တောင်ကြီး သျှမ်းနှစ်သစ်ကူးပွဲတော်တွင် မဟာကံစမ်းမဲ Toyota Vigo ၆ စီး ဖေါက်မည်

တောင်ကြီး သျှမ်းနှစ်သစ်ကူးပွဲတော်တွင် မဟာကံစမ်းမဲ Toyota Vigo ၆ စီး ဖေါက်မည်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်နယ် မြို့တော် တောင်ကြီး၌ နိုဝင်ဘာ ၁၈ ရက်နေ့မှ ၂၄ ရက်နေ့ထိ ရ ရက်တိုင်တိုင် ကျင်းပမည့် ၂၁၀၉ ခု သျှမ်းနှစ်သစ်ကြိုဆိုပွဲတော်တွင် Toyota Vigo အမျိုးအစား ကား ၆ စီး မဟာကံစမ်းမဲ ဖေါက်မည်ဟု သိရှိရသည်။

သျှမ်းပြည်နယ် မြို့တော် တောင်ကြီး  အဝေရာ မီးပုံးပျံကွင်းတွင် ကျင်းပမည့် သျှမ်းနှစ်သစ် ကူးပွဲတော် ဒုတိယ နေ့ နိုဝင်ဘာ ၁၉ ရက်နေ့  က စ၍ ပွဲတော်ပိတ်ပွဲကျင်းပမည့် နိုဝင်ဘာ ၂၄ ရက်နေ့အထိ လိုင်စင်ပါပြီးသား ကျပ်သိန်း ၃၅၀ တန် Toyota Vigo တခန်းခွဲကား တရက်တစ်စီး ကံစမ်းမဲဖေါက်မည်ဖြစ်သည်။

003- car price lucky draw

 နှစ်သစ်ကူးနေ့ နိုဝင်ဘာ ၂၁ ရက်နေ့တွင်မူ အထူးကံစမ်းမဲအနေဖြင့် ကျပ်သိန်း ၆၉၀ တန် Toyota Vigo နှစ်ခန်း တွဲကား  တစီးကို မဟာကံထူးရှင်အတွက် ချပေးမည်ဟု လက်မှတ်အရောင်းကိုယ်စားလှယ် စိုင်းခမ်းတိုင်း ကပြောသည်။

“ဗီဂို တခန်းခွဲကား ကံထူးရှင်အတွက်က လက်မှတ်တစ်ဆောင် ကျပ် ၅၀၀၀ ထောင်ရောင်း တယ်။ အထူး အထူးကံထူးရှင် ၂၁ ရက်နေ့မှာ ဖေါက်မယ့်ကံစမ်းမဲလက်မှတ်က ကျပ် ၁၀၀၀၀ ရောင်းတယ်။ လက်မှတ်တော့ အများကြီးပဲထင်တယ်” ဟု သျှမ်းသံတော်ဆင့် သို့ပြောသည်။

တောင်ကြီးမြို့ သျှမ်းနှစ်သစ်ကူးပွဲတော်တွင် သျှမ်းစာပေ၊ သမိုင်း၊ ယဉ်ကျေးမှု ဆိုင်ရာ သျှမ်း၊ ဗမာ၊  အင်္ဂလိပ်ဘာသာဖြင့် စာတမ်းဖတ်ပွဲအားလည်း တောင်ကြီး သက္ကသိုလ် ခန်းမ တွင် နိုဝင်ဘာ ၁၈ - ၂၀ ရက်နေ့အထိ သုံးရက် ပူးတွဲကျင်းပမည်ဖြစ်သည်။

 ၂၁၀၉ ခု ဆိတ်နှစ် သျှမ်းနှစ်သစ်ကြိုဆိုပွဲအား တောင်ကြီးမြို့၌ အထူးနှစ်သစ်ကူးပွဲတော် အဖြစ် ပြည် တွင်းပြည်ပ သျှမ်းတမျိုးသားလုံး ဒုတိယအကြိမ် စုပေါင်းကျင်းပသည့် ပွဲတော် ဖြစ်သည်။ ပထမ အကြိမ် အထူးနှစ်သစ်ကူးပွဲတော်မှာမူ သျှမ်းပြည်အရှေ့ပိုင်းမြို့တော် အဖြစ် လူသိများသည့် ကျိုင်းတုံမြို့တွင်  လွန်ခဲ့သည့် ၂ နှစ် ၂၀၁၂ ခုနှစ်က ကျင်းပခဲ့သည်။ လာမည့် တတိယ အကြိမ်မှာမူ သျှမ်းပြည်မြောက်ပိုင်း လားရှိုး မြို့၌ ကျင်းပသွားမည်ဟု သတင်းများထွက်နေသည်။

Most read this week