အမေရိကန်နိုင်ငံတွင် နေထိုင်သော ကရင်နီလူမျိုး များသည် မိမိတို့ ကရင်နီစာကို တတ်မြောက်ရန် အတွက် ပထမဆုံးအကြိမ် သင်ကြားပေးနေကြောင်း ကရင်နီစာ သင်ကြားသူ ဆရာ၊မများက ပြောသည်။
Minnesota ပြည်နယ် Saint Paul မြို့မှ ဆယ်ကျော်သက် ကရင်နီကျောင်းသူ၊သား ၂၂ ဦးအား ဆရာ ဆော်တစ် ဦးဆောင်ပြီး ကွယ်လွန်သူ ကရင်နီအမျိုးသားခေါင်းဆောင် ဆရာကြီး ထဲဘူးဖဲ ကိုယ်ပိုင် တီထွင်ထားခဲ့သော ကရင်နီစာကို ပြီးခဲ့သည့် စက်တင်ဘာလမှ စ၍ သင်ကြားပေးနေသည်။
အမေရိကန်မှ ကရင်နီကျောင်းသူ၊သားများသည် ကရင်နီလူမျိုးမှာ ကိုယ်ပိုင် ကရင်နီစာ ရှိကြောင်းကို သိရှိထားပြီး တတ်မြောက်ရန်နှင့် အခြားလူမျိုးများ အကြားတွင် ထုတ်ဖော်ပြသနိုင်ရန်အတွက် ရည်ရွယ်၍ သင်ကြားပေးခြင်း ဖြစ်သည်ဟု Saint Paul မြို့တွင် နေထိုင်သူ ဆရာ ဆော်တစ်က ပြောသည်။
“ကျနော်တို့ ကရင်နီကလေးတွေက ဒီအမေရိကန်မှာ ရောက်တာ ကျောင်းသွားရင်လည်း အင်္ဂလိပ် စကား ပြောရတယ်။ ဘယ်နေရာမှာဆို အင်္ဂလိပ် ဖြစ်တော့ သူတို့က ကရင်နီစကားကို ပြောတာတော့ ပြောတတ်ကြသေးတယ်။ ကရင်နီစာက ဘယ်မှာလဲ၊ ကရင်နီ စာလုံးက ဘယ်လိုဖြစ်လဲ ဆိုတာ သူတို့ သိတာတော့ သိကြသေးပေမဲ့ တခြားသူများကို မပြောပြနိုင်တော့ဘူး။ အဲဒါကြောင့် အနာဂါတ်မှာ သူတို့ အင်္ဂလိပ် တခုတည်းကို သိဖို့မကဘဲ ကျနော်တို့ ကရင်နီမှာလည်း စာရှိတယ်၊ အင်္ဂလိပ် ဒီလိုပြောရင် ကရင်နီက ဒီလိုပြောတယ်၊ သူတို့ ဘာသာပြန်နိုင်ဖို့အတွက် ကျနော် ရည်ရွယ်ပြီး သူတိို့ကို ကရင်နီစာ သင်ပေးတာပါ” ဟု သူက ပြောသည်။
သင်ရိုးညွန်းတန်းများအတွက် ကရင်နီစာပေ အဖွဲ့အစည်းမှ ကရင်နီစာ ဘာသာရပ်အတွက် ရေးဆွဲထားသော ကရင်နီစာအုပ် သင်ရိုးညွန်းတန်းများကို ယူပြီး ကျောင်းသူ၊သားများအား သင်ကြားပေးသည်ဟု ဆော်တစ်က ဆက်ပြောသည်။
North Carolina ပြည်နယ် Winston Salem မြို့တွင်လည်း ကရင်နီစာ မတတ်ကြသေးသော ကရင်နီအမျိုးသမီး ၁၀ ဦးဝန်းကျင်အား ဆရာမ ဆာမှူးမှ ကရင်နီစာကို သင်ကြားပေးနေသည်။
“ကျမတို့က ကိုယ့်လူမျိုးနဲ့ကို နေတော့ ဒီအသိုင်းအဝိုင်းမှာ လာနေတဲ့ ကရင်နီလူမျိုးတွေကို ကရင်နီစာ တတ်ခိုင်းစေချင်တယ်။ ကျမတို့ သားသမီးတွေကလည်း ကရင်နီစာကို မမေ့ဖို့၊ ကရင်နီစာကိုတတ်ဖို့ အတွက် ကြိုးစားလုပ်သွားမယ်” ဟု Winston Salem မြို့တွင် နေထိုင်သော ဆရာမ ဆာမှူးက ပြောသည်။
ကရင်နီစာသည် ၃ မျိုး ရှိသည်။ ၎င်းကရင်နီစာများမှာ ဗမာဗျည်းအက္ခရာများဖြင့် ကွယ်လွန်သူ ဦးမီရယ် တီထွင်ထားသော ကရင်နီစာ၊ အင်္ဂလိပ် (လက်တင်)ဖြင့် ခရစ်ယာန် ကက်သစ်လစ် အဖွဲ့မှ တီထွင်ထားသော ကရင်နီစာနှင့် ဆရာကြီး ထဲဘူးဖဲ ကိုယ်ပိုင် တီထွင်ထားသော ကရင်နီစာတို့ ဖြစ်သည်။
ဗမာကရင်နီစာသည် အများအားဖြင့် ကရင်နီပြည်တွင်းတွင် အသုံးပြုကြပြီး မြန်မာအစိုးရမှ အသုံးပြုခွင့် ပေးထားသည်။ အင်္ဂလိပ်ကရင်နီစာသည် ခရစ်ယာန် ကက်သလစ် အသိုင်းအဝိုင်းတွင် အသုံးပြုကြပြီး ပြည်တွင်းတွင်လည်း မြန်မာအစိုးရမှ သုံးခွင့် ပေးထားသည်။ ထဲဘူးဖဲ ကရင်နီစာသည် ကရင်နီတော် လှန်ရေး အသိုင်းအဝိုင်းရှိ စာသင်ကျောင်းများတွင် ဘာသာရပ်တခုအဖြစ် အသုံးပြုသင်ကြားပြီး ပြည်တွင်းတွင်မူ မြန်မာအစိုးရက အသုံးပြုခွင့် မပေးဘဲ ပိတ်ပင်ထားသည်။
ကရင်နီစာ ၃ မျိုး ရှိသည့်အနက် ထဲဘူးဖဲ ကရင်နီစာသည် ကရင်နီပြည်တွင်းရှိ မျိုးနွယ်စုများ၏ ဘာသာ စကားများကို အသံထွက်နိုင်ဆုံး ဖြစ်သည်ဟုနယူးဇီလန်နိုင်ငံတွင် နေထိုင်သော ၀ါရင့် ကရင်နီစာ ဆရာဟောင်း ကူးရယ်က ပြောသည်။

“ဒီဆရာကြီး ထဲဘူးဖဲ ထွင်ထားတဲ့ ကရင်နီဗျည်းအက္ခရာ စာပေကို ကရင်နီလူမျိုးတွေ ဒီစာပေကို စိတ်မဝင်စားသည်ဖြစ်စေ၊ စိတ်အားထက်သန်နေတဲ့ သူတွေဖြစ်စေ ဒီစာပေကို ဆုပ်ကိုင်ထားလို့ ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီစာကို ကရင်နီပြည် တပြည်လုံး မသုံးနိုင်သေးဘူး၊ အသုံးပြုခွင့် မပေးသေးဘူး ဆိုပေမယ့် ဒီစာပေက သမိုင်းနဲ့ သက်ဆိုင်တယ်လေ။ သမိုင်းအရ ဆိုထားတာက ကရင်နီပြည်သည် သီးခြားလွတ်လပ်သော ပြည်တပြည် ဖြစ်သည်လို့ ဆိုထားပါတယ်။ အဲတော့ သီးခြားသော စာပေ ဗျည်းအက္ခရာလည်း ရှိရမယ်။ လူမျိုးရဲ့ ဘာသာစကားအတွက်လည်း အသံထွက် မှန်ကန်ရပါမယ်၊ အသံထွက် မဝဲရဘူး။ အကယ်၍ ဗမာဗျည်း အက္ခရာနဲ ့ အသုံးပြုမယ်ဆိုရင် ကယောအတွက် အခက်အခဲ တွေ့မယ်။ ကယန်း(ပဒေါင်) ဘာသာစကားလည်း အသံ ခက်ခဲမယ်။ အသံထွက်တွေ ၀ဲကုန်မယ်၊ မပီပြင်တော့ဘူး။ သူတို့ကို ဒီစကားပဲပြော၊ ဒီဘာသာပဲပြော ဖိအားပေးပြောခိုင်းလို့ မရဘူး။ အဓိက ဒီမျိုးနွယ်စုတွေအတွက်က ဆရာကြီး ထဲဘူးဖဲ ထွင်ထားတဲ့ စာနဲ့ ပိုပြီး ကိုက်ညီပါတယ်။ လူမျိုးစု တစုချင်းစီရဲ့ ကိုယ်ပိုင် စစ်မှန်တဲ့ အသံကို အသံထွက်နိုင်ဖို့ပါပဲ။ အဲဒါက စာပေနဲ့ ပတ်သက်တာပေါ့။ ဆရာကြီး ထဲဘူးဖဲ ရှင်းပြချက်အရဆို အရေးကြီးဆုံးက မျိုးနွယ်စုရဲ့ ဘာသာစကားသံ မပပျောက်ဖို့။ ကျနော်တို့ လူမျိုးစုတွေ ကိုယ်ပိုင် အသံထွက် အစစ်အမှန် ထွက်နိုင်ဖို့ပါပဲ” ဟု ၎င်းက ပြောသည်။
ထဲဘူးဖဲ ကရင်နီစာသည် ဗျည်းအက္ခရာ ၂၄ လုံးနှင့် သံရ ၁၃ လုံး ရှိသည်။ ထဲဘူးဖဲသည် သူ့ကရင်နီစာကို လွန်ခဲ့သော ၁၉၅၈ ခုနှစ်တွင် စတင်တီထွင်ခဲ့ပြီး ၁၉၆၀ ခုနှစ်ဝန်းကျင်တွင် ပြီးဆုံးခဲ့သည်ဟု ကရင်နီအမျိုးသားစာပေ ၀န်ကြီးလည်းဖြစ်၊ ထဲဘူးဖဲ၏ ငယ်သူငယ်ချင်းလည်း ဖြစ်သည့် ဆရာကြီး တူရယ် ပြောပြချက်အရ သိရသည်။



