ကရင်နီပြည် ဖာဆောင်းမြို့နယ် မော်ချီးခဲတွင်းမှ ထွက်ရှိသော ခဲများသည် မြန်မာစစ်အစိုးရတပ်ထံ သွင်းအား နည်းပါးမှုကြောင့် မြန်မာစစ်အစိုးရမှ ထိုခဲတူးဖော်ခြင်း လုပ်ငန်းများကို ပိတ်ချဖွယ်ရှိ ...
ကရင်နီပြည် ဖာဆောင်းမြို့နယ် မော်ချီးခဲတွင်းမှ ထွက်ရှိသော ခဲများသည် မြန်မာစစ်အစိုးရတပ်ထံ သွင်းအား နည်းပါးမှုကြောင့် မြန်မာစစ်အစိုးရမှ ထိုခဲတူးဖော်ခြင်း လုပ်ငန်းများကို ပိတ်ချဖွယ်ရှိနိုင်သည်ဟု စုံစမ်းသိရှိရသည်။
ခဲတူးဖော်သူများသည် ခဲများအား ၀ယ်ယူသော မော်ချီးဒေသမှ စစ်အစိုးရတပ်ထံသို့ အများအားဖြင့် မရောင်းကြဘဲ အခြားမှောင်ခိုစျေးသို့ ရောင်းထွက်ကြသည့်အတွက် ခဲသွင်းအား နည်းပါး၍ မော်ချီးခဲတူးဖော်ရေး လုပ်ငန်းများကို ပိတ်ချရန် ပြီးခဲ့သည့် နှစ်မကုန်ခင်တွင် အထက်စစ်အစိုးရထံမှ ကြားသိရခြင်းဖြစ်ကြောင်း ဖာဆောင်းမြို့နယ်၌ လှုပ်ရှားနေသော ကရင်နီတပ်မတော် တပ်ရင်း ၁မှ ပြောခွင့်ရ စောခဲရိုက ပြောသည်။
“အစိုးရစျေးနဲ့ မှောင်ခိုးစျေးက အများကြီး ကွာတယ်။ အဲတော့ လူတွေက မှောင်ခိုစျေးပဲ လိုက်ပြီးတော့ ဒီအစိုးရက သိသွားတယ်။ သူတို့ သိသွားတော့ ပိတ်ရင် ပိတ်နိုင်တယ်” ဟု ၎င်းက ပြောသည်။
ခဲများသည် မော်ချီးဒေသတွင် စစ်အစိုးရ၏ တရားဝင် ပေါက်စျေးအရ တပိဿလျှင် ကျပ်ငွေ ၆၀၀၀မှ ရ၀၀၀ အထိ စျေးရှိပြီး အခြားမှောင်ခိုစျေးတွင် တပိဿလျှင် ကျပ်ငွေ ၈၀၀၀မှ ၁၀၀၀၀ အထိ စျေးရှိသည်။
မော်ချီးဒေသခံများသည် ခဲတူးဖော်ရောင်းချခြင်းမှာ အဓိက ၀င်ငွေ ရရှိမှုတခု ဖြစ်၍ စစ်အစိုးရမှ ခဲတွင်း လုပ်ငန်းများကို ပိတ်ချလိုက်လျှင် ၎င်းတို့အတွက် ထိခို်က်နစ်နာမှု ရှိကြောင်း မော်ချီးဒေသခံတဦးက ပြောသည်။
သူက “အခက်အခဲ ရှိတယ်ဆိုတာက တချို့ပေါ့နော် ၀င်ငွေက သိပ်မကောင်းဘူး။ တချို့က ၀င်ငွေ လုံးဝ မရှိဘူး” ဟု ပြောသည်။
မော်ချီးဒေသရှိ စစ်အစိုးရတပ်သည် ခဲတွင်း လုပ်ငန်းများအပေါ်မှ ရရှိသော အခွန်များဖြစ်စေ၊ ခဲရောင်းခြင်းဖြင့် ရရှိသော အကျိုးအမြတ်များဖြစ်စေ ၎င်းတို့ အထက်အခွန်ကောက်ဌာနသို့ မပေးပို့သည့်အတွက် လာဘ်စားမှုများကြောင့် စစ်အစိုးရမှ မော်ချီးခဲလုပ်ငန်းများကို ပိတ်ချလိုရခြင်းလည်း ဖြစ်နိုင်ကြောင်း စောခဲရိုက ပြောသည်။
ခဲတူးဖော်သူများသည် ခဲများအား အများအားဖြင့် မှောင်ခိုစျေးနှင့် ဖာဆောင်းမြို့နယ်၌ လှုပ်ရှားနေသော အပစ်ရပ် ကရင်နီသွေးစည်းညီညွတ်ရေး (ကေအဲန်အက်စ်အို)ထံ ရောင်းကြကြောင်း၊ ထိုအဖွဲ့မှတဆင့် ခဲများကို ၁၀ ဘီးကားဖြင့် လွိုင်ကော်သို့ တင်ပြန်ပြီး ခဲဝယ်ယူသူ တရုတ်တို့နှင့် ပြန်လည်ရောင်းချကြောင်း၊ ထိုအဖွဲ့သည် ခဲများကို သယ်ပြန်ရာတွင် ခဲများကို အအောက်မှာ ထားရှိပြီး ခဲအပေါ်တွင် ပျင်ပြားများကို ခင်းထားကာ အိမ်များ၊ အဆောက်အအုံများ ပြန်လည်ပြုပြင်ရန် စစ်အစိုးရတပ်များကို အကြောင်းပြချက် ပြထားကြောင်း ၎င်းက ဆက်ပြောသည်။
မော်ချီးခဲတွင်းတွင် ခဲကျင်းပေါင်း ၁၅၀ ကျော် ရှိပြီး ဖာဆောင်းမြို့နယ်မှ ဒေသခံပြည်သူများလည်းကောင်း၊ အရပ်ဝေးမှ ပြည်သူများလည်းကောင်း လာရောက်တူးဖော်ကြကြောင်း သိရသည်။



