ဒုံးလက်နက်ဝယ်ယူရန် ကကဝယ်အား ရုရှားသို့ စေလွှတ်

ဒုံးလက်နက်ဝယ်ယူရန် ကကဝယ်အား ရုရှားသို့ စေလွှတ်
by -
သျှမ်းသံတော်ဆင့်

ရုရှားနိုင်ငံမှ ဒုံးလက်နက်ဝယ်ယူရန်အတွက် ကကဝယ် မှ ဗိုလ်ချုပ်ဇာနည်ဝင်း အား မြန်မာ့ကာကွယ်ရေးက စေလွှတ်ထားကြောင်း သံတမန် အသိုင်းအဝိုင်းက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

၂၀၀၈ ခုနှဏ်အစောပိုင်းက ရန်ကုန်လေဆိပ်၌တွေ့ရသော MiG-29 2711 ဒုံးလေယာဉ်
“ဗိုလ်ချုပ်ဇာနည်ဝင်းက ကကဝယ် ကလေ။ ကာကွယ်ရေး လက်နက်ဝယ်ယူရေးဌာနက အကြီးအကဲပေါ့။ ဩဂတ်စ် ၂၂ ရက်တုန်းက စေလွှတ်တယ်” - ဟု အဆိုပါ သံတမန်တဦးက ပြောပါသည်။

အဆိုပါ ဝယ်ယူမည့် ဒုံးလက်နက်များအား မည်သည့်အမျိုးအစားဝယ်ယူမည်ကို မသိသော်ငြားလည်း (၄) လ တကြိမ် ရုရှားမှ သယ်ယူရန် လေယာဉ်စေလွှတ်မည်ဖြစ်ကြောင်းလည်း ပြောပါသည်။

“အဲဒီလက်နက်တွေ ဘယ်နိုင်ငံခြားတိုင်းပြည်နဲ့ စစ်ဖြစ်မှာလဲ။ တိုင်းရင်းသားတွေကိုဘဲ ပစ်မှာပေါ့။ အရင်တုန်း က ဗမာပြည် ကွန်မြူနစ်ပါတီကိုဘဲတိုက်ရတာ။ မော်စီတုန်းမရှိတဲ့နောက်ပိုင်း နိုင်ငံခြားထောက်ပံ့တဲ့ လက်နက် ကိုင်တပ်ဖွဲ့တွေနဲ့ တိုက်ဖို့လဲမရှိ တော့ဘူးဘဲ” - ဟု   ပြောပါသည်။

မြန်မာအစိုးရသည် ရုရှားနိုင်ငံမှ MIG ဒုံးယာဉ် ၁၄ စီးကို ဝယ်ယူခဲ့ပြီးဖြစ်သည်။

သမ္မတကြီး ဦးသိန်းစိန်ကလည်း ယခုနှစ်ဧပြီလ ကရင်အမျိုးသား အစည်းအရုံး KNU နှင့်တွေ့ဆုံဆွေးနွေးစဉ် -“ ကျနော်တို့အချင်းချင်းတွေ တိုက်ခိုက်သတ်ဖြတ်နေကြတယ်။ ကရင်စစ်သား တစ်ယောက်သေတာ ကိုယ့်နိုင်ငံသားတစ်ယောက်ဆုံးရှုံးတာဘဲ၊ ဗမာစစ်သား တစ်ယောက်သေတာ ကိုယ်နိုင်ငံသားတစ်ယောက် ဆုံးရှုံး ရသ လိုဘဲ၊ အလားတူဘဲ သျှမ်းလည်းဒီအတိုင်းဘဲ၊ ကချင်လည်း ဒီအတိုင်းဘဲ၊မွန်လည်း ဒီအတိုင်းဘဲ။ ပြောကြစတမ်းဆိုရင်တော့ ဒီဆုံးရှုံးတာတွေက အမှန်တော့ နိုင်ငံအတွက်ဆုံးရှုံးတာဘဲ။ ဒီဆုံးရှုံးမှုတွေကို ပြန်ပြီးတော့ ကျနော်တို့ နောင်တရဖို့ ကောင်းပြီ” ဟုပြောကြားခဲ့သည်။

သို့သော် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတသည်  စစ်တပ်အပေါ် ညွှန်ကြားခွင့်မရှိ ၊ အရေးအကြောင်းရှိပါက စစ်တပ်နှင့် ကာလုံဟုအများက သိကြသော အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၌သာတင်ပြညှိနှိုင်းပိုင်ခွင့်ရှိသည်ဟု ဥပဒေကျွမ်းကျင်သူများကဆိုပါသည်။

မြန်မာ့တပ်မတော်တွင် ဒုံးတပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံး (ကကဒုံး)လက်အောက်ခံ ဒုံးတပ်ရင်း ၁၀ ရင်း ရှိရာ သျှမ်းပြည်မြောက်ပိုင်း နောင်ချို့မြို့တွင် တရင်းနှင့် သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံတွင် တပ်ရင်းတရင်းရှိ သည်ဟု NDD မှတ်တမ်းတင်ဌာနမှ ထုတ်ဝေသော စာအုပ်တွင်ဖော်ပြထားသည်။

Most read this week