ရန်ကုန်မြို့တွင် စစ်အုပ်စုတပ်၏ မတရား ဖမ်းဆီးပေါ်တာဆွဲမှုများ များပြားနေချိန်၌ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးက ရခိုင်ရိုးရာ ကျင်ပွဲ ကျင်းပရန် စီစဉ်နေမှုအပေါ် ရန်ကုန်ရောက် ရခိုင်လူမျိုး များအကြား ဝေဖန်မှုများ မြင့်တက်နေသည်။
အဆိုပါ ရခိုင်ရိုးရာ ကျင်ပွဲကို စက်တင်ဘာ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် တောင်ဥက္ကလာပမြို့နယ်၊ ပဒေသာ အားကစားရုံ၌ နံနက် ၁၁ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပသွားမည်ဖြစ်သည်။
ရန်ကုန်ရောက် ရခိုင်အမျိုးသားတစ်ဦးက “ဒီလောက်ပေါ်တာဆွဲ၊ လူဖမ်းနေတဲ့အချိန်မှာ ဘယ်လိုစိတ်ကူးမျိုးနဲ့ ဒီရိုးရာကျင်ပွဲကို ကျင်းပဖို့ စီစဉ်နေသလဲမသိဘူး။ တိုင်းရေးပြည်ရာ မငြိမ်မသက်ဖြစ်ပြီး ဒီမှာ လူတိုင်း စိုးရိမ် စိတ်နဲ့ နေထိုင်နေကြတဲ့အချိန်မှာ ဒီလိုပွဲမျိုးလုပ်တာက လုံး၀ မလုပ်သင့်တဲ့ကိစ္စပါ” ဟု ပြောသည်။
ရန်ကုန်တွင် ယခုရက်ပိုင်းအတွင်း စစ်အုပ်စုတပ်၏ ပေါ်တာဆွဲ ဖမ်းဆီးမှုများပြားနေပြီး ရန်ကုန်မြေပြင်သတင်း များကို ဖော်ပြနေသည့် Rangoon Scout Network (RSN) ၏ ဖော်ပြချက်အရ စက်တင်ဘာ ၁ ရက်မှ ၁၃ ရက်အတွင်း မတရား ဖမ်းဆီးခံရသူ ၉၂ ဦးအထိ ရှိနေသဖြင့် မြို့ခံများ စိုးရိမ်နေကြသည်။
အထူးသဖြင့် ရန်ကုန်မြို့၌ ရခိုင်လူငယ်များကို ပစ်မှတ်ထား ဖမ်းဆီးနေမှုများ ရှိနေသည့်အတွက် ပိုမို စိုးရိမ်စရာ ကောင်းနေကြောင်း လှိုင်သာယာမြို့နယ်တွင် နေထိုင်သည့် ရခိုင်အမျိုးသားတစ်ဦးကလည်း နိရဉ္စရာသို့ စာဖြင့် ဆက်သွယ်ပြောဆိုသည်။
ယခုကဲ့သို့ ရခိုင်ပြည်အတွင်း တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေပြီး ပြည်သူများ လေကြောင်းမှ ဗုံးကြဲခံနေရ ချိန်တွင် ပျော်ပွဲရွှင်ပွဲ ပြုလုပ်ခြင်းမှာ လုံးဝ မသင့်တော်ကြောင်းလည်း ၎င်းက ဆက်လက် ပြောဆိုသည်။
“အစိုးရထဲက လူပဲဖြစ်ဖြစ်၊ အစိုးရမဟုတ်တဲ့ လူပဲဖြစ်ဖြစ်၊ ဘယ်သူပဲ ဖြစ်ဖြစ် ရခိုင်မှန်ရင် ကျောချင်းကပ်၊ သွေးချင်းနီးနေရမယ့် အချိန်မှာ စစ်အစိုးရ အကြိုက် ဒါမျိုးတွေ လုပ်နေတာကတော့ ရခိုင်ပြည်သူတွေကို အပြင်းအထန် စော်ကားနေသလို ဖြစ်နေပါတယ်။ ဒီအတွက် ရခိုင်မှန်ရင် ဒီပွဲကိုလုံး၀မသွားသင့်ဘူးလို့ တိုက်တွန်းချင်ပါတယ်။ အကျိုးထက် အပြစ်များမယ့် ပွဲမျိုးပါ” ဟု ၎င်းက ပြောသည်။
အဆိုပါ ရခိုင်ရိုးရာ ကျင်ပွဲကို "၂၀၂၆ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား" ခေါင်းစဉ်ဖြင့် ကြံ့ခိုင်ရေးပါတီအမတ်၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးနေမင်းထွန်းက ကျင်းပရန် စီစဉ်ခြင်းဖြစ်သည်။
ထိုကျင်ပွဲတွင် ပထမ ရွှေမောင်းတန်း၌ ပထမဆုကို ကျပ် ၃၅ သိန်း၊ ဒုတိယဆု ကျပ် ၂၅ သိန်းနှင့် ဒုတိယ ငွေ မောင်းတန်း၌ ပထမဆု ကျပ် ၂၅ သိန်း၊ ဒုတိယဆု ကျပ်သိန်း ၂၀ ချီးမြှင့်မည်ဟု ဆိုကာ မက်လုံးပေး ကြေညာထားကြောင်း သိရှိရသည်။







