သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ အသားနှင့် ကုန်စိမ်းများ သယ်ယူခွင့်ကို စစ်အုပ်စုတပ်က စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်ကာ တင်းကျပ်လာသဖြင့် မယ်ဆိုင်-တာချီလိတ် ကုန်ပစ္စည်း ပို့ဆောင်မှု ရပ်ဆိုင်းထားရသည်။
လက်ရှိတွင် အသားနှင့် ကုန်စိမ်းများသာမက မုန့်နှင့် ထိုင်းနိုင်ငံထုတ် ကုန်ပစ္စည်းများကိုပါ ကား၊ သုံးဘီးနှင့် ဆိုင်ကယ်များဖြင့် တင်ဆောင်သယ်ယူခွင့် မပြုတော့ဘဲ တပိုင်တနိုင် လမ်းလျှောက်သယ်ယူခွင့်သာ ပြုတော့ ကြောင်း ဆိုသည်။
တာချီလိတ်မြို့ ကုန်သည်အမျိုးသမီးတစ်ဦးက “မုန့်တွေလည်း ဘာနဲ့မှ သယ်ခွင့်မပေးဘူး။ လူတpfယောက် တပိုင်တနိုင်စာဖို့ပဲ လမ်းလျှောက် သယ်ရမယ်။ လမ်းလျှောက်သယ်ပေးတဲ့လူရှာပြီး သယ်ခိုင်းရမလို ဖြစ်နေ တယ်။ ရေရှည်ဖြစ် သွားရင်တော့ အခြေအနေ မကောင်းလောက်ဘူး၊ မတွေးရဲစရာ အခက်အခဲတွေ ဖြစ်လာ နိုင်တယ်” ဟု ပြောသည်။
စက်တင်ဘာလ ၁၄ ရက်နေ့မှ စတင်၍ အမှတ် (၁) ချစ်ကြည်ရေးတံတားတွင် ထိုင်းနိုင်ငံမှ ဝင်ရောက်လာသည့် ကုန်ပစ္စည်းများကို စစ်အုပ်စုတပ်က စစ်ဆေးဖမ်းဆီးကာ သိမ်းဆည်းမြေမြှုပ်မှုများ ပြုလုပ်နေသဖြင့် အခြား ကုန်စည် တင်ဆောင်လာသူများပါ ဖမ်းဆီးခံရမည်ကို စိုးရိမ်၍ ကုန်ပို့ဆောင်မှု ရပ်တန့်ထားကြခြင်း ဖြစ်သည်။
အဆိုပါ ကုန်စည်ပို့ဆောင်မှုမှာ ၃ ရက်ခန့် ရပ်တန့်နေပြီဖြစ်ပြီး ကုန်သည်များအနေဖြင့် အခြေအနေကို စောင့် ကြည့်နေကြရသည်ဟု ကုန်သည်များက ပြောသည်။
အဆိုပါ ကုန်သည်အမျိုးသမီးက “ဒီလို ကုန်စိမ်းနဲ့ အသားတွေ ပိတ်လိုက်တဲ့နောက် တခြားကုန်စည်တွေ သယ် ပြီးဝင်လာဖို့လည်း မဝင်ရဲကြဘူး။ ဝင်လာလို့ အဖမ်းခံရရင် ပိုက်ဆံနဲ့ ပြန်ရွေးရမှာလည်း မနည်းဘူး။ မယ်ဆိုင် ဘက်က ကုန်စည်တွေ မဝင်လာတာ သုံးရက်ရှိပါပြီ” ဟု ဆက်ပြောသည်။
လက်ရှိ လုပ်ဆောင်နေသည့် တင်းကျပ်မှုသည် မြန်မာနိုင်ငံနှင့် သျှမ်းပြည်အတွင်းသို့ ပြည်ပထုတ်ကုန်များ ဝင်ရောက်မှုကို ထိန်းချုပ်ရန် စစ်အုပ်စုတပ်က ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်း ကုန်သည်များက သုံးသပ်ကြသည်။
ထိုင်းဘက်မှ ကုန်စည်များ ဝင်ရောက်မှု ယခုကဲ့သို့ ဆက်လက်ပိတ်ပင်ထားပါက တာချီလိတ်မြို့နယ်အတွင်း ကုန် ဈေးနှုန်းများ ထပ်မံမြင့်တက်လာနိုင်ပြီး အခြေခံပြည်သူများ၏ စာဝတ်နေရေးနှင့် သွားလာရောင်းဝယ်ရေးတို့တွင် အခက်အခဲများစွာ ကြုံတွေ့လာနိုင်ကြောင်း မြို့ခံများနှင့် ကုန်သည်များက ဆိုသည်။
ဓါတ်ပုံ - (ထိုင်းနိုင်ငံမှ တာချီလိတ်သို့ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို စစ်တပ်က ဖမ်းဆီးသိမ်းဆည်း၍ မြေမြှုပ်ဖျက်ဆီးနေစဉ်။ / Crd)







