့ ကနေပြီး ပြည်နယ် အတွက်ကိုယ်စားပြုနိုင်တဲ့ ပါတီတခုဖြစ်လာဖို့ ဆိုပြီး ပြန်လည်ထူထောင် ထားတာ ဖြစ်ပါတယ်။
ကယားလူမျိုးစု ဒီမိုကရေစီပါတီ တည်ထောင်ရခြင်းအကြောင်းအရင်းနဲ့ ဦးအောင်တင်က ယခုလို ရှင်းပြပါတယ်။
"ကျနော်တို့က ကယားပြည်နယ်ကို ကိုယ်စားပြုတဲ့ ပါတီတခု တည်ထောင်ချင်တယ်ပေါ့။ ဘာလို့ကယား ပြည်နယ်ကို ကိုယ်စားပြုတဲ့ ပါတီတခု တည်ထောင်ချင်လဲဆိုလို့ရှိရင် ကျနော်တို့ကယားပြည်နယ်မှာ ဒီမိုကရေစီရရှိဖို့အတွက်ပေါ့။ ကျနော်တို့က အရင်တုန်းကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တွဲပြီးတော့ ကျနော်တို့ လုပ်ခဲ့တယ်။ ဒါပေမဲ့လို့အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကနေပြီးတော့ ကျနော်တို့အပေါ်မှာ သဘောထားတွေမမှန်ခဲ့လို့ ကျနော်တို့ကနေ ခွဲထွက်ပြီး ကယားလူမျိုးစု ကိုယ်စားပြုတဲ့ပါတီ တခုတည် ထောင်မယ် ဆိုပြီးတော့မှ ဆုံးဖြတ်ပြီးတော့မှ ကျနော်တို့ ကယားလူမျိုးစုပါတီကို တည်ထောင်ရခြင်း ဖြစ်ပါတယ်။ "
ပါတီအနေနဲ့ လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲဝင်ရန်အတွက် အစီအစဉ်ရှိထားကြောင်း ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်းပဲ ဒီမိုကရေစီနည်းကျတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေဖြစ်လာ ဖို့အတွက်လည်း ကြိုးစားသွားမှာဖြစ်ကြောင်း ပြောဆိုသွားပါတယ်။



