SCEF ၏ ကိုယ်စားပြုမဏ္ဍိုင်တွင် အဖွဲ့ဝင်သစ်များ တိုးလာ

SCEF ၏ ကိုယ်စားပြုမဏ္ဍိုင်တွင် အဖွဲ့ဝင်သစ်များ တိုးလာ
ဓါတ်ပုံ – NUG
ဓါတ်ပုံ – NUG

မဏ္ဍိုင်သုံးခုဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင် ကောင်စီ (SCEF) ၏ ပြည်နယ်/ဖက်ဒရယ်ယူနစ်/ERO ကိုယ်စားပြုမဏ္ဍိုင်တွင် အဖွဲ့ဝင် ၇ ဖွဲ့အထိ ပါဝင်လာ ကြောင်း စက်တင်ဘာလ ၈ ရက်နေ့တွင် အသိပေး ထုတ်ပြန်ထားသည်။

နွေဦးတော်လှန်ရေး အင်အားစုများ အပါအဝင် တိုင်းရင်းသား မဟာမိတ်များနှင့် စုဖွဲ့ထားသည့် SCEF တွင် စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်နှင့် မန္တလေးဒေသတို့ အဖွဲ့ဝင်အဖြစ် ပါဝင်ကြရန် ကောင်စီဝင် စာရင်းကို ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။

စက်တင်ဘာလ ၈ ရက်နေ့က ပြုလုပ်ခဲ့သည့် SCEF အစည်းအဝေးတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ရန် သဘောတူထား ပြီးဖြစ်သည့် အဆိုပါ ၃ ဖွဲ့ကို SCEF ၏ ပြည်နယ်/ဖက်ဒရယ်ယူနစ်/EROs ကိုယ်စားပြုမဏ္ဍိုင်အောက်ရှိ အဖွဲ့ဝင် အသစ်များအဖြစ် အတည်ပြုခဲ့ကြသည်။

ထို့ကြောင့် SCEF ၏ ပြည်နယ်/ ဖက်ဒရယ်ယူနစ်/ EROs ကိုယ်စားပြုမဏ္ဍိုင်တွင် တိုင်းရင်းသား မဟာမိတ်များ ဖြစ်ကြသည့် KIA၊ KNU၊ CNF နှင့် KNPP တို့အပြင် ယခုအခါ စစ်ကိုင်းနှင့် မကွေး ဖက်ဒရယ်ယူနစ်၊ မန္တလေး ဒေသတို့ပါ ထပ်မံ ပါဝင်လာခြင်းဖြစ်သည်။

အဖွဲ့ဝင်များ တိုးလာခြင်းသည် စည်းလုံးမှု အင်အားတစ်ရပ်ဖြစ်သော်လည်း ကျန်ရှိနေသည့် ရှမ်း၊ ရခိုင်နှင့် ချင်း တောင်ဘက်မှ အဖွဲ့များကို ချိတ်ဆက်နိုင်ခြင်း မရှိသေးကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ထောက်ပြ ထားသည်။

“အဖွဲ့ဝင်တွေ တိုးလာတာကတော့ စည်းလုံးမှု အင်အားတစ်ရပ်ပေါ့။ ဒါပေမယ့် အဖွဲ့ဝင်တွေ တိုးလာတာက လည်း နဂိုတုန်းက NUG/MOD အောက်မှာ တွဲပြီးတော့ လုပ်နေတဲ့ အဖွဲ့တွေပဲ။ ဟိုဘက်က KIA KNU KNPP CNA တို့ဆိုတာလည်း နဂိုကတည်းက မိတ်ဖက်မဟာမိတ်ရှိတဲ့ အဖွဲ့တွေပဲ။ အဲဒီတော့ ကျနော်တို့ ပြောရမယ် ဆိုရင် ဒီဘက် ရှမ်းပြည်မှာ ရှိတဲ့အဖွဲ့တွေ ရခိုင်နဲ့ ချင်းတောင်မှာ ရှိတဲ့ အဓိက အဖွဲ့တွေကို သွားပြီးတော့ ချိတ်ဆက်နိုင်ခြင်း မရှိသေးတာကို တွေ့ရတာပေါ့နော်။”

SCEF အနေဖြင့် “မူဝါဒတစ်ရပ်တည်း၊ မဟာဗျူဟာတစ်ရပ်တည်း” ဆိုသည့် မူဝါဒကို ချမှတ်ကျင့်သုံးပြီး စစ်ရေး၊ နိုင်ငံရေးနှင့် အုပ်ချုပ်ရေးကဏ္ဍများကို ဟန်ချက်ညီ ပူးတွဲဖော်ဆောင်ကာ ပိုမိုကျယ်ပြန့်သည့် နိုင်ငံရေး ကိုယ်စား ပြုမှုဖြစ်အောင် မဟာမိတ်အင်အားစုများနှင့် ဆက်လက်ပူးပေါင်းညှိနှိုင်း၍ လက်တွဲဆောင်ရွက်သွားမည်ဟု အသိပေးထားသည်။

ထို့အတွက် ပြီးခဲ့သည့် ဇူလိုင် တတိယပတ်က AA ၊ မွန် နှင့် ပအိုဝ်း စသည့် တိုင်းရင်းသား အင်အားစုများအပြင် နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု (SRA) နှင့် အခြားတော်လှန်ရေး အင်အားစုများကို SCEF က သီးခြား စီ တစ်ဖွဲ့ချင်းဖြစ်စေ၊ အုပ်စုလိုက်ဖြစ်စေ ပထမအကြိမ် တွေ့ဆုံခဲ့ကြသည်။

ထို့နောက် ဩဂုတ်လအတွင်း ဗမာလူမျိုးစုအခြေပြု တော်လှန်ရေးအဖွဲ့အစည်းများနှင့် SCEF တို့ ထပ်မံ တွေ့ဆုံ ခဲ့ကြပြီး စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်နှင့် မန္တလေးဒေသတို့ SCEF အဖွဲ့ဝင်အဖြစ် ပါဝင်ရန် သဘောတူညီချက်များ ရရှိခဲ့ကြခြင်းဖြစ်သည်။

လက်ရှိ ပြည်နယ်/ဖက်ဒရယ်ယူနစ်/EROs ကိုယ်စားပြုမဏ္ဍိုင်တွင် အဖွဲ့ဝင် ၇ ဖွဲ့၊ ပြည်သူ့ကိုယ်စားပြုမဏ္ဍိုင်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) တို့ ရှိနေ သော်လည်း အမျိုးသမီး ကိုယ်စားပြု/ကိုယ်စားလှယ်များ မဏ္ဍိုင်တွင်မူ ကိုယ်စားပြုမှု မရှိသေးပေ။

အဆိုပါ မဏ္ဍိုင်သုံးရပ်ကို အခြေခံ၍ စစ်ရေး၊ နိုင်ငံရေး၊ ဖက်ဒရယ်ရေးနှင့် အင်စတီကျူးရှင်းဆိုင်ရာ ကိစ္စရပ်များ ကို ညှိနှိုင်းဦးဆောင်ကာ လမ်းညွှန် အကောင်အထည်ဖော်နိုင်ရန် SCEF ကို ၂၀၂၆ ခုနှစ်၊ မတ်လ ၃၀ ရက်တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

စစ်ရေးစုဖွဲ့မှုနှင့် ပတ်သက်၍ SCEF အနေဖြင့် စစ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်ရန် စစ်မဟာဗျူဟာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်းထားပြီး ယင်းကော်မတီကို SCEF ၏ မဟာဗျူဟာနှင့် မူဝါဒရေးရာ ဦးဆောင်အဖွဲ့က တိုက်ရိုက် ကွပ်ကဲခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်အတွင်း ကျင်းပခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်မှူးကြီးများ အစည်းအဝေးတွင် SCEF ၏ စစ်မဟာဗျူဟာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ၌ မဟာဗျူဟာကျကျ ပါဝင် လုပ်ဆောင်နိုင်ရေးအတွက် ရှေ့လုပ်ငန်းစဉ်အဖြစ် ချမှတ်ခဲ့သည်။

စစ်ဒေသအသီးသီးတွင် သက်ဆိုင်ရာ မဟာမိတ် တိုင်းရင်းသား တော်လှန်ရေး အင်အားစုများအားလုံးနှင့် လက် တွဲ၍ “ပြည်သူ့ခုခံတွန်းလှန်စစ်” မှ “မဟာဗျူဟာထိုးစစ်” သို့ တက်လှမ်းနိုင်ရေး ဦးတည်ပြင်ဆင် ဆောင်ရွက်သွား ကြရန် လုပ်ငန်းစဉ်များလည်း ချမှတ်ခဲ့ကြသည်။

သို့သော် လောလောဆယ်တွင် SCEF အနေဖြင့် တပ်ပေါင်းစုအသွင် ဟန်ချက်ညီသည့် စစ်ဆင်ရေးများ ဖော် ဆောင်နိုင်ခြင်း မရှိသေးဘဲ စစ်ရေး၊ နိုင်ငံရေးနှင့် အုပ်ချုပ်ရေး ကဏ္ဍများ၌ ပြန့်ကျဲနေသည့် အင်အားစုများကို တစ်စုတစ်စည်းတည်း ဖြစ်လာစေရန် တွေ့ဆုံဆွေးနွေးမှုများဖြင့် ညှိနှိုင်းနေဆဲဖြစ်သည်။

September 9, 2026
ပြည်သူ့စစ်မှုထမ်း အပတ်စဉ်သင်တန်းအတွက် လိုအပ်သည့် တပ်သားများ ရရှိရေး ပေါ်တာဆွဲမှုများ မြင့်တက်...
ဒေသတွင်း သယ်ယူပို့ဆောင်နေသည့် ကုန်တင်မော်တော်ယာဉ်အချို့ / Social Media
September 8, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်တွင် ထိုင်းကုန်ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ် အစီး ၆၀...
ဓာတ်ပုံ - MOI
September 7, 2026
တပ်ရင်းတပ်ဖွဲ့များကို ဦးဆောင်ရသည့် စစ်အရာရှိများအနေဖြင့် ကိုယ်ကျင့်တရား ဖောက်ဖျက်မှုများ...
ဓာတ်ပုံ - Social Media
September 5, 2026
နှစ်ဖက်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့် ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်၊ မြဝတီမြို့နယ်၊...