နယ်ခြားစောင့်တပ် လက်မခံ၍ ပေးထားသော ပစ္စည်းများ ပြန်လည်သိမ်းဆည်း

နယ်ခြားစောင့်တပ် လက်မခံ၍ ပေးထားသော ပစ္စည်းများ ပြန်လည်သိမ်းဆည်း
by -
ကန္တာရဝတီတိုင်း(မ်)

အပစ်ရပ် ကယန်းပြည်သစ်ပါတီ (ကေအဲန်အယ်လ်ပီ) မှ နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ် အသွင်ပြောင်း ရေးကို လက်မခံ၍ အပစ်ခတ်ရပ်စဲရေး ယူချိန်တွင် ပေးထားသော စက်ပစ္စည်များကို မြန်မာအစိုးရမှပြန် လည်သိမ်းဆည်းလိုက်သည်။

knlpparty“သူတို့ကလည်း ဟိုဟာလုပ်ခိုင်းဒီဟာလုပ်ခိုင်းနဲ့ ကျနော်တို့ပြည်သူလူထုက လက်ခံမှုမရှိတဲ့အတွက် မလုပ်ပေးတော့ အဲလိုမျိုးမသိမသာလေးပေါ့ သူတို့က အရမ်းပြင်းပြင်းထန်ထန်လေးတော့ပေးရဲတဲ့ပုံစံ မျိုးမဟုတ်ဘဲနဲ့ မသိမသာလေး သူတို့အဲလိုမျိုးပေါ့ အဲ့ဒီစက်ယန္တရားတွေ စက်တွေပြန်တောင်းလိုက် တယ်ဆိုတဲ့ သဘောလို့မြင်တယ်လေ” ဟု ကယန်းပြည်သစ်ပါတီနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

အစိုးရမှ နယ်ခြားစောင့်တပ်အဖြစ် ဖိအားပေး အသွင်ပြောင်းသည့်အပေါ်တွင် ကယန်းပြည်သစ်ပါတီမှ မလိုက်နာ၊ မဆောင်ရွက်၍ မသိမသာဖြင့် ကယန်းပြည်သစ် ထိန်းချုပ်သည့် နယ်မြေများသို့ တပ်များလာ ရောက် တိုးချဲ့မှုများရှိပါသည်။

ယခင်လကလည်း ပြည်ပမှ ကယန်းလူငယ်များက နေပြည်တော်တွင် ဗုံးခွဲရန် လူ ၅ ယောက်မှ ကယန်း ပြည်သစ် နယ်မြေတွင် လှုပ်ရှားနေသည်ဟု ဆိုပြီး စစ်အင်အား အလုံးအရင်းနှင့် တပ်ရင်း လေးရင်းက ထိုးစစ်ဆင်လာသည်ဟု ကယန်းလူငယ်အဖွဲ့မှ အဖွဲ့ဝင်ဟောင်းဖြစ်ခဲ့ဖူးသူ ကိုစနေက ပြောပါသည်။

၎င်းက “တပ်က သူတို့ပြန်ရုပ်လိုက်ပြီလို့ ပြောရမှာပေါ့နော်။ ဒါပေမယ့် တပ်ပြန်ရုပ်တယ်ဆိုပေမယ့် အကုန်လုံုးတော့ မရုပ်ဘူး။ ၁၀ ယောက်လောက် သူတို့ထားခဲ့ပြီးမှ လက်နက်ခဲယမ်းတွေလည်း ထားခဲ့တာ မျိုးလည်း လုပ်တာပေါ့” ဟုပြောသည်။

အပစ်ခတ်ရပ်စဲရေး ယူသည့်အချိန်တွင် အဖွဲ့တိုင်းအား မော်တော်ယာဉ်လိုင်းပေါင်းစုံ (မတလ) အဖွဲ့မှ ပဒူဇာစက်ကြီးများ ထုတ်ပေးခဲ့ခြင်းဖြစ်သည်။

ကယန်းပြည်သစ်ပါတီမှ ပြင်ဆင်၊ အသုံးပြုနေသည့် စက်များကို ပြည်နယ်အစိုးရမှ ပြန်လည်တောင်းခံခြင်း မဟုတ်ပဲ စစ်တပ်မှ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ)နှင့် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) အကြီးအကဲများက တောင်းခံခြင်းသာ ဖြစ်သည်ဟု ဖယ်ခုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမားရ်ကိုဘန်က ပြောသည်။

၎င်းက “ပြီးခဲ့တဲ့ ပြည်သူ့လွှတ်တော် ညီလာခံပြီးပြီးတော့ အစိုးရအသစ် ဖွဲ့စည်းပြီးတဲ့နောက်ပိုင်းမှာဒါအစိုးရ သစ်နဲ့ သက်ဆိုင်တယ်။ အရင်ပေးတာ အစိုးရဟောင်းဖြစ်တယ်။ အစိုးရသစ်နဲ့ သက်ဆိုင်တဲ့ အတွက်ကြောင့် ပြန်သိမ်းမယ်။ ပြန်သိမ်းပြီးတော့ နောက်မှ အခြေအနေကြည့်ပြီးတော့ ဘယ်လိုလုပ်မလဲဆိုတာက ပြန်ပေး ရင်လည်းပေးမှာပေါ့။ ဒါအစိုးရသစ် သဘောထားပဲဖြစ်တယ်ဆိုပြီးတော့ ပြန်သိမ်းတယ်လို့ ကြားရတာပဲ” ဟုပြောသည်။

အဖွဲ့ဝင်အင်အား ၁၄၉၆ ဦးခန့် ရှိသော ကယန်းပြည်သစ် (ကေအဲန်အယ်လ်ပီ)သည် စစ်အစိုးရနှင့် ၁၉၉၄ ခုနှစ် ဇူလိုင်လတွင် အပစ်ခတ်ရပ်စဲရေး ပြုလုပ်ခဲ့ပြီး ရှမ်းပြည်နယ်နှင့် ကရင်နီပြည် နယ်စပ်တို့တွင် အဓိက အခြေစိုက်လှုပ်ရှားလျက်ရှိသည်။

Most read this week