AASYC မှ လစဉ် သတင်း မှတ်တမ်းလွှာ စတင် ထုတ်ဝေ

AASYC မှ လစဉ် သတင်း မှတ်တမ်းလွှာ စတင် ထုတ်ဝေ
AASYC ဟု လူသိများသော ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်းအရုံးမှ အရေးကြီးသည့် သတင်းများကို စုဆောင်း ဖေါ်ပြထားသည့် လစဉ် မှတ်တမ်း သတင်းလွှာ တစောင်ကို ၂၀၀၉ ခုနှစ် ဇွန်လမှ စတင်ပြီး ထုတ်ဝေလိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိ ...

 
AASYC ဟု လူသိများသော ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်းအရုံးမှ အရေးကြီးသည့် သတင်းများကို စုဆောင်း ဖေါ်ပြထားသည့် လစဉ် မှတ်တမ်း သတင်းလွှာ တစောင်ကို ၂၀၀၉ ခုနှစ် ဇွန်လမှ စတင်ပြီး ထုတ်ဝေလိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
 
အဆိုပါ သတင်းမှတ်တမ်းလွှာကို ရခိုင်ပြည်နယ် အတွင်း လစဉ်ဖြစ်ပျက်ခဲ့သော အရေးကြီးသော အကြောင်းအရာများကို ပြုစု ထားသည့် သတင်းမှတ်တမ်းလွှာနှင့် မြန်မာနိုင်ငံအတွင်း လစဉ် ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို မှတ်တမ်းတင် ပြုစုထားသည့် သတင်းလွှာ ဟူ၍ နှစ်ပိုင်းခွဲပြီး ထုတ်ဝေထားခြင်း ဖြစ်သည်။
 
ရခိုင်ပြည်လုံးဆု်ိင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်အရုံးမှ အထွေထွေ အတွင်းရေးမှူး ကိုအောင်မင်းဦးက လစဉ်မှတ်တမ်းလွှာ စတင် ထုတ်ဝေရခြင်းနှင့် ပတ်သက်ပြီး ယခုကဲ့သို့ နိရဥ္စရာသို့ ပြောသည်။
 
“ခုလို သတင်းတွေကို မှတ်တမ်းတင် ပြုစုပြီး လစဉ် ထုတ်ဝေတာတွေဟာ ကျနော်တို့ ရခိုင် စာနယ်ဇင်းလောကတွေမှာ မရှိသေးဘူး။ ဒါကို ထောက်ကူပြုတဲ့ အနေနဲ့ ထုတ်ဝေတာ ဖြစ်ပါတယ်။ အဓိကတော့ ရခိုင်ပြည်နယ်ထဲမှာ တလ တလမှာ ဘာတွေ ဖြစ်ပျက်ခဲ့တယ် ဆိုတာကို အများပြည်သူတွေကို သိရှိစေလိုတယ်။ ဒါကြောင့် ခုလို သတင်းမှတ်တမ်းလွှာကို ထုတ်ဝေရတာ ဖြစ်ပါတယ်။”
 
ယခု ထုတ်ဝေသော သတင်းမှတ်တမ်းလွှာကို ရခိုင် သတင်းစဉ်နှင့် မြန်မာ သတင်းစဉ်ဟု နှစ်ပိုင်းခွဲခြာထား ထုတ်ဝေထားခြင်း ဖြစ်ပြီး ပြည်ပ သတင်းဌာနများမှ သတင်းများသာမက ပြည်တွင်းသတင်းဌာနများမှ ထုတ်ဝေထားသော သတင်းများကိုပါ ထည့်သွင်းပြီး ဖေါ်ပြထားသည်။
 
ကိုအောင်မင်းဦးက “အားလုံးသူ အတွက် အထောက်အကူ ဖြစ်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ ပြည်ပက ထုတ်ဝေ တာတွေရော ပြည်တွင်းက ထုတ်ဝေထားတာတွေကိုပါ ထည့်သွင်းပြီး ဖေါ်ပြထားတာ ဖြစ်ပါတယ်။ မြန်မာပြည်အတွင်း ဘာတွေ ဖြစ်ပျက်ခဲ့တယ်ဆိုတာကို လူတိုင်းလိုလို အတိုချုပ် ဖတ်လို့ရအောင် စီစဉ်ပေးထားတာ ဖြစ်ပါတယ်” ဟု ပြောသည်။ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပျက်ခဲ့သော သတင်း အများအပြားကို ပြည်ပ အခြေစိုက် နိရဥ္စရာ သတင်းမှ ကိုးကား အသုံးပြုထားသော်လည်း ပြည်တွင်း သတင်းဌာနများ ဖြစ်သည့် Biweekly Eleven, 7 Days news Journal နှင့် The Yangon Timeတို့မှ သတင်းများကိုလည်း ထည့်သွင်း အသုံးပြုထားသည်။
 
မြန်မာ သတင်းစဉ်တွင် ဘီဘီစီ၊ ဗွီအိုအေ၊ ဧရာဝတီ၊ မစ္စျိမ၊ ရိုးမ စသည့် သတင်းဌာနများမှ သတင်းများကို သတင်းမှတ်တမ်းလွှာတွင် ဖေါ်ပြထားသည်။
 
ကိုအောင်မင်းဦးမှ “လက်လှမ်းမှီသလောက် သတင်းတွေကို စုဆောင်းပြီီး ဖေါ်ပြထားတာ ဖြစ်ပါတယ်။ ပထမဆုံး အကြိမ်ဖြစ်တဲ့အတွက် အားနည်းချက်တွေ ရှိကောင်း ရှိနိုင်ပါတယ်။ နောက်လာမယ့် သတင်းလွှာတွေကို အထူးကြိုးစားပြီး အဆင့်မှီမှီနဲ့ ဖြစ်နိုင်အောင် ကြိုးစား ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
 
ယခုကဲ့သို့ သတင်းမှတ်တမ်းလွှာ လစဉ် ထုတ်ဝေမူ အပေါ် အများက ကြိုဆိုကြပြီး ပြည်တွင်း သတင်းဌာနများမှ ထုတ်ဝေသော သတင်းများပါ၀င်လာသဖြင့် ပြည်တွင်း သတင်းများကို ဖတ်ရှု့ရန် မလွယ်ကူသော စာဖတ် ပရိသတ်များကို ပိုမို အကြိုက်တွေ့စေနိင်သည်ဟု ဘင်္ဂလာဒေချ့်မှ ဦးထွန်းကျော်မှ ပြောသည်။
 
ယခု လစဉ် သတင်းမှတ်တမ်းလွှာ ထုတ်ဝေသော AASYC မှာ ထိုင်းမြန်မာ နယ်စပ်တွင် အခြေစိုက်သော နိုင်ငံရေး အသင်းအဖွဲ့ တခုဖြစ်ပြီး အဆိုပါ အဖွဲ့ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ၁၉၉၆ ခုနှစ်က ပြည်ပရောက် ရခိုင်ကျောင်းသားနှင့် လူငယ်များက ဖွဲ့စည်းခဲ့သည်။