သျှမ်း-ကရင်နီနယ်စပ်တစ်ကြော၌ စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းအသုံးပြု ဗုံးကြဲတိုက် ခိုက်မှုများကို ခပ်စိပ်စိပ် ပြုလုပ်လာကြောင်း စစ်ရေးသတင်းအရင်းမြစ်များက ပြောသည်။
စက်တင်ဘာလ ၁၄ ရက်နေ့၊ ညနေပိုင်းတွင် နန်းမယ်ခုံမြို့နယ်ရှိ ကျေးရွာတစ်ရွာကို စစ်အုပ်စုတပ်က ဒရုန်း အသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အရပ်သား ထိခိုက်မှု ရှိခဲ့ကြောင်း စစ်မြေပြင်တွင် ရှိနေသည့် သတင်း အရင်းမြစ်တစ်ဦးက ပြောသည်။
“နန်းမယ်ခုံဘက်က ရွာတရွာကို စစ်တပ်က မနေ့ ညနေလောက်မှာ ဒရုန်းတွေသုံးပြီး ရွာထဲကို ဗုံးကြဲတာတွေ လုပ်ခဲ့တာ။ အရပ်သားတစ်ယောက် ထိတယ်” ဟု ပြောသည်။
ထို့ပြင် စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်းတွင်လည်း ဒီးမော့ဆိုမြို့နယ် ဒီးမော့ဆိုနောက် လေးမိုင်ဘက်သို့ စစ်အုပ်စုတပ်က ဒရုန်းနှင့် လေယာဉ်များဖြင့် လာရောက်တိုက်ခိုက်ခဲ့ကြောင်း အခြား စစ်ရေးသတင်းအရင်းမြစ် တစ်ဦးက ပြောသည်။
“လေးမိုင်က ရှေ့တန်း နဲ့တော့ နည်းနည်းလှမ်းတယ်။ အရပ်သားတွေ လည်းရှိတယ်။ စစ်မရှောင်ပဲ အဲ့ရွာတွေမှာ ကျန်နေတဲ့ လူလည်းရှိတယ်။ ဒီမနက်ပိုင်း လေကြောင်းဗုံးကြဲတယ်။ ဒရုန်းနဲ့လည်း လာတယ်။ နေအိမ်တစ်လုံး မီးလောင်သွားတယ်။ ထိခိုက်တာတွေတော့ သေချာအတည်မပြုနိုင်သေးဘူး။”
အဆိုပါ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများသည် အရပ်သားများ နေထိုင်ရာ နေရာများကိုပါ ပစ်မှတ်ထားသည့်ပုံစံ ဖြစ်နေပြီး ယခုရက်ပိုင်းအတွင်း ထိတွေ့တိုက်ပွဲများလည်း ပိုမိုစိပ်လာနေသည်။
စစ်အုပ်စုတပ်သည် သျှမ်း-ကရင်နီပြည်နယ်စပ် မိုးဗြဲဘက်မှ နန်းမယ်ခုံဘက်သို့ စစ်အင်အားဖြည့်တင်း၍ ကရင်နီ တော်လှန်ရေး တပ်ပေါင်းစုများကို ထိုးစစ်ဆင်လျက်ရှိသည်။
စက်တင်ဘာလ ဒုတိယပတ်အတွင်း မိုးဗြဲမှတစ်ဆင့် နန်းမယ်ခုံဘက်သို့ စစ်ကြောင်းထိုးလာသဖြင့် တော်လှန်ရေး တပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ကရင်နီတော်လှန်ရေးတပ်မှ တပ်မှူးတစ်ဦးက ပြောသည်။
“ပြီးခဲ့တဲ့ တစ်ရက်နှစ်ရက်က မိုးဗြဲအနီးမှာ တိုက်ပွဲတွေ ဖြစ်ခဲ့တယ်။ မိုးဗြဲဖက်ကနေ စစ်ကောင်စီတပ်တွေက ထိုးစစ်ဆင်လာတာ။ ပြီးခဲ့တဲ့ရက်က တိုက်ပွဲတွေဖြစ်ပြီးတော့ ခုလက်ရှိမှာ စစ်ရေးတင်းမာနေတယ်ပဲ ပြောရ မယ်” ဟု ၎င်းက ပြောသည်။
စစ်အုပ်စုတပ်သည် ယခု ၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ မိုးဗြဲမြို့အနီးတစ်ဝိုက်၌ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေ ပြီး မိုးဗြဲ-နန်းမယ်ခုံ-ဒီးမော့ဆို လမ်းမကြီးကို ပြန်လည်ထိန်းချုပ်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။
ထို့ပြင် မိုးဗြဲဘက်မှနေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် ဗုံးကြဲခြင်းနှင့် လေကြောင်းမှ ပစ်ခတ် တိုက်ခိုက်ခြင်းများကိုပါ လုပ်ဆောင်နေခြင်း ဖြစ်သည်။
မိုးဗြဲ - နန်းမယ်ခုံ - ဒီးမော့ဆို လမ်းကြောင်းသည် သျှမ်း - ကရင်နီပြည် နယ်စပ်ဒေသအတွင်း သွားလာရေး အတွက် အလွန်အရေးပါသည့် လမ်းကြောင်းတစ်ခုဖြစ်ပြီး အဆိုပါ လမ်းကြောင်းတစ်လျှောက်တွင် စစ်ရေး တင်းမာမှုများ ဆက်လက်ရှိနေသည်။
လွန်ခဲ့သည့် ဩဂုတ် ၂၇ ရက်ကလည်း မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း၊ လွယ်ယင်းတောင်ခြေ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသည့် မည်သည့်လမ်းကိုမျှ ဖြတ်သန်းသွားလာခြင်း မပြုကြရန် မိုးဗြဲပြည်သူ့ ကာ ကွယ်ရေး တပ်မတော် (မိုးဗြဲ PDF) က အရေးပေါ် သတိပေးချက် ထုတ်ပြန်ထားသည်။







