ဒုက္ခသည် ၉၀၀ နေရပ်ပြန်

ဒုက္ခသည် ၉၀၀ နေရပ်ပြန်
by -
ကျော်ခ
ထိုင်း-မြန်မာနယ်စပ် ယာယီစခန်း နှစ်ခုမှ လက်ကျန် စစ်ပြေးဒုက္ခသည် ၉ဝဝ ဦးခန့်သည် မူရင်းနေရပ်များသို့ ယနေ့ ပြန်ကြမည်ဟု...

ထိုင်း-မြန်မာနယ်စပ် ယာယီစခန်း နှစ်ခုမှ လက်ကျန် စစ်ပြေးဒုက္ခသည် ၉ဝဝ ဦးခန့်သည် မူရင်းနေရပ်များသို့ ယနေ့ ပြန်ကြမည်ဟု သိရသည်။  

တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်းမြို့နယ်ရှိ အူသူးထ စခန်းမှ ရ၈၅ ဦးနှင့် နိုဘိုး စခန်းမှ ၁ဝ၈ ဦးတို့ ယမန်နေ့ ညနေပိုင်းမှစတင်၍ နေရပ်သို့ ပြန်ကြခြင်းသည် ဆန္ဒအလျောက် ဖြစ်သည်ဟု ကရင်ဒုက္ခသည်ကော်မတီ KRC ထံမှ သိရခြင်းဖြစ်သည်။

“(ထိုင်း) တပ်ကတော့ မြစ်ဆိပ်အထိ လိုက်ပို့တယ်။ ဟိုဘက်ရောက်ရင် ကိုယ့်နေရာ ကိုယ်သွား။ ဘယ်သူ မှ လာမကြိုဘူး။ တချို့က ဟိုမှာကျန်ခဲ့တဲ့ သူတို့လယ်ယာ တွေရှိတယ်။ သူတို့ဒီမှာ နေချင်လို့နေ နေကြ တာမဟုတ်ဘူး။ စစ်ပွဲတွေကြောင့် လာနေကြတာ” ဟု KRC အတွင်းရေးမှူး (၁) ဆရာဂျော့က ပြောသည်။

မြန်မာနိုင်ငံ ဘားအံခရိုင်၊ ပိုင်ကျုံနှင့် လှိုင်းဘွဲ့မြို့နယ်များမှ ကရင်လူမျိုးများ ဖြစ်ကြပြီး ကရင်အမျိုးသားအစည်းအရုံုး KNU နှင့် အစိုးရနှင့် ကရင်အဖွဲ့ကွဲတခုဖြစ်သော တိုးတက်သော ကရင်ဗုဒ္ဓဘာသာတပ်မတော် DKBA ပူူးပေါင်းတပ်များအကြားဖြစ်သည့် တိုက်ပွဲများကြောင့် ရှောင်တိမ်းခဲ့ကြပြီး စခန်း နှစ်ခုပေါင်းတွင် လူ ၂၄ဝဝ ကျော်အထိရှိခဲ့သည်။

နေရပ်ပြန်သွားလျှင် မြေမြုပ်မိုင်းအန္တရာယ်ရှိသည်ဆိုခြင်းကို DKBA ၉၉၉  တပ်ရင်းမှ အမည်မဖော်လိုသည့် တပ်မှူးတဦးက ဝန်ခံပြောကြားသည်။

“သူတို့ပြန်လာတာသိတယ်။ မိုင်းက မြင်ရတာမှ မဟုတ်တာ။ သူတို့အသက်က သူတို့လက်ထဲမှာပဲ ရှိတယ်။ ကရင်အမျိုးသားချင်းဖြစ်ပေမယ့် အခြေအနေအရ ကျနော် တို့လည်း ဘာမှလုပ်မပေးနိုင်ဘူးလေ” ဟု သူက ပြောသည်။

Thai Burma Border Consortium-TBBC က ဒုက္ခသည်များအား နေရပ်တွင် အလုပ်အကိုင် အခြေတကျ မရှိသေးချိန်အတွက် ၃ လစာ ရိက္ခာကို တလ တကြိမ်နှုန်းဖြင့် ထုတ်ပေးသွားမည်ဟု သိရသည်။ သို့သော် လစဉ် ထိုင်းဘက်ကမ်းတွင် ရိက္ခာလာထုတ်ရမည်ဖြစ်သည်။

ပိုင်ကျုံမြို့နယ် ပနွဲ့ပူရွာသို့ ယနေ့ပြန်မည့် ဒုက္ခသည်တဦးက “ ဟိုမှာက တစ်ကပြန်စ ရဦးမှာလေ။ ဒီမှာ ကျဉ်းကျပ်တယ် မနေနိုင်ဘူး” ဟု မဇ္စျိမကို ပြောသည်။

အခြားဒုက္ခသည်တဦးကလည်း “ဒုက္ခရောက်လို့ လာနေတာ။ အေးအေးဆေးဆေးဆိုရင် ကိုယ့်နိုင်ငံထဲ မှာပဲ နေချင်တာပေါ့။ နောက်တခါ တိုက်ပွဲတွေ ဖြစ်ရင်လည်း ထွက်ပြေးနေရဦးမှာပဲ။ ကျနော်တို့မိသားစုဆို ထွက်ပြေးလာတာ ၃ ခါရှိနေပြီ” ဟု ဆိုသည်။  

KNU ဒုဥက္ကဌ ဒေးဗစ်သာကပေါက “ထိုင်းကလည်း ပြန်စေချင်တယ်။ သူတို့ကလည်း တိုက်ပွဲတွေကြောင့် ပြေးထွက်ခဲ့ကြရတာဆိုတော့ လယ်ယာကိုင်းကျွန်းတွေကို အခုအနေအထားမှာ ပြန်လုပ်ချင်မှာပေါ့။ KNU အနေနဲ့တော့ ဘာမှ အကူအညီ မပေးနိုင်ဘူး” ဟု ပြောသည်။

Most read this week